![]()

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်တွင် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများ၌ အသုံးပြုခဲ့သည့် လက်ကိုင်ဖုန်းအလုံးရေ နှစ်သောင်းကျော်နှင့် ကွန်ပျူတာအလုံးရေ သုံးထောင်ခန့်ကို ကရင်နယ်ခြားစောင့်တပ် (BGF) နှင့် စစ်ကော်မရှင်တာဝန်ရှိသူများ ပူးပေါင်းကာ နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ဖျက်ဆီးခဲ့သည်ဟု သိရသည်။
အဆိုပါ ဖမ်းဆီးရမိထားသော ဆက်သွယ်ရေးပစ္စည်းများသည် တရားမဝင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် အသုံးပြုထားသည့် သက်သေခံပစ္စည်းများဖြစ်သောကြောင့် နိုင်ငံတော်တည်ဆဲဥပဒေများနှင့် ကိုက်ညီမှုမရှိသည့်အတွက် ရွှေကုက္ကိုလ် နှစ်သစ်ကူးကွင်းပြင်၌ ကားများဖြင့် ကြိတ်ခွဲ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
မြန်မာ-ထိုင်းနယ်စပ်တစ်လျှောက်တွင် ကျားဖြန့်လုပ်ငန်းများ လုံးဝပျောက်ကွယ်သွားသည်အထိ ရှာဖွေဖမ်းဆီးမှုများနှင့် ဖျက်ဆီးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းတို့က ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

ရွှေကုက္ကိုလ်ဒေသသည် တရုတ်ရင်းနှီးမြှုပ်နှံမှု “Yatai New City” စီမံကိန်း တည်ရှိရာနေရာဖြစ်ပြီး လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း အွန်လိုင်းလောင်းကစားနှင့် ကျားဖြန့်ငွေလိမ်ဂိုဏ်းများ အခြေစိုက်ရာ ဗဟိုချက်မတစ်ခုအဖြစ် နိုင်ငံတကာ၏ စောင့်ကြည့်ခြင်းကို ခံနေရသည့် ဒေသဖြစ်သည်။
ယခုရက်ပိုင်းအတွင်း အမေရိကန်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့မှ နယ်စပ်ဖြတ်ကျော် မှုခင်းများကို တိုက်ဖျက်ရန် ဖိအားပေးမှုများ မြင့်တက်လာပြီးနောက် ကရင်နယ်ခြားစောင့်တပ် (BGF) က စစ်တပ်နှင့် ပူးပေါင်းကာ နယ်မြေရှင်းလင်းရေးများကို ပြုလုပ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်မှစကာ အဆိုပါဒေသရှိ ကျားဖြန့်စခန်းများကို ဝင်ရောက်စီးနင်းမှုများ ပြုလုပ်ခဲ့ရာ နိုင်ငံခြားသားများ ထွက်ပြေးတိမ်းရှောင်နေခြင်းနှင့် ဖမ်းဆီးခံရကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ယခုကဲ့သို့ ပစ္စည်းများ ဖျက်ဆီးပြသခဲ့ခြင်း ဖြစ်သည်။

#ကျားဖြန့် #BGF #ဖျက်ဆီး #ThanLwinKhetNews
