ကိုဗစ် 19 ကြောင့် ကမ္ဘာ့ရေစီးကြောင်းတစ်ခုဖြစ်လာတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်က အရှေ့တောင်အာရှဒေသ တွင်း ပိုပြီးအရှိန်မြှင့်လာတဲ့အတွက် ဘဏ္ဍာရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေ ကြုံနေရပါတယ်။
ဒီလို ငွေကြေး အသွင်ပြောင်းမှုရဲ့သက်ရောက်မှုတွေ ဆက်ပြီးဖြစ်ပေါ်နေတဲ့အတွက် အာဆီယံဒေသအနေနဲ့ အခုခေတ်ရေစီး ကြောင်းရဲ့ကမ်းလှမ်းမှုကို အခွင့်အရေးတစ်ခုအဖြစ် လက်ထဲ ပြည့်ပြည့်ဝဝဆုပ်ကိုင် ထားနိုင်ဖို့ကြိုးစားရပါလိမ့်မယ်။
အာဆီယံအနေနဲ့ နောက်ထပ်အဆင့်တစ်ဆင့် တက်လှမ်းဖို့လိုပါတယ်။ အာဆီယံအနေနဲ့ ဒေသတွင်းနဲ့အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံအတွက် အကျိုးအမြတ်ကြီးကြီးမားမားပေးစွမ်းနိုင်မယ့် အလားအလာရှိနေတဲ့ အင်အားကြီးဒစ်ဂျစ် တယ်ငွေပေးချေမှုစနစ်ဖန်တီးဖို့ကို အလေးအနက်ထားပြီး စဉ်းစားသင့်ပါပြီ။
အာဆီယံထိပ်သီးအစည်းအဝေးတွေမှာ ဒေသတွင်းဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေး နွေးမှုတွေကိုမြှင့်တင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေဆွေးနွေးနိုင်မယ့်အခွင့်အလမ်းကို အသုံးပြုသင့်ပါတယ်။
အရင်လကပဲ Google ၊ Temasek နဲ့ Bain & Company တို့က သူတို့ရဲ့ e-Conomy SEA အစီရင်ခံစာကို သတ္တမ အကြိမ်ထုတ်ဝေခဲ့ပြီး အရှေ့တောင်အာရှ ၆ နိုင်ငံ (စင်ကာပူ ၊ ထိုင်း ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် နဲ့ မလေး ရှား)က လူဦးရေး သန်း ၆၀ ကျော်က ၂၀၂၀ – ၂၀၂၂ ခုနှစ်အတွင်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှုကို ပထမဆုံးအကြိမ်အ သုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အရှေ့တောင်အာရှ ၆ နိုင်ငံရဲ့ လူဦးရေ ၇၅ ရာခိုင်နှုန်းကျော်က အင်တာနက် သုံးစွဲနိုင်ပြီး အများစုကတော့ အနည်းဆုံးတစ်ကြိမ် အွန်လိုင်းကနေဈေးဝယ်ခဲ့ကြတယ်လို့ အစီရင်ခံစာမှာဖော်ပြ ထားပါတယ်။
အာဆီယံဒေသတွင်း အွန်လိုင်းဈေးဝယ်မှုတွေတိုးလာမယ်လို့ အစီရင်ခံစာကခန့်မှန်းထားပါတယ်။ အွန်လိုင်းအသုံး စရိတ်က ၂၀၂၅ ခုနှစ်အတွင်း ၁၆၂ ရာခိုင်နှုန်းတိုးလာမှာဖြစ်ပြီး ဒေါ်လာ ၁၇၉ ဒဿမ ၈ ဘီလီယံထိ ရောက်ရှိလာပါ လိမ့်မယ်။ ဒီပရောဂျက်တွေမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေနဲ့အရောင်းအဝယ်ပြုလုပ်မှုက ၉၁ ရာခိုင်နှုန်းရှိပါလိမ့် မယ်။ ဖော်ပြထားတဲ့ကိန်းဂဏန်းတွေက အာဆီယံဒေသတွင်းမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှု နဲ့ e-commerce တွေက ကြီးမားလာမယ့်အလားအလာရှိကြောင်း ဖော်ပြနေပါတယ်။
ဒေသတစ်ခွင်အနှံ့မှာလည်း ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး(CBDC) နဲ့ Bitcoin အမျိုးအစားဒစ်ဂျစ်တယ်ငွေကြေး လို ဘဏ္ဍာရေးဆိုင်ရာအတိုင်းအတာတွေမှာ လွယ်လွယ်လိမ်လို့မရတဲ့ Blockchain နည်းပညာအသုံးပြုမှုနဲ့ပတ် သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးမှုတွေ ပြုလုပ်ထားပြီးဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ဖြစ်တဲ့ အင်ဒို နီးရှား ၊ မလေးရှား ၊ ဖိလစ်ပိုင် ၊ စင်ကာပူ နဲ့ ထိုင်းနိုင်ငံတို့ကလည်း နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မှုတွေမှာ ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်ကိုအကောင်အထည်ဖော်ဖို့ အထွေထွေသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်ဖို့ပြင် ဆင်နေကြပါတယ်။ ဒီစနစ်က နိုင်ငံတနိုင်ငံချင်းဆီမှာနေထိုင်သူတွေက သူတို့ရဲ့မိုဘိုင်းဘဏ်လုပ်ငန်း App ကိုသုံးပြီး သက်ဆိုင်ရာနိုင်ငံတွေမှာ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေအတွက် အချိန်နဲ့တပြေးညီ QR ကုဒ်အခြေပြုငွေပေးချေမှု တွေကို ဆောင်ရွက်နိုင်ပါလိမ့်မယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘောဒီးယားနဲ့မလေးရှားနိုင်ငံတွေတခြားနိုင်ငံတွေကလည်း blockchain နည်းပညာအသုံးပြု တဲ့ ကမ္ဘောဒီးယားအခြေစိုက် ငွေပေးချေမှုစနစ်ဖြစ်တဲ့ Bakong ကနေတဆင့် နယ်စပ်ဖြတ်ကျော်ငွေလွှဲဝန်ဆောင်မှု ကိုစတင်ဖို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ မေလမှာ အင်ဒိုနီးရှားဗဟိုဘဏ်က အွန်လိုင်းဘဏ်လုပ်ငန်းတွေ ကျယ်ပြန့်လာတဲ့အတွက် ဗဟိုဘဏ်ဒစ်ဂျစ်တယ်ငွေကြေး စတင်ထုတ်ဝေမယ့်အစီအစဉ်ကို ကြေညာခဲ့ပါတယ်။
အာရှတိုက်ရဲ့နောက်ထပ်ဒေသတွေမှာလည်း ဘုံဒစ်ဂျစ်တယ်ငွေကြေးစနစ်တွေ ဖြန့်ကျက်ထားပြီးပါပြီ။ ဥပမာ အနေနဲ့ဆိုရင် ဂျပန်ရဲ့ ကိုဘေးတက္ကသိုလ်က အရှေ့အာရှမှာ blockchain အခြေပြု ဘုံဒစ်ဂျစ်တယ် ငွေကြေးတစ်ခု ဖန်တီးဖို့ အဆိုပြုထားပါတယ်။ ဒီလိုဖန်တီးတာက အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေရဲ့အခွင့်အရေး တွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။ မကြာသေးခင် တုန်းကပဲ ထိုင်း ၊ ဟောင်ကောင် ၊ တရုတ် နဲ့ အာရပ်စော်ဘွား များ ပြည်ထောင်စု (UAE) တို့က နိုင်ငံတကာအခြေချ နေထိုင်မှုတွေအတွက် ဘဏ်တွေကပူးပေါင်းဆောင်ရွက်မယ့် နယ်စပ်ဖြတ်ကျော်ဒစ်ဂျစ်တယ်ငွေကြေးစမ်းသပ်မှု ပြီးဆုံးကြောင်းကြေညာခဲ့ပါတယ်။
ဒီငွေပေးချေမှုစနစ်တွေနဲ့ ဒစ်ဂျစ်တယ်ငွေကြေးအားလုံးရဲ့ ဘုံရည်ရွယ်ချက်က ကုန်ကျစရိတ်တွေလျှော့ချဖို့နဲ့ နယ် စပ်ဖြတ်ကျော်စီးပွားရေး ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်သလို နိုင်ငံတွင်းနဲ့ဒေသတွင်းငွေကြေးစီးဆင်းမှုတွေကို မြှင့် တင်နိုင်ဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း blockchain နည်းပညာအခြေခံတဲ့ ဘုံဒစ်ဂျစ်တယ်ငွေပေးချေမှုအကြောင်း ဆွေးနွေးဖို့ အာဆီယံအတွက် အချိန်အခါဆိုက်ရောက်နေပါပြီ။
ဘုံဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်က အရှေ့တောင်အာရှအတွက် ဘယ်လိုအကျိုးကျေးဇူးမျိုး ရနိုင်ပါမလဲ…?
ရှင်းလင်းသိသာတဲ့ အကျိုးကျေးဇူးတစ်ခုကတော့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေအတွက် အာဆီယံ ၁၀ နိုင်ငံစလုံး မှာ QR ကုဒ်အခြေခံ ငွေပေးချေမှုစနစ်အတွက် မိုဘိုင်းဘဏ်ဝန်ဆောင်မှု App တွေကိုအသုံးပြုခွင့်ပေးရခြင်းပါ။ ဒါက ဝယ်သူဘက်ကငွေကြေးကို ဒေါ်လာ ဒါမှမဟုတ် တရုတ်ယွမ်လို ကြားခံငွေကြေးလှဲလှယ်စရာမလိုဘဲ အပြန်အလှန် ဖလှယ်နိုင်မယ့် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ်ကို ဖန်တီးပေးပါလိမ့်မယ်။ ဒီအချက်ကြောင့်ပဲ အာဆီယံဒေသ က ကြားခံငွေကြေးတွေအပေါ် မှီခိုနေရတာကို လျှော့ချနိုင်ပါလိမ့်မယ်။
ထိရောက်တဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်တိုးတက်လာခဲ့ရင် ဒေသတွင်းနိုင်ငံတွေရဲ့ဆက်ဆံရေး တိုးတက်လာပါ လိမ့်မယ်။ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ဗဟိုဘဏ်တွေက ကြားဝင်ဆောင်ရွက်ကြမှာဖြစ်လို့ ပိုပြီး နီးကပ်တဲ့ဆက်ဆံရေး တွေ ဖွံဖြိုးလာမယ့်အလားအလာပါပဲ။ အကျင့်ပျက်ခြစားမှု နဲ့ နယ်စပ်ဖြတ်ကျော်လိမ်လည်မှုတွေကိုလည်း လျှော့ချ နိုင်ပါလိမ့်မယ်။ ပွင့်လင်းမြင်သာမှုက လုံခြုံရေးကိုအားကောင်းစေနိုင်ပါတယ်။
ဒီဘုံစနစ်အောက်မှာ အဖွဲ့ဝင်နိုင်ငံတိုင်းရဲ့ ကုန်သွယ်မှုနဲ့ခရီးသွားလာရေးဆိုင်ရာ အကျိုးကျေးဇူးတွေပိုပြီးရရှိမှာဖြစ် တဲ့အတွက် နယ်စပ်ဖြတ်ကျော်ကုန်စည်နဲ့ဝန်ဆောင်မှုတွေကို ပိုပြီးမြန်မြန်ဆန်ဆန် ဈေးသက်သက်သာသာနဲ့ ရောင်းချလာနိုင်ပါလိမ့်မယ်။ ဒေသတွင်းခရီးသွားနေချိန်မျိုးမှာ ငွေကြေးလှဲလှယ်မှုကိုလည်း ဖယ်ရှားနိုင်ပါလိမ့်မယ်။ ရွှေ့ပြောင်းလုပ်သားတွေကနေ ကိုယ့်မိသားစုဆီငွေလွှဲတဲ့အခါမျိုးမှာ အချိန်နဲ့တပြေးညီလွှဲနိုင်မှာဖြစ်သလို မလိုအပ် တဲ့ငွေလွှဲပြောင်းမှုစရိတ်ကိုလည်း လျှော့ချလာနိုင်ပါလိမ့်မယ်။
ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကြိုးပမ်းမှုတွေကိုလည်း တိုက်ရိုက်အထောက်အကူပေးနိုင်ပါတယ်။ အထူးသဖြင့် မို ဘိုင်းဖုန်းအသုံးပြုသူတွေအတွက် ချွေတာရေးအဆင့်တွေ တိုးမြှင့်လာနိုင်ပါတယ်။ ကြီးထွားလာနေတဲ့ အွန်လိုင်း အရောင်းအဝယ် နဲ့ မြန်မြန်ပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်က ဈေးကွက်သစ်ဖွင့်တဲ့အခါလည်း အကူ အညီပေးပါတယ်။ ငွေသားစီးဆင်းမှုကောင်းမွန်စေပြီး လုပ်ငန်းတွေကြားဆက်ဆံရေး တိုးတက်လာနိုင်ပါတယ်။ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကိုလည်း အရင်ကထက်လျှော့ချလာနိုင်ပါ လိမ့်မယ်။
ငွေပေးချေမှုစနစ်တစ်ခုဖော်ဆောင်ဖို့ အရေးကြီးသလို ပွင့်လင်းမြင်သာမှုနဲ့ လုံခြုံတဲ့ငွေပေးချေမှုစနစ်ဖြစ်ဖို့လည်း အရေးကြီးပါတယ်။ ဒါကြောင့်လည်း ဒေသတွင်းနေထိုင်သူတွေအတွက် ယုံကြည်စိတ်ချရတဲ့ ငွေပေးချေမှုစနစ် အောင်မြင်ဖို့အတွက် အာဆီယံနိုင်ငံတွေက ထည့်သွင်းစဥ်းစားရမယ့်အချက် ၃ ချက်ရှိပါတယ်။
ပထမအချက်က ငွေပေးချေမှုစနစ်ကိုတာဝန်ယူမယ့်အဖွဲ့တစ်ဖွဲ့ အာဆီယံက ဖန်တီးရပါမယ်။ အဲဒီအဖွဲ့အစည်းဟာ အမှီအခိုကင်းဖို့လိုသလို ယုံကြည်စိတ်ချရမယ့်အဖွဲ့ ဖြစ်ရပါမယ်။ ထိထိရောက်ရောက်လည်ပတ်နိုင်ဖို့အတွက် အချိန်နဲ့တပြေးညီ ဝန်ဆောင်မှုပေးနိုင်ရပါမယ်။
ဒုတိယကတော့ လုံခြုံရေးအဆင့်အတန်း မြင့်မားဖို့လိုပါတယ်။ ဒီအတွက်ဆိုရင်တော့ ဒစ်ဂျစ်တယ်ငွေပေးချေမှု စနစ်လုံခြုံရေးအတွက် နည်းပညာ အများကြီးရှိထားဖို့လိုပါမယ်။ ဒီထဲကမှ သုံးစွဲသူတွေရဲ့တောင်းဆိုချက်နဲ့ကိုက် ညီပြီး ဒေတာဖောက်ဖျက်ဖို့မလွယ်ကူတဲ့ လုံခြုံရေးစနစ်တစ်ခုကို ရွေးချယ်ရပါမယ်။ အာဆီယံအနေနဲ့ ဒီစနစ်ကို အသုံးချနေတဲ့ တခြားနိုင်ငံတွေဆီကလည်း သင်ယူနိုင်ပါသေးတယ်။
နောက်ဆုံးအချက်ကတော့ လူတန်းစားမရွေး အသုံးပြုနိုင်ရပါမယ်။ အသုံးပြုရလွယ်ကူပြီး သုံးစွဲမယ့်နိုင်ငံတိုင်းရဲ့ လူတစ်ဦးချင်းဆီက အလွယ်တကူနဲ့အမြန်ဆုံးအသုံးပြုနိုင်ဖို့ ဒီဇိုင်းဆွဲရပါမယ်။ လူတွေပိုပြီးအသုံးပြုလာဖို့ တွန်းအား ပေးရမယ့်စနစ်ဖြစ်ရမယ့်အပြင် စီးပွားရေးချိတ်ဆက်မှုဆိုင်ရာသတ်မှတ်ချက်တွေမှာ အမြင့်ဆုံးအကျိုးကျေးဇူး ခံစားခွင့်တွေရရှိမှာ သေချာစေရပါမယ်။
ကြည်ဖြူစံ
“The Diplomat”တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Leang Seakleng”၏ “Why ASEAN needs a Region-wide Digital Payment System”ကို ဆီလျော်အောင်ရေးသားသည်။
ဓာတ်ပုံ – အင်တာနက်