အေကေ
သြဂုတ် ၂၆၊ ၂၀၂၄။
၁၀ ပေပတ်လည် အခန်းကျဉ်းလေးရဲ့ဒေါင့်တစ်နေရာက သံကုတင်ပေါ်မှာထိုင်နေတဲ့ လူငယ်တစ်ဦးဟာ သူ့ခါးအရင်းကနေ တစ်ထွာသာသာရှိတဲ့ ဘယ်ဘက်ခြေထောက်ကို ပွတ်သပ်ကာ မျက်နှာချင်းဆိုင်က ပြတင်းပေါက်ကို ငေးမောကြည့်နေပါတယ်။
“ရုတ်တရက် ချော်လဲတဲ့အချိန်ကျရင်တောင်မှ သတိက မကပ်နိုင်သေးဘူး။ ခြေထောက်ရှိတယ်ဆိုပြီး လှမ်းလှမ်း ထောက်တယ်” လို့ ပါးစပ်ဖျားကနေ ခပ်တိုးတိုးလေး ပြောပြလာပါတယ်။
အသက် ၁၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သူက ပဲခူးတိုင်းဇာတိကဖြစ်ပြီး သူ့ကိုယ်သူ ‘သမိုင်း’ လို့ နာမည်ပေးထားပါတယ်။
သူက ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)၊ အမှတ် ၃၁ ဗျူဟာလက် အောက်ခံတောင်ပိုင်းတိုင်း လင်းယုန်တပ်ဖွဲ့မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကုန်ပိုင်းကစပြီး တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ရဲဘော် ဟောင်းတစ်ဦးပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ကာ ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲအလီလီကို သူက ဆင်နွှဲလာခဲ့တာပါ။
ပြီးခဲတဲ့ ဧပြီလဆန်းတုန်းက ကရင်ပြည်နယ်၊ မြဝတီမြို့ကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာ “အောင်ဇေယျ” အမည်နဲ့ နိုင်ငံတော်အဆင့်ထိုးစစ်ဆင်လာခဲ့ပါတယ်။ ဒီစစ်ကြောင်းကို ဟန့်တားရင်း ရဲဘော်သမိုင်းဟာတိုက်ပွဲမှာ လက်နက်ကြီး ထိမှန်ခဲ့ပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတာပါ။
လက်နက်ကိုင်ရင်း ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့တာကြောင့် သူ့ခြေတစ်ဖက်ကို ပြန်လိုချင်ပေမယ့် တော်လှန်ရေးလုပ်ခဲ့တဲ့အပေါ် နောင်တမရဘူးလို့ သူက ဆိုပါတယ်။
ရဲဘော်သမိုင်းက လက်နက်ကိုင်လမ်းစဉ်ကို ဘာကြောင့်ရွေးချယ်ခဲ့တာလဲ၊ သူ့ခြေတစ်ဖက်ကို ဘယ်လိုရှုံးဆုံးခဲ့ရတာလဲ၊ ရဲဘော်ဟောင်းတစ်ယောက်အနေနဲ့ သူ့အနာဂတ်ကို ဘယ်လိုစဉ်းစားထားလဲစတာတွေကို စိတ်ဝင်စားတဲ့အတွက် သူ့အကြောင်းကို မေးမြန်းဖြစ်ခဲ့ပါတယ်။
လက်နက်ကိုင်ဖို့ မွေးနေ့ကို စောင့်ဆိုင်းခဲ့ရ
*****************
ကိုသမိုင်းက ကရင်ပြည်နယ်ဇာတိတော့မဟုတ်ပါဘူး။ သူက ပဲခူးတိုင်းက ဗမာလူမျိုးတစ်ယောက်ပါ။ ၂၀၂၁ ခုနှစ် မှာ စစ်တပ်က အာဏာသိမ်းတော့ သူဟာ ၁၆ နှစ်ကျော်အရွယ် ဆယ်တန်းကျောင်းသားအရွယ်သာရှိပါသေးတယ်။ အမေ မရှိတော့တဲ့ သူဟာ မောင်နှမ ၆ ယောက်ရှိတဲ့ထဲ အငယ်ဆုံးသားဖြစ်ပါတယ်။
အာဏာသိမ်းမှုနဲ့ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ခဲ့တဲ့ နိုင်ငံတဝှမ်းက ကျောင်းဆရာ၊ ဆရာမတွေ၊ ကျောင်းသူ၊ ကျောင်း သားတွေလိုပဲ သူလည်း ငြိမ်းချမ်းစွာဆန္ဒပြရင်း စစ်အာဏာဖိဆန်မှုမှာ ပါဝင်ခဲ့ပါတယ်။
အာဏာသိမ်းပြီးနောက် စစ်ကျွန်ပညာရေးအောက်မှာ ဆက်လက်ပညာသင်ကြားမသင်ယူတော့ဘဲ ကျောင်းနားခဲ့ပါတယ်။ အဲ့ဒီနောက် ဟိုတယ်တစ်ခုမှာ အလုပ်ဝင်လုပ်ရင်း လူထုသပိတ်လှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်ခဲ့ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်ကောင်စီက အကြမ်းဖက်ဖြိုခွဲလာချိန်မှာတော့ ရဲဘော်သမိုင်းဟာ လက်နက်ကိုင်လမ်းစဉ်ကို ကူးပြောင်းဆုံးဖြတ်ခဲ့ပါတော့တယ်။
“ကျွန်တော်တို့ရှေ့မှာလည်း ကျွန်တော်တို့ညီအစ်ကိုတွေ အများကြီးပေးဆပ်ခဲ့ပြီ။ အဓိက သူတို့စနစ်ကို မကြိုက်လို့ပါပဲ။ အာဏာရှင်စနစ်ဆိုတာကြီးကို မကြိုက်လို့၊ အဲ့တစ်ခုတည်းပါပဲ” ဟု ရဲဘော်သမိုင်းက သူရဲ့ယုံကြည်ချက်ကို ပြန်ပြောပြ ပါတယ်။
အဲဒီတုန်းက သူဟာ အသက် ၁၇ နှစ်ဝန်းကျင်သာရှိနေသေးတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်တော်ထဲကို ဝင်လို့မရသေးပါဘူး။ ဒါကြောင့် အသက် ၁၈ နှစ်ပြည့်မဲ့နေ့ကိုစောင့်နေရင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဆက်လက်ပါဝင်ခဲ့ပါတယ်။
အဲ့ဒီနောက် အသက် ၁၈ နှစ်ပြည့် မွေးနေ့ဖြစ်တဲ့ ၂၀၂၃ ခုနှစ် ၅ လပိုင်းမှာတော့ လက်နက်ကိုင်တော်လှန်ရေးခရီးကြမ်းကို လျှောက်လှမ်းဖို့ စတင်ပါတော့တယ်။
“ကျွန်တော် အသက် ၁၈ နှစ် ပြည့်ပြည့်ပြီးချင်းပဲ၊ ဒီနေ့လိုပြည့်ရင် မနက်ဖြန်လိုတန်းထွက်တယ်” ဟု သူကပြောပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်မဲ့ သူရဲ့ဆန္ဒကို ဖခင်ဖြစ်သူက တားမြစ်ခဲ့ပါတယ်။ ဒီတားမြစ်တဲ့ထဲကြားက မိသားစုဝင်တွေ မသိအောင် ကရင်ပြည်နယ် KNU တပ်မဟာ ၆ ရှိရာကို အသိတွေနဲ့ ချိတ်ဆက်ပြီး ရောက်လာခဲ့ပါတော့တယ်။
လက်နက်ကိုင်ခရီးကြမ်း စတင်
**********
ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ ၆ နယ်မြေကိုရောက်တော့ အခြေခံစစ်ပညာသင်တန်းတက်ရောက်ခဲ့ပါတယ်။
စစ်သင်တန်းတက်နေတဲ့အကြောင်း မောင်နှမတွေကိုအသိပေးချိန်မှာ ဖခင်ဖြစ်သူသိရှိသွားပြီး ကိုသမိုင်းကို အိမ်ပြန်လာဖို့ အကြိမ်ကြိမ်ခေါ်ခဲ့တာပါ။
“အဖေက ဘယ်လိုတောင်ပြန်ခေါ်လဲဆိုရင် ပြန်လာခဲ့ မိန်းမပေးစားမယ်ဆိုတဲ့အထိတောင် ပြောပါတယ်” လို့ ရဲဘော်သမိုင်းက သူ့အကြောင်းကို ရယ်ပြီးပြောပါတယ်။
ဒါပေမယ့်လည်း စစ်အာဏရှင်စနစ်ကို တော်လှန်လိုတဲ့ စိတ်တွေကြောင့် မိသားစုရဲ့အသံကို နားမဝင်ဖြစ်ခဲ့ဘူးလို့ သူက ဆိုပါတယ်။
အဲ့ဒီနောက် အခြေခံစစ်ပညာကို သုံးလကြာသင်ကြားခဲ့ပြီးနောက် ရဲဘော်သမိုင်းဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
တာဝန်ထမ်းဆောင်ချိန်အတွင်းမှာ တိုက်ပွဲငယ်တွေအကြိမ်ကြိမ် ကြုံတွေ့ခဲ့တဲ့အပြင် တိုက်ပွဲကြီးကိုလည်း နှစ်ကြိမ်ပါဝင်ခဲ့ဖူးတယ်လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ ၂၀၂၄ နှစ်စပိုင်းကစလို့ ကရင်ပြည်နယ် ကော့ကရိတ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ဧပြီလ ၅ ရက်နေ့မှာ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းကို တော်လှန်ရေးအဖွဲ့တွေက ထိန်းချုပ်ထားခဲ့တာလည်းဖြစ်ပါတယ်။
အခုနှစ်ဆန်းပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ထိုးစစ်ဆင်မှုတွေကြောင့် စစ်ကောင်စီဟာ ကော့ကရိတ်မြို့သာမက မြဝတီမြို့ကိုပါ လက်လွှတ်ခဲ့ရတဲ့ အခြေအနေနဲ့ပါ ရင်ဆိုင်ခဲ့ရတာပါ။
အဲ့ဒီလိုမြဝတီမြို့ကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီဟာမြို့ကို ပြန်လည်ရရှိရေးအတွက် ဒုတိယကာကွယ် ရေးဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်တဲ့ “အောင်ဇေယျ” အမည် နိုင်ငံတော်အဆင့်စစ်ဆင်ရေးတစ်ရပ်ကို ဖော်ဆောင်ခဲ့ပါတယ်။
အခုနှစ် ဧပြီ ၁၀ ရက်ကစလို့ ကော့ကရိတ်မြို့နယ်ထဲကို ဝင်ရောက်လာတဲ့ အောင်ဇေယျစစ်ကြောင်း မြဝတီမြို့ကို မရောက်ရှိရေး တော်လှန်ရေးတပ်တွေဟာ ထောင်နဲ့ချီတဲ့ စစ်ကောင်စီစစ်ကြောင်းကို လက်နက်ကြီးပစ်ကူ၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်တာတို့အပြင် အဆိပ်ငွေ့တိုက်ခိုက်တာတွေကြားက ဟန့်တားခဲ့ပါတယ်။
အဲ့ဒီလို ဟန့်တားခဲ့သူတွေလည်း ရဲဘော်သမိုင်းလည်း ပါဝင်ခဲ့ပါတယ်။ တော်လှန်ရေးရဲဘော်တွေအနေနဲ့ လူအင်အား လက်နက်အင်အား မမျှတတဲ့ကြားက ဟန့်တားခဲ့ရတာကြောင့် ထိခိုက်ဆုံးရှုံးတာတွေလည်း များခဲ့ရပါတယ်။
အဲဒီအချိန်တုန်းက မြဝတီကို ပြန်သိမ်းဖို့လာတဲ့ အောင်ဇေယျစစ်ကြောင်းကို ဟန့်တားဖို့ အာရှလမ်းမပေါ်မှာ ရဲဘော် သမိုင်းအပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေက ဖြတ်ပိတ်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ကော့ကရိတ်မြို့ထဲကို စစ်ကောင်စီက စစ်ကြောင်း ထပ်မံထိုးလာတဲ့အတွက် ဟန့်တားရာနေရာကနေ ရဲဘော်သမိုင်းတို့ဟာ ကော့ကရိတ်မြို့ကို တပ်ရွေ့ခဲ့ရပါ တယ်။
အဲဒီနောက် ဧပြီ ၁၉ ရက်ကနေစပြီး မြို့ထဲမှာ စစ်ကောင်စီနဲ့ ၃ ရက်ဆက် တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။
“အဆိပ်ငွေ့ဗုံးမိတယ်။ အဲ့ချိန် ကျွန်တော်နဲ့ ရဲဘော်တစ်ယောက် ရေသောက်နေတဲ့အချိန်မှာ လက်နက်ကြီးထွက်တာ လည်းကြားရတယ်။ ဘန်ကာဘေးထဲ ပြေးဝင်လိုက်ပေမယ့် နှစ်ဆင့်ကွဲဆိုတော့ အပေါ်မှာတင်ကွဲတော့ နှစ်ယောက်လုံး ထိသွားတာ” ဟု ရဲဘော်သမိုင်းက ပြောပါတယ်။
တိုက်ပွဲတတိယမြောက်နေ့ ဧပြီ ၂၁ ရက်မှာပဲ လက်နက်ကြီးထိမှန်ခဲ့တာကြောင့် ရဲဘော်သမိုင်းရဲ့ဘယ်ခြေထောက် အသားစတွေပြတ်ထွက်သွားပြီး အရိုးတွေ ကြေမွခဲ့သွားပါတယ်။
“ပူကနဲဖြစ်သွားတာ၊ ငုံ့ကြည့်လိုက်တော့ အသားစတွေနဲ့ ပြတ်သွားတဲ့ ခြေကိုပဲမြင်ရတာ” လို့ ရဲဘော်သမိုငးက အဲဒီတုန်း က အဖြစ်အပျက်ကို ပြောပြပါတယ်။
သူတို့ ထိခိုက်ဒဏ်ရာရချိန်မှာ စစ်ရေးအရလည်း အရေးနိမ့်နေတာကြောင့် ပြန်လည်ဆုတ်ခွာနေချိန်ဖြစ်သလို စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဆက်တိုက်ဆိုသလို တိုက်ခိုက်နေချိန်လည်းဖြစ်ပါတယ်။
ဒီလို အန္တရာယ်များလွန်းလှတဲ့ အချိန်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ သူတို့အသက်ကို ပဓာနမထားဘဲ ထိခိုက်ထားတဲ့ ရဲဘော်သမိုင်းကို တိုက်ပွဲကြားကနေ မရရအောင် ကယ်ထုတ်ခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။
“တိုက်ပွဲအရ ကျွန်တော်တို့ အသက်လုပြီး ပြန်ဆုတ်နေရတဲ့အချိန်မှာ ကျွန်တော်တို့ထိတဲ့အတွက် သူတို့အများကြီး အလုပ်ပိုရှုပ်တယ်။ လက်နက်ကြီး ဒရုန်းတွေ ပစ်နေတဲ့ကြားထဲက မရရအောင် ဆွဲထုတ်တယ်။ သူတို့ကျန်နေခဲ့ရင်တော့ ကျွန်တော်တို့ကို အရထုတ်တယ် “ လို့ ရဲဘော်သမိုင်းက အဲဒီအချိန်က အဖြစ်အပျက်ကို ပြန်ပြောင်းပြောပါတယ်။
ဒဏ်ရာရ ရဲဘော်နှစ်ဦးကို ရှေ့တန်းစခန်းက ဆေးခန်းမှာ သွေးတိတ်အောင် အရေးပေါ်ကုသတာတွေ လုပ်ခဲ့ပြီးနောက်မှာ ပိုကောင်းမွန်တဲ့ ကုသမှုတွေဆက်ပေးဖို့ ထိုင်း-မြန်မာနယ်စပ်က ဆေးရုံတစ်ခုကို ဆက်လက်ပို့ဆောင်လိုက်ကြပါတယ်။
ရဲဘော်သမိုင်းတို့ အရေးပေါ်ကုသမှုတွေ လုပ်ဆောင်ခဲ့တဲ့ ရှေ့တန်းစခန်း ကုသဆောင်လေးဟာလည်း အဲ့ဒီနေ့မှာပဲ စစ်ကောင်စီလက်ထဲကို ကျရောက်ခဲ့ပြီး ဖျက်ဆီးခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။
ခြေတုတပ်ဖို့ စောင့်ဆိုင်းနေရ
***********
ခွဲစိတ်ကုသမှုခံယူပြီးနောက် လက်ရှိမှာတော့ ရဲဘော်သမိုင်းဟာ ထိုင်း- မြန်မာ နယ်စပ်တစ်နေရာက ကျန်းမာရေးစောင့်ရှောက်မှုစင်တာတစ်ခုမှာ အနားယူရင်း စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ကုသမှုခံယူနေပါတယ်။
ခြေထောက်ဖြတ်ပြီး ၃-၄ လအတွင်း နာကျင်မှုက အပြင်းထန်ဆုံးခံစားရင်း “နာကျင်ကိုက်ခဲတဲ့ချိန်မှာ သတိက မကပ်နိုင်သေးဘူး” လို့ ရဲဘော်သမိုင်းက ဆိုပါတယ်။
တစ်ခါတစ်ရံ ဂျိုင်းထောက်အကူနဲ့ လမ်းလျှောက်သွားရင်း လဲကျမလိုဖြစ်တဲ့အခါ ဟန်ချက်ညီအောင် ထိန်းရင်း ဘယ်ခြေထောက်ရှိသေးတယ်ဆိုတဲ့ အသိနဲ့ ခြေလှမ်းမိခဲ့လို့ လဲကျခဲ့တာလည်း အကြိမ်ကြိမ်ပဲလို့ သူက ပြောပါတယ်။
“ခြေထောက်မရှိတော့ဘူးဆိုတဲ့ အသိ၊ သတိမကပ်သေးတုန်းက ခဏခဏ လဲတယ်” လို့ သူက ဆိုတယ်။
ငါးလကျော်ကာလအတွင်း ဒဏ်ရာသက်သာလာလို့ ခြေတုတပ်ဆင်ဖို့ ပြင်ဆင်နေပါတယ်။ ဒီအတောအတွင်း မိသားစုရဲ့ ဖေးမမှုတွေကလည်း သူ့အတွက် အရေးပါခဲ့တယ်လို့ ရဲဘော်သမိုင်းက ပြောပြပါတယ်။
လက်နက်ကြီးကြောင့် ပျက်ဆီးခဲ့ရတဲ့ အကြောအချဉ်တွေနဲ့ ခြေထောက်ကြွက်သားတွေ ပြန်လည်သန်မာလာဖို့ ခြေထောက်ပေါ် အလေးတင်ပြီး အပေါ်အောက်၊ ဘယ်ညာ လွှဲတာတွေ လုပ်ဆောင်ရင်း နေ့စဉ်ဘဝကို ဖြစ်သန်းနေပါတယ်။
လက်ရှိ ဒူးအောက်ကနေ ဖြတ်တောက်ရသူတစ်ယောက်အတွက် ခြေတုတစ်ဖက်ဟာ မြန်မာကျပ်ငွေ သိန်း ၃၀၀ နီးပါး ရှိသလို ဒူးအထက်ပိုင်းဆိုရင် မြန်မာကျပ်ငွေ သိန်း ၆၀၀ နီးပါးရှိပါတယ်။
ရဲဘော်သမိုင်းဟာ ဒူးအထက်ပိုင်းကို ဖြတ်တောက်ထားရတာဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုစင်တာရဲ့တာဝန် ရှိသူတွေကတော့ သူကောင်းမွန်စွာပြန်လည်လမ်းလျှောက်နိုင်ဖို့ လာမဲ့ ၁၀ လပိုင်းမှာ ခြေတုရနိုင်ဖို့ကြိုးစားနေပါတယ်။ ဒါပေမယ့် ကုန်ကျစရိတ်ပိုင်းမှာတော့ စိန်ခေါ်မှုတွေရှိနေတယ်လို့ ရှင်းပြပါတယ်။
ဒီလို ငွေရေးကြေးရေး အခက်အခဲတွေအပြင် အဲ့ဒီကျန်းမာရေးစောင့်ရှောက်မှုစင်တာမှာ ရဲဘော်သမိုင်းတို့လို ထိခိုက် ရာရသူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ တခြားရောဂါခံစားရသူ အယောက် ၁၄၀ နီးပါးရှိတာကြောင့် နေရာထိုင်းခင်း ဟာ စိန်ခေါ်မှုတစ်ခုဖြစ်နေပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုစင်တာရဲ့ တာဝန်ခံ စောစေးဝါးက “လိုအပ်ချက်တွေကတော့ အများကြီးပေါ့။ လူများလာ တာနဲ့အမျှ နေရာအခက်ခဲတွေဖြစ်လာတယ်။ နောက်သူတို့ လေ့ကျင့်ခန်းလုပ်တဲ့ ပစ္စည်းတွေဆိုလည်း သူများက လှူမယ် ဆိုရင်တောင် နေရာမရှိလို့ ခနရပ်ထားပါဦးလုပ်ရတဲ့ အပိုင်းတွေရှိတယ်။ ပြန်လည်ထူထောင်ရေးမှာလည်း အဲ့လိုပေါ့ နော် သင်တန်းတွေလုပ်ဖို့အတွက်ဆို ဒီနေရာလေးပဲရှိတော့ ဒီနေရာလေးမှာပဲ၊ ထမင်းဝေဒီနေရာလေးမှာပဲ သင်တန်း လုပ်ကြတယ်။ မိုးတွေ အုံးအုံးဒိုင်းဒိုင်းရွာပြီဆိုရင်လည်း ထပြေးရပြန်ရော အဲ့လိုမျိုးတွေရှိတယ်” လို့ပြောပါတယ်။
တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်တာတွေ သက်သာစေ ဖို့ သင်တန်းတွေ ဖွင့်ပေးတာတွေအပြင် အလုပ်ကိုင်အခွင့်လမ်းတစ်ခုအဖြစ်ရပ်တည်နိုင်ဖို့ ခဲပန်းချီ၊ ကြိုးပန်းချီနဲ့ ဆံပင် ညှပ်သင်တန်းတွေကို သင်ကြားပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိမှာတော့ ရဲဘော်သမိုင်းအနေနဲ့ ကိုယ့်ကိုကိုယ်ပဲ ကောင်းအောင်တည်ဆောက်နေပြီး အားလပ်ချိန်တွေမှာ စိတ်တွေမလေရအောင် ကြိုးပန်းချီသင်တန်းကို ဝင်ရောက်သင်ကြားနေတယ်လို့ ဆိုပါတယ်။
“အခုချိန်မှာတော့ ကိုယ့်ကိုယ်ကိုပဲ ကောင်းအောင်တည်ဆောက်ရမယ်။ ပြီးမှ ကျွန်တော်တို့ ဘာလုပ်လို့ရမလဲ စဉ်းစားရ မှာပေါ့။ ဒီခြေထောက်ကြီးပြတ်သွားတဲ့အတွက် ငါဘာလုပ်နိုင်ဦးမလဲ တသက်လုံးဒီလိုကြီးပဲဖြစ် သွားတော့မှာလား အတွေးပေါင်းစုံနဲ့ ညဘက်တွေဆိုလည်း အိပ်လို့မရဘူး” လို့ပြောပါတယ်။
ဒီလိုအတွေးပေါင်းစုံနဲ့ ဘဝကိုရှေ့ဆက်နေရပေမယ့် တော်လှန်အပေါ်ထားရှိတဲ့ သူ့စိတ်ကတော့ ဝေဝါးမသွားဘဲ ခိုင်မာ လို့နေပါတယ်။
“ အဓိက ကျွန်တော်ကို ကျွန်တော် ပြန်တည်ဆောက်လို့ အဆင်ပြေပြီဆိုရင် ကျွန်တော်တို့ တပ်ရင်းတပ်ဖွဲ့တွေကို တတ် နိုင်တဲ့ဘက်ကနေ အများကြီးကူညီပေးမယ်။ အဆင်ပြေတဲ့အလုပ်တစ်ခုခုလုပ်ပြီးတော့ ထောက်ပို့အနေနဲ့ ပါဝင်နိုင် လည်းပါဝင်မယ်” လို့ပြောပါတယ်။
တော်လှန်ရေးပြီးဆုံးတဲ့အခါ ဘယ်လိုဘဝမျိုးနဲ့ ရှေ့ဆက်မလဲလို့ မေးကြည့်တဲ့အခါ ရဲဘော်သမိုင်း အခုလို ဆိုလိုက်ပါတယ်။
“နိုင်ငံအေးချမ်းသွားတဲ့ထိတော့ ဆက်လက်တိုက်ပွဲဝင်ရမှာပဲ။ ပြီးသွားရင် ပုံမှန်လူလိုပဲဗျာ ကျွန်တော်တို့အစိုးရအနေနဲ့ လုပ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အလုပ်ကိုင်အခွင့်လမ်းတစ်ခုခုပေါ့။ အဓိကကတော့ ပုံမှန်လူလို ပုံမှန် အလုပ်နဲ့ ပုံမှန်ဘဝနဲ့နေထိုင်နိုင်ဖို့ပါပဲ”