ခင်သရဖီဦး
ဩဂုတ် ၂၄၊ ၂၀၂၄။
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု ဒေသခံများထံက သိရသည်။
ယနေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့အနီးအနားရှိ ဝေကျောက်နှင့် မျောက်ငိုကျေးရွာတို့ကို Y-12 လေယာဉ်ဖြင့် ဗုံး ၃ ကြိမ်ခန့် လာရောက်ကြဲချခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုများကို မသိရှိရသေးပေ။
“ဝေကျောက်ကျေးရွာကို နံနက် ၈နာရီကျော်လောက်က ဗုံး ၃ ခေါက်လာကြဲပါတယ်။ မျောက်ငိုရွာကိုက နှစ်လုံးပါ။ ဖုန်းလိုင်းတွေ ပြတ်နေတော့ အသေအပျောက်တော့ မသိရသေးဘူး” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဩဂုတ်လ ( ၂၂) ရက်နေ့တွင် မီးကျောင်းထိုးကျေးရွာကို ဗုံးကြဲခဲ့ခြင်းကြောင့် အသက် (၂၅) နှစ် အရွယ်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး နေအိမ် ၅ လုံး မီးလောင် ဆုံးရှုံးခဲ့သည်။
“ဘာတိုက်ပွဲမှလည်းမရှိဘဲ ပစ်နေတော့ ရွာသားတွေက စိုးရိမ်တာပေါ့။ အခုကတော့ ဘေးလွတ်ရာသို့ ပြေးနေကြတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် စစ်ကောင်စီမှ တောင်ကုတ်မြို့အား ထိန်းချုပ်ထားပြီး မြို့ဝင်မြို့ထွက်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
ပြီးခဲ့သည့် ဇွန်လတွင် တောင်ကုတ်မြို့နယ် ချောင်းကောက်ရပ်ကွက်အနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ ထိတွေ့တိုက်ပွဲများရှိခဲ့သည်။