![]()
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ မင်းလက်ပံကျေးရွာကမ်းနဖူးရှိ ကျားဖြန့်လုပ်ငန်း (ဒေသအခေါ် – တရုတ်ဆိုက်)အတွင်း လုပ်ကိုင်သူများ နေရာရွှေ့နေသည်ဟု သိရသည်။
တရုတ်ဆိုက်အတွင်း လုပ်ကိုင်နေသည့် လုပ်သားများသည် ဖလူးမြို့သစ်အကျော် ဆောက်လုပ်လက်စ အဆောက်အဦးအတွင်းသို့ ရွှေ့ပြောင်းသူများရှိသလို နေရပ်သို့ ပြန်လည်နေသူများလည်းရှိသည်ဟု အဆိုပါဆိုက်အတွင်း လုပ်ကိုင်နေသူနှင့် နီးစပ်သူကဆိုသည်။
၎င်းက “ပြောင်းကြမှာပေါ့။ အဲဒီမှာ လက်နက်ကြီးခဏခဏကျတာ။ ပြောင်းတဲ့ အထဲမှာ တရုတ်တွေလည်း ပါတယ်။ တချို့က လမ်းလျှောက်ပြောင်းကြတယ်။ တချို့က ကားနဲ့၊ တချို့က ဆိုင်ကယ်နဲ့။ တချို့က နေရပ်ပြန်ကြတယ်” ဟု ဆိုသည်။
နိုဝင်ဘာ ၁၈ ရက် ညက ကရင်နယ်ခြားစောင့်တပ် – BGF မှ ရွှေကုက္ကိုလ်ရှိ ကျားဖြန့်များကို ရှင်းလင်းခဲ့ကာ တရုတ်သဌေးတချို့သည် ဖလူးရွာအကျော်ရှိ ဆောက်လက်စ တရုတ်ဆိုက်သို့ ရွှေ့ပြောင်းလာကြသည်ဟုလည်း မျက်မြင်ဒေသခံများကဆိုသည်။

မျက်မြင်အမျိုးသမီးတစ်ဦးက “အခု ဖလူးကြီးအကျော် ကျွန်းတောမှာပေါ့။ အဲဒီမှာ တရုတ်ဆိုက်အသစ် ဆောက်နေတယ်။ အဲဒီထဲကို အခုမင်းလက်ပံကတရုတ်ဆိုက်ကော၊ ဖလူးမှာလည်း တရုတ်ဆိုက်ရှိသေးတယ်။ အဲဒီမှာလည်း လက်နက်ကြီး ခဏခဏကျလို့ တရုတ်ဆိုက်မှာ လုပ်တဲ့သူတွေက အခုဆောက်တဲ့ အသစ်ထဲကို ပြောင်းကြတယ်။ ရွှေကုက္ကိုလ်က လာတာကတော့ တရုတ်ကားတွေနဲ့ပဲ တစ်ခါလာရင် လေး၊ ငါးစီးပဲ။ မနေ့ညတင် လေးခေါက်၊ ငါးခေါက်လာတယ်” ဟု ဆိုသည်။
မင်းလက်ပံရွာကမ်းနဖူးရှိ အဆိုပါ တရုတ်ဆိုက်သည် ယခုနှစ် မတ်လမှ စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
ပုံစာ – ဆောက်လက်စ အဆောက်အဦးသို့ ခြေဦးတည်နေသည့် မင်းလက်ပံတရုတ်ဆိုက်အတွင်း လုပ်ကိုင်သူများ။ ဓာတ်ပုံ – ပန်ပန်
#မင်းလက်ပံ #တရုတ်ဆိုဒ် #လုပ်ကိုင်သူ #နေရာရွှေ့ #ThanLwinKhetNews
