ဩဂုတ် ၂၄၊ သံလွင်ခက်
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ အနောက်တောင်ပိုင်းတွင် မြေပြိုကျမှုဖြစ်ပွားခဲ့သဖြင့် လူ ၁၂ ဦးထက်မနည်းသေဆုံးခဲ့ရသည်ဟု ဒေသခံလူမှုကူညီရေးအဖွဲ့များက ပြောသည်။
ဩဂုတ်လ ၂၂ ရက်မှာစတင်ကာ မိုးဆက်တိုက်ရွာသွန်းခဲ့သဖြင့်၊ ဖူးခက်ခရိုင်၊ ကရွန်မြို့နယ်၊ ရပ်ကွက် ၂ အတွင်းရှိ ကတဘုန်းကြီးကျောင်းအနောက်ဘက်ရှိ တောင်ကြောမှ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့သည်၊
“မိုးက ၂၄ နာရီလုံးလုံး မရပ်ပဲ ရွာနေတာဆိုတော့ လမ်းပေါ်မှာ ရေတွေလျှံတဲ့နေရာတွေရှိတယ်။ ပင်လယ်တဖက် တောင်တွေက တဖက်ဆိုတော့ မိုးကလည်း ခဏခဏရွာတတ်တယ်၊ ခုမြေပြိုတဲ့ အရှိန်ကလည်းအမြင့်ကနေပြိုကျတော့ အကုန်လုံးထိခိုက်ကုန်တယ်” ဟု ဖူးခက်သို့ ၁၅ နှစ်ကျော် လာရောက်အလုပ်လုပ်နေသူ ထားဝယ်ဒေသခံ ကိုအောင်ကျော်က ပြောသည်။
အဆိုပါမြေပြိုကျမှုကြောင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့များနှင့် ဒေသခံများက ကူညီကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ရာတွင် လူ ၁၂ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါရုပ်အလောင်းများတွင် မြန်မာနိုင်ငံသား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၉ ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦး၊ ရုရှားနိုင်ငံသား အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ပါဝင်သည်။
မြန်မာနိုင်ငံသား အမျိုးသမီး ၂ ဦးနှင့် အမျိုးသားတစ်ဦးပျောက်ဆုံးနေဆဲဖြစ်သည်ဟု သိရသည်။
ရုပ်အလောင်းရရှိပြီး မြန်မာနိုင်ငံသားများမှာ ကိုမျိုးမင်းစိုးအသက် ၂၅ နှစ်၊ ကိုအောင်ပိုင်ဖြိုး အသက် ၂၅ နှစ်၊ ကိုဖြိုးသက်အောင် ၂၆ နှစ်၊ မလဲ့လဲ့စန်း ၄၅ နှစ်၊ လူငယ်အမျိုးသမီးတစ်ဦး(အတည်ပြုဆဲ)၊ မဝင်းဝင်းစန်း ၃၆ နှစ်၊ မအိအိစန်း ၂၇ နှစ်၊ မမျိုးမြတ်မြတ်အေး ၂၃ နှစ်နှင့် ကိုအောင်မျိုးခန့်တို့ဖြစ်သည်။
ပျောက်ဆုံးနေသူများမှာ မဟေမီနိုင် ၃၅ နှစ်၊ မချိုယဉ်သိန်း ၂၅ နှစ်နှင့် ကိုကျော်လွင် ၂၉ နှစ်တို့ဖြစ်သည်။
နေအိမ် ၂၅၀ ကျော် ပျက်စီးခဲ့ပြီးနောက် လမ်းတံတားများပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိအချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်ပြီး အဆိုပါဒေသအား သဘာဝဘေးအန္တရာယ်ကျရောက်ဒေသနှင့် အရေးပေါ်ကယ်ဆောင်ရေးလုပ်ဆောင်ရန်အပ်နေသောဇုန်အဖြစ် သတ်မှတ်ထားကြောင့် ထိုင်းအာဏာပိုင်များက အမိန့်ထုတ်ပြန်ထားသည်။
Photo – เหยี่ยวข่าว ภูเก็ต Newshawk Phuket၊၊ Aung Naing Htat