![]()
NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ ဗဟိုဦးဆောင်ကော်မတီဝင် နှစ်ဦးအား တပ်ပိုင်ဘဏ္ဍာပစ္စည်းများ တရားမဝင် ထုတ်ယူမှုဖြင့် တာဝန်မှ ရပ်ဆိုင်း ထိန်းသိမ်းထားကြောင်း နိုဝင်ဘာ ၂၁ ရက်တွင် ထုတ်ပြန်သည်။
အရေးယူခံရသူများမှာ MDY-PDF ၏ ဗဟိုဦးဆောင်ကော်မတီဝင်များဖြစ်သည့် ကိုမုန်တိုင်း (စစ်ရေးဌာနကြီးမှူး) နှင့် ကိုနိုင်ကြီး (ဘဏ္ဍာရှာဖွေရေးဌာနကြီးမှူး) တို့ဖြစ်သည်ဟု ဖော်ပြထားသည်။
၎င်းတို့နှစ်ဦးသည် ကာလတန်ဖိုးကြီးမားသော တပ်ပိုင်ဘဏ္ဍာပစ္စည်းအချို့ကို တပ်၏ စည်းမျဉ်းစည်းကမ်းနှင့် လုပ်ထုံးလုပ်နည်းများကို ချိုးဖောက်ကာ တရားမဝင် ထုတ်ယူသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဩဂုတ်လ ၂၀၂၅ ခုနှစ်တွင် ကျင်းပခဲ့သော ဗဟိုဦးဆောင်ကော်မတီအစည်းအဝေးတွင် ၎င်းတို့နှစ်ဦးသည် ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ကာ ပစ္စည်းများပြန်လည်အပ်နှံကာ တပ်မှပေးအပ်သည့် ပြစ်ဒဏ်ကို ခံယူမည်ဟု ဆုံးဖြတ်ခဲ့ကြသည်ဟု ဆိုသည်။
စက်တင်ဘာလ တပ်မှူးများ (၆) လပတ်စုံညီအစည်းအဝေးတွင်လည်း ဤဆုံးဖြတ်ချက်ကို ထပ်မံအတည်ပြုပြီးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ၎င်းတို့နှစ်ဦးသည် အဆိုပါဘဏ္ဍာပစ္စည်းများကို ပြန်လည်အပ်နှံခြင်းမရှိသည့်အပြင် မည်သို့သော ဖြေရှင်းမှုမျိုးကိုမျှလည်း အသိပေးပြောဆိုခြင်း မရှိသောကြောင့် နိုဝင်ဘာလ ၁၅ ရက်မှစတင်၍ တာဝန်ရပ်ဆိုင်းခြင် နှင့် လက်နက်ဖြုတ်သိမ်းထားရှိခြင်းများလုပ်ကာ ကနဦးပြစ်ဒဏ်ပေးခဲ့သည်ဟုဆိုသည်။
တပ်ထိပ်ပိုင်းခေါင်းဆောင်များနှင့် သက်ဆိုင်နေသည့်ဖြစ်စဉ်ဖြစ်သဖြင့် သာမန်တပ်တွင်း စီရင်ဆုံးဖြတ်မှုဖြင့် မသင့်တော်သောကြောင့် အမှုတွဲဖြစ်စဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ် (အထက်ရုံး) သို့ တင်ပြထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#တပ်ပိုင်ဘဏ္ဍာပစ္စည်းများ #တရားမဝင်ထုတ်ယူမှု #MDYPDF #တာဝန်ရပ်ဆိုင်း #ThanLwinKhetNews
