![]()
စစ်ကော်မရှင်သည် ‘ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ’ ကို ပြည်သူအပေါ် လက်နက်သဖွယ် အသုံးပြုနေပြီး လွတ်လပ်စွာပြောဆိုခွင့်ကို တိုက်ရိုက်ခြိမ်းခြောက်နေသည်ဟု မြန်မာအင်တာနက်ပရောဂျက် (Myanmar Internet Project) က ထုတ်ပြန်သည်။
ထိုဥပဒေဖြင့် ဇူလိုင် ၂၉ ရက်မှ အောက်တိုဘာ ၂၉ ရက်အထိ ၃ လတာကာလအတွင်း ပြည်သူ ၈၈ ဦးကို အရေးယူခဲ့ကြောင်း စစ်ကော်မရှင်ဘက်ကထုတ်ပြန်ထားပြီး ယင်းတို့အနက် ၃၂ ဦးကို မြန်မာအင်တာနက်ပရောဂျက်က အမည်၊ ဒေသနှင့်တကွ မှတ်တမ်းတင်ထားသည်။
မှတ်တမ်းတင်ထားသူများအနက် ၃၃.၄ ရာခိုင်နှုန်းသည် လူမှုကွန်ရက်ပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်း၊ အခြားထုတ်ဖော်ပြောဆိုထားသည့် ပို့စ်များကို နှစ်သက်ကြောင်းဖော်ပြမိခြင်း (Reaction) တို့ကြောင့် ဖမ်းဆီးအရေးယူခံရသည်ဟု MIP က ဖော်ပြသည်။
“ဒီဥပဒေက ရွေးကောက်ပွဲကို အထောက်ကူပြုတာ မဟုတ်ပါဘူး။ သူတို့ လုပ်ချင်တာကို လုပ်နိုင်ဖို့အတွက်ကို အတင်းအဓမ္မနဲ့ ခြိမ်းခြောက်ပြီးတော့ သူတို့ ဖြစ်ချင်တဲ့ သူတို့ ရချင်တဲ့ အဖြေရဖို့အတွက် မဲဆန္ဒရှင်တွေကို အတင်းလုပ်ခိုင်းဖို့ ပြင်ဆင်လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်လို့ပဲ ပြောရမှာပေါ့’’ ဟု မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ အထွေထွေ အတွင်းရေးမှုး ဦးမြင့်သိဏ်းက မှတ်ချက်ပေးသည်။
MIP ၏ မှတ်တမ်းတင်မှုအရ အရေးယူခံရမှု အများဆုံးထဲတွင် ရန်ကုန်တိုင်းဒေသကြီးမှ ၁၄ ဦးနှင့် ကရင်နီပြည်နယ်မှ ငါးဦးတို့ ဖြစ်ကြောင်းသိရသည်။
မှတ်တမ်းတင်ရန် ကျန်ရှိသူများမှာ အချက်အလက်မရရှိခြင်း၊ အတည်ပြုရန် ခက်ခဲခြင်းတို့ကြောင့်ဖြစ်သည်ဟု မြန်အင်တာနက်ပရောဂျက်က တာဝန်ရှိသူ ကိုသစ်ဉာဏ်က ဆိုသည်။
“စစ်ကော်မရှင်က အချက်အလက် ထိမ်ချန်တယ်ဆိုတာထက် သူတို့ ထုတ်ချင်သလောက် သတင်းထုတ်တယ်။ ဒီဥပဒေနဲ့ အရေးယူထားသူ ဒီ၍ ဒီမျှရှိနေပြီ။ သူတို့ ထုတ်ထားတဲ့ ဥပဒေကို ဖောက်ရင် အခုလို ဖမ်းဆီးခံရမယ်လို့ ခြိမ်းခြောက်ချင်တာက ပိုပါတယ်” ဟု ၎င်းက သုံးသပ်သည်။
စစ်ကော်မရှင်က ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားသည့် အဖွဲ့အစည်းများတွင် အာရက္ခတပ်တော် AA ၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် Chinland အစိုးရအဖွဲ့တို့ ပါဝင်ပြီး ခေတ်သစ်နှင့် AAMJ သတင်းဌာန၊ Hlaing Info သတင်းဖြန့်ဝေရေးစာမျက်နှာများလည်း ပါဝင်သည်။
အမှုဖွင့်ထားသည့်ဖြစ်စဉ် ၁၅ ခုတွင် လူဦးရေ ၆၆ ဦးပါဝင်သည် ဟု MIP ၏ အချက်လက်များအရ သိရသည်။
ထို့အပြင် စစ်ကော်မရှင်လက်အောက်ခံ ပြည်သူ့ပါတီ၏ သင်္ဃန်းကျွန်းမြို့ ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးလွင်မြင့်မှာ မဲဆွယ်စည်းရုံးမှုအတွင်း အသုံးပြုခဲ့သော “အရေးတော်ပုံ” နှင့် “တော်လှန်ရေး” ဆိုသော စကားလုံးများကြောင့် စစ်ဆေးအရေးယူခံရမည့် အခြေအနေရှိနေသည်။
#ရွေးကာလက်နက် #လွတ်လပ်စွာပြောဆိုခွင့် #စစ်အုပ်စု #တိုက်ရိုက်ခြိမ်းခြောက် #ThanLwinKhetNews
