မောင်ဘဦး (CJ)
သြဂုတ် ၂၄၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ဖောင်းကတာရွာတွင် စစ်ကောင်စီလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးအပါ အမျိုးသမီးတစ်ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ နေ့လည်ပိုင်းတွင် မုံရွာမြို့နယ် မအူရွာနှင့် ညောင်ပင်သာရွာအနီးတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ၁၂၀ မမ အပါအဝင်လက်နက်ကြီးတချို့ ပစ်ခတ်ခဲ့သဖြင့် အသက် ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးနှင့် အသက် ၄၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။
“လက်နက်ကြီးက စာသင်ကျောင်းဝန်းထဲကျတာ။ မျိုးသမီးကြီးက နောက်ကနေ ခါးကိုမှန်ပြီး ကလေးကတော့ ဘယ်ဖက် ပေါင်ပြတ်လုနီးပါးအထိ ဒဏ်ရာရခဲ့တယ်။ မုံရွာဘက်က ထုတာဗျ။ မအူဂိတ်နဲ့ ညောင်ပင်သာဂိတ်ကထုတာ အချက်ရေ ၅ ကြိမ်လောက်တော့ကြားနေရတာပဲ” ဟု တိုက်နယ်ပကဖအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လတ်တလောတွင် ဖောင်းကတာရွာမှ ဒေသခံများ ရှောင်တိမ်းနေကြရသည်။ လက်နက်ကြီးထိမှန်ခဲ့သူနှစ်ဦးကို ဆေးကုသမှုပြုလုပ်ထားပြီး ၄၅ နှစ်အရွယ်အမျိုးသမီးမှာ အသက်အန္တရယ်စိုးရိမ်ရသည်ဟု လိုက်ပါကူညီပေးနေသူတစ်ဦးက ပြောသည်။
ယခုနှစ် သြဂုတ်လအတွင်း ယင်းစစ်ကောင်စီစခန်းမှ လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ဒေသခံပြည်သူများ နှစ်ကြိမ်ထိမှန်ခဲ့ပြီး ယခင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း လက်နက်ကြီးစ ဝမ်းဗိုက်ထိမှန်ခဲ့ ကိုယ်ဝန်ပျက်ကျခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ – ဆားလင်းကြီးမြို့နယ် တော်လှန်ရေးအင်အားစု
စိတ်မချမ်းမြေ့ဖွယ်ဓာတ်ပုံများပါဝင်သည့်အတွက် တယ်လီဂရမ်ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။