ကောင်းချစ်အောင်
သြဂုတ် ၁၉၊ ၂၀၂၄။
ကုန်းဘောင်ခေတ်၊ မြန်မာမင်းဆက် နောက်ဆုံးထီးနန်းစိုက်ရာ မန္တလေးမြို့ကို ဦးတည်ချဉ်းကပ်လာနေတဲ့ တော်လှန်ရေး တပ်တွေရဲ့ ထိုးစစ်တွေဟာ အခုဆိုလက်တစ်ကမ်းအကွာအထိ ရောက်ရှိနေပြီ ဖြစ်ပါတယ်။
မင်းနေပြည်တော်ဟောင်းဖြစ်တဲ့ မန္တလေးမြို့ဟာ သမိုင်းတလျှောက် တိုင်းတစ်ပါးရဲ့ နှစ်ကြိမ် သိမ်းပိုက်ခံခဲ့ရဖူးပါတယ်။
၁၈၈၅ ခုနှစ် ဗြိတိသျှတပ်တွေက သိမ်းပိုက်ခဲ့ပြီး ကုန်းဘောင်ခေတ်မင်းဆက်ပြုတ်ကျခဲ့သလို ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်တွေကို မြန်မာ့မြေပေါ်က တိုက်ထုတ်နိုင်ခဲ့ပြီး မန္တလေးမြို့ကို ထပ်မံသိမ်းပိုက်ခဲ့ပါတယ်။
တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ စစ်ပညာသင်ယူလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ မြောက် ဘက်မှာ မတ္တရာမြို့နယ်အထိရောက်ရှိလာပြီး မြင်းခြံခရိုင်အတွင်းမှာလည်း ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေပါတယ်။
နှစ်ပေါင်း ၅၀ ကျော် ကျည်သင့်မြေမဖြစ်ခဲ့တဲ့ မန္တလေးပြည်သူတွေဟာ တိုက်ပွဲရဲ့ရှေ့ပြေးနမိတ်ပုံရိပ်တွေ သန်းလာနေ ပြီး အထူးသဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) လက်အောက်ခံ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလည်း သတိ အပြည့်နဲ့ ခံစစ်ကို အထူးတင်းကြပ်ထားနေရပါတယ်။
မန္တလေးနန်းတွင်း အခြေစိုက် လပခ-စစ်ဌာနချုပ်ရဲ့နယ်မြေတွေဆက်တိုက်ရှုံးနိမ့်မှုတွေဟာ လပခတိုင်းမှူး တစ်ယောက် ရာထူးကပြုတ်ကျစေတဲ့ အကြောင်းတရားတွေ ဖြစ်လာပါတော့တယ်။
လမ်းများအားလုံး မန္တလေးသို့
*****************
ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းနဲ့အတူ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ရှမ်း- မန်း စစ်ဆင်ရေးခေါင်းစဉ်အောက်က ပြည်သူ့တော်လှန်ရေးတပ်တွေဟာ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းအထိ ဖြန့်ကျက်နိုင် ရေးကြိုးပမ်းလာပါတယ်။
မူဆယ်-လားရှိုး-မန္တလေးလမ်းပိုင်းနဲ့ မိုးကုတ်-မန္တလေးလမ်းပိုင်းတို့လို မန္တလေးမြို့ဆီ အဓိကဝင်ပေါက်လမ်းကြောင်း တွေကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားပြီး လပခကို တိုက်ရိုက်ခြိမ်းခြောက်နေတာပါ။
မိုးကုတ်မြို့ကို တိုက်ခိုက်ခံရချိန် လပခ လက်အောက်ခံ စစ်ကောင်စီရဲ့ အခြေချစစ်ဗျူဟာတစ်ခုဟာလည်း တော်လှန် ရေးတပ်တွေရဲ့ ချေမှုန်းခြင်းကို ခံခဲ့ရပြီးဖြစ်ပါတယ်။
မန်း- PDFနဲ့ မဟာမိတ်တပ်တွေက မန္တလေးတိုင်းမြောက်ပိုင်းကို ဖြန့်ကျက်ထိုးစစ်ဆင်နေတာကိုတွေ့ရပြီး စဉ့်ကူးမြို့ နယ်တစ်ခုလုံးနဲ့ မတ္တရာမြို့နယ်ထဲက စစ်ကောင်စီစခန်း ၃၅ ခုကို သိမ်းပိုက်ထားနိုင်နေပြီ ဖြစ်ပါတယ်။
ဧရာဝတီမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ မြင်းခြံခရိုင်အတွင်းက စစ်ကောင်စီတပ်စခန်းနဲ့ မြို့တွေဟာလည်း တိုက်ခိုက်ခံနေ ရပြီး လပခနယ်မြေတွေဟာ မကြုံစဖူးတချိန်တည်း အတိုက်ခံနေရတာဖြစ်ပါတယ်။
မန္တလေးမြို့ပေါ်မှာတော့ ကျုံးမြို့ရိုးကာရံထားတဲ့ နန်းတွင်းအခြေစိုက် လပခဌာနချုပ်မှာ သဲအိတ်တွေနဲ့ ခံစစ်ပြင်ထား တာကို မြို့ခံပြည်သူတွေက မြင်တွေ့ခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတောင်၊ ရန်ကင်းတောင်တို့လို အမြင့်နေရာတွေမှာလည်း ခံစစ်ပြင်ထားသလို မတ္တရာနဲ့ ထိစပ်နေတဲ့ ပုသိမ်ကြီး မြို့နယ်ထဲမှာ စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ လက်အောက်ခံခြေမြန်တပ်ရင်း ၃ ခုလည်း ရှိနေပါတယ်။
ဒါ့အပြင် မန္တလေးမြို့ဟာပြည်သူ့စစ်အားကောင်းတဲ့ နေရာတစ်ခုဖြစ်ပြီး အပတ်စဉ် ၄ ခုထက်မနည်း လေ့ကျင့်သင်ကြား ပေးထားတာလည်း တွေ့ရပါတယ်။
တစ်လကျော်သာ ကြာခဲ့တဲ့ တိုင်းမှူးသက်တမ်း
******************
စစ်ကောင်စီခန့် ဗိုလ်မှူးချုပ်အောင်ခိုင်ဝင်းဟာ ဗိုလ်မှူးချုပ်ကြည်ခိုင်နေရာမှာ လပခတိုင်းမှူးအဖြစ် တာဝန်ပေးအပ်ခံခဲ့ ရသူဖြစ်ပါတယ်။ စစ်တက္ကသိုလ် DSA အပတ်စဉ်-၃၆ ဆင်းသူဖြစ်ပြီး အရင်ရာထူးကတော့ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူးလည်း ဖြစ်ပါတယ်။
သူ့အရှေ့က ဗိုလ်မှူးချုပ်ကြည်ခိုင်ဟာ ဝင်းနိမ္မိတာရုံဆရာတော် ငါန်းဇွန်မြို့နယ်မှာ အသတ်ခံရမှုနဲ့ဆက်စပ်ပြီး တာဝန်က အနားပေးခံခဲ့ရတာကြောင့် ဇူလိုင်လအတွင်းမှာ မန္တလေးအခြေစိုက် လပခတိုင်းမှူး ဖြစ်လာခဲ့ပါတယ်။
ဒေသခံ PDF တပ်ဖွဲ့တွေက ဗိုလ်မှူးချုပ်အောင်ခိုင်ဝင်းကို လက်နက်ချဖို့နဲ့ တွေ့ဆုံညှိနှိုင်းဖို့မဖြစ်နိုင်ဘူးလို့ သတိပေး ပြောကြားမှုတွေလည်း ရှိခဲ့ပါတယ်။
သူတာဝန်စယူကတည်းက ၁၀၂၇ စစ်ဆင်ရေးရဲ့ အရှိန်တွေကို ခံစားခဲ့ရပြီး မတ္တရာ၊ မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးမြို့ နယ်တွေမှာ အရှုံးတွေနဲ့ ဆက်တိုက်ရင်ဆိုင်ခဲ့ရတာပါ။
အဲဒါကြောင့်ပဲ ပြီးခဲ့တဲ့ဩဂုတ်လ ၁၆ ရက်မှာ ဗိုလ်မှူးချုပ်အောင်ခိုင်ဝင်းအစား ဗိုလ်မှူးချုပ်ကျော်ကိုထိုက်ကို လပခ တိုင်းမှူးအဖြစ် ထပ်မံပြောင်းလဲခန့်အပ်လိုက်ပါတယ်။
အသက်ဝင်လာတဲ့ နုဂျီဗျူဟာဖွဲ့စည်းမှုများ
****************
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၃ နှစ်ဦးပိုင်းကတည်းက တပ်ရင်း ၃ ရင်း ဒါမှမ ဟုတ် ၄ ရင်းအထိပါဝင်တဲ့ ဗျူဟာတွေကို ဖွဲ့စည်းလုပ်ဆောင်လာခဲ့ပါတယ်။
အမိန့်စီးဆင်းမှု ပိုအားကောင်းလာစေဖို့နဲ့ စစ်ရေးပူးတွဲလုပ်ဆောင်မှုတွေ ပိုအဆင်ပြေစေဖို့ ရည်ရွယ်ဖွဲ့စည်းခဲ့တာဖြစ်ပါ တယ်။
တစ်နှစ်ကျော်အကြာမှာတော့ ဗျူဟာတပ်ရင်းတွေဟာ မန္တလေးတိုင်းအတွင်း မြို့သိမ်းစစ်ဆင်ရေးတွေမှာ ဟန်ချက်ညီ ညီ ပါဝင်တိုက်ခိုက်ကာ အောင်ပွဲတွေရနေတာ တွေ့ရပါတယ်။
မိုးကုတ်မြို့ကို သိမ်းပိုက်နိုင်ရာမှာ တအာင်းတပ် (TNLA) နဲ့အတူ NUG လက်အောက်ခံ တပ်ရင်း ၁၂၂၁၊ ၁၂၂၂၊ ၁၂၂၃၊ ၁၂၂၄ တို့ပါဝင်တဲ့ မိုးကုတ်ဗျူဟာကလည်း အရေးကြီးတဲ့အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။
မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းတိုက်ပွဲတွေမှာ မန်း-PDF နဲ့အတူ ဧရာဝတီမြစ် အနောက်ဘက်ခြမ်း အခြေစိုက်စစ်ကိုင်း တိုင်းထဲက ဗျုဟာတပ်ရင်းတွေကလည်း အားဖြည့်ကူညီခဲ့ကြပါတယ်။
ရွှေဘိုခရိုင် တပ်ရင်း ၇၊ ၁၀၊ ၁၆ တို့ပါဝင်တဲ့ ဗျုဟာအမှတ် ၅၂ နဲ့ ရွှေဘိုခရိုင်တပ်ရင်း ၁၅၊ ၁၈၊ ၂၃၊ ၂၆ တို့ပါဝင်တဲ့ ဗျု ဟာအမှတ် ၅၅ တို့ ပါဝင်တိုက်ခိုက်နေတာဖြစ်ပါတယ်။
ထင်မှတ်မထားတဲ့ မြေပြန့်ဒေသထိုးစစ်
************************
စစ်ကောင်စီအနေနဲ့ လားရှိုးတိုင်းစစ်ဌာနချုပ်တစ်ခုကို ဆုံးရှုံးလိုက်ရအပြီး နိုင်ငံအလယ်ပိုင်းမှာလည်း ထင်မှတ်မထား တဲ့ ထိုးစစ်တစ်ခုကို ရင်ဆိုင်နေရပါတယ်။ တပ်မ ၉၉၊ ၈၈ နဲ့ ၁၀၁ စတဲ့ သုံးပွင့်ဆိုင်တပ်နယ်မြေတည်ရှိနေတဲ့ နိုင်ငံ အလယ်ပိုင်းကို တော်လှန်ရေးတပ်တွေအနေနဲ့ ထိုးဖောက်ဝင်ရောက်လာမယ်ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါ ဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်ကစပြီး NUG လက်အောက်ခံတပ်ရင်းတွေက မြင်းခြံခရိုင်အထူးစစ်ဆင်ရေးလို့ ကြေညာကာမြေပြန့်ထိုးစစ်တစ်ခု စတင်ခဲ့ပါတယ်။
တောင်သာ၊ နွားထိုးကြီး၊ မြင်းခြံမြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်နက်တိုက်ခိုက်ခဲ့ပြီး လက်ရှိမှာအဲဒီ မြို့တွေမှာ အုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းသွားခဲ့ရပါတယ်။
စစ်ဆင်ရေးနေရာတွေဟာ မန္တလေးမြို့နဲ့ မိုင် ၆၀ အကွာ၊ နေပြည်တော်နဲ့ မိုင် ၁၀၀ နီးပါးအကွာမှာရှိပြီး တော်လှန်ရေး တပ်တွေကို မတားဆီးနိုင်တာဟာ လပခတိုင်းမှူးပြုတ်ကျသွားခဲ့တဲ့ အကြောင်းအရင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။
နွားထိုးကြီးမြို့ကို တော်လှန်ရေးတပ်တွေက ထိန်းချုပ်ထားနိုင်ပြီး နိုင်ငံ့အထက်ပိုင်းတစ်ခုလုံးကို လေကြောင်းတိုက်ခိုက် မှု အများဆုံးပြုလုပ်နေတဲ့ တံတားဦးလေဆိပ်ဟာလည်း တိုက်ရိုက်ခြိမ်းခြောက်မှုခံနေရပါပြီ။
စစ်ကောင်စီရဲ့အဓိက အချက်ချာနေရာတွေဖြစ်တဲ့ မိတ္ထီလာလွင်ပြင်နဲ့ နေပြည်တော်နဲ့ နီးကပ်လာ နေပြီဖြစ်တဲ့အတွက် စစ်ကောင်စီလပခတိုင်းမှူးအသစ်အတွက် စိန်ခေါ်မှုတွေ ပိုကြီးမားလာနေပါတယ်။