(KIA သိမ်းပိုက်သည့် ဒုတိယမြောက်မြို့နယ်ဖြစ်လာ)
ထွယ်
ဩဂုတ် ၁၉၊ ၂၀၂၄။
ကချင်ပြည်နယ်၊ မိုးမောက်မြို့တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခ.မ.ရ – ၄၃၇ တပ်ရင်းကို ကချင်လွပ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် တိုက်ခိုက်သိမ်းပိုက်ကာ နယ်မြေရှင်းလင်းရေးတွေ ပြုလုပ်လျက်ရှိသည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
ယင်းတပ်ရင်း လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်မှ နေ့စဉ်လေကြောင်းပစ်ခတ်လျက်ရှိသော်လည်း တပ်တွင်းအရာရှိများ စခန်းစွန့်ခွာ ထွက်ပြေးသွားသည်ဟု ကချင်လွတ်လပ်ရေး အဖွဲ့ – KIO ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်ခက်ကို ပြောသည်။
“အပြီးသိမ်းနိုင်တာမျိုးတော့ မဟုတ်သေးဘူးထင်တယ်။ အဲ့မှာရှိတဲ့ စစ်ဗိုလ်ကြီးတွေ ထွက်ပြေးသွားတယ်လို့ ကြားတယ်။ သိမ်းတော့မယ်ထင်တယ်” ဟု ၎င်းက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် ဗန်းမော်မြို့မှ မိုးမောက်မြို့သို့ စစ်ကူတက်လာသည့် စစ်ကောင်စီ၏စစ်ယာဉ်တန်းကို KIA နှင့် ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကား ၄ စီး မီးလောင်ပျက်စီးသွားသည်ဟုလည်း ရှေ့တန်းသတင်းရင်း မြစ်များထံက သိရသည်။
အဆိုပါ စစ်ယာဉ်တန်းသည် တင့်ကားတစ်စီးနှင့် စစ်လက်နက်ပစ္စည်းများအပါ ဒဏ်ရာရစစ်ကောင်စီတပ်ဖွဲ့ဝင်များကို သယ်ထုတ်လာသည့် စစ်ကား ၅ စီးဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့ကတည်းက KIA နှင့် ပူးပေါင်းတပ်သည် မြစ်ကြီးနား – ဗန်းမော် လမ်းမတကျောနှင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီးရှိ စစ်ကောင်စီတပ်ရင်းများကို တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တပ်စခန်း ပေါင်း ၁၀၀ ကျော်ခန့်ကို သိမ်းပိုက်ထားခဲ့ပြီးဖြစ်သည်။
ကချင်ပြည်နယ်တွင် ဆွမ်ပရာဘွမ်မြို့နယ်ပြီးလျှင် မိုးမောက်မြို့နယ်သည် KIA မှ သိမ်းပိုက်ထားသည့် ဒုတိယမြောက်မြို့နယ်ဖြစ်လာသည်။