ထွယ်
ဩဂုတ် ၂၄၊ ၂၀၂၄။
ကချင်ပြည်နယ်စပ် စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ ထီးချိုင့်မြို့နယ် မြတောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကချင်လွတ်လပ်ရေးတပ်ဖွဲ့ – KIA ပူးပေါင်းတပ်က ယမန်နေ့၌ အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ရှေ့တန်းရဲဘော်များထံက သိရသည်။
ထီးချိုင့်မြို့နယ်တွင် ဩဂုတ်လ ၂၁ ရက်နေ့ကတည်းက KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
ထိုနေ့တက်ရက်တည်းမှာပင် ထီးချိုင့်မြို့ရှိ မြို့ပေါ်ရပ်ကွက်ဖြစ်သည့် ဘုရင့်နောင်ရပ်ကွက်အပါအဝင် စစ်ကောင်စီတပ်စွဲသည့် နယ်မြေ ၃ နေရာကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီတပ်သည် ၎င်းတို့ တပ်စခန်းလက်မလွှတ်ရရေးအတွက် လေကြောင်းဖြင့် အပြင်းအထန်ခုခံကာကွယ်ခဲ့ပြီး ဩဂုတ်လ ၂၀ ရက်မှ ၂၃ ရက်ထိ ပေါင် ၅၀၀ ဗုံးသီးအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထီးချိုင့်မြို့တွင်း၌သာ ကျန်ရှိတော့ခြင်းဖြစ်ပြီး ယမန်နေ့နံနက်က အမှတ် ၄ ရပ်ကွက်ဘက်သို့ ရိက္ခာနှင့် လက်နက်ခဲယမ်းများကို လေယာဉ်ဖြင့် လာရောက်ဖြည့်တင်းသွားသည်ဟု Tigyaing Revolution – TR အဖွဲ့က ၎င်းတို့ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ကချင်ပြည်နယ်စပ် စစ်ကိုင်းတိုင်းတွင် ထီးချိုင့်မြို့နယ်အပါအဝင် အင်းတော်မြို့နယ်၊ ပင်လည်ဘူးမြို့နယ်နှင့် ကန့်ဘလူမြို့နယ်များတွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က နေ့စဉ်လေယာဉ်ကြောင်းဖြင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်ဟု ရှေ့တန်းကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။