ပြီးခဲ့တဲ့စက်တင်ဘာလမှာပြုလုပ်ခဲ့တဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (UNGA) ရဲ့ အဆင့်မြင့် အစည်းအဝေးမှာ ကမ္ဘာလုံးဆိုင်ရာအရပ်ဘက်အဖွဲ့အစည်းပေါင်း ၇၀၀ နီးပါးက ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ကို ပြင်းပြင်းထန်ထန်ဝေဖန်ထားတဲ့စာတစ်စောင်ပေးပို့ခဲ့ပါတယ်။
အဲဒီစာမှာ ကုလသမဂ္ဂ နဲ့ ကုလသမဂ္ဂဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းတွေအနေနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာအာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ကို တရားဝင်ဖြစ်စေမှုတွေကိုရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီစာက ကုလသမဂ္ဂစနစ်အတွင်း ပဋိပက္ခဖြစ်နေတဲ့နိုင်ငံကို ကိုယ်စားပြုမှုပတ်သက်တဲ့ ကာလရှည်ကြာဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း နောက်ဆုံး ထွက်လာတဲ့ကျည်ဆံတစ်တောင့်ပါပဲ။
ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီး အာဏာသိမ်းပြီးကတည်းက ကုလသမဂ္ဂအနေနဲ့ ဆိုးရွားတဲ့ရလဒ်တွေ မျှော်လင့်ထားပြီး မြန်မာနိုင်ငံကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး သံတမန်ရေးအရအန္တရာယ်ရှိမှုအတွင်းလျှောက်လှမ်းဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဒီလိုမအောင်မမြင်ဖြစ်ရတဲ့အဓိကအကြောင်းကတော့ ကိုယ့်ကိုယ်ကိုယ် လူ့အခွင့်အရေး နဲ့ စည်းမျဉ်းအခြေခံထုံး တမ်းအစဉ်အလာတွေကို ကာကွယ်စောင့်ရှောက်ကြသူတွေအဖြစ်ပုံဖော်နေတဲ့ လူများစုကုလသမဂ္ဂခေါင်းဆောင်တွေ နဲ့ အဖွဲ့ဝင်နိုင်ငံတွေက မရိုးသားတဲ့အပေးအယူလုပ် ညှိနှိုင်းမှုတွေကြောင့်ဖြစ်ပါတယ်။
သူတို့ဟာ သူတို့ကိုယ်တိုင်လူသိ ရှင်ကြားထောက်ခံအားပေးနေတဲ့ အခြေခံမူတွေကို ပစ်ပယ်ဖြတ်တောက်နေကြပါတယ်။
အာဏာသိမ်းပြီးသိပ်မကြာခင်မှာပဲ နယူးယောက်မြို့က ကုလသမဂ္ဂ အထွေထွေညီလာခံဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်း က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ညွှန်ကြားမှုအောက်မှာဖွဲ့စည်းထားတဲ့ ဒီမိုကရေစီအင်အားစုတွေအပေါ် သစ္စာစောင့်သိသွားမယ်လို့ ကတိပြုပြောကြားခဲ့ပါတယ်။
နယူးယောက်မှာ မြန်မာ နိုင်ငံရဲ့နေရာကို ၂၀၂၁ ခုနှစ် ဆောင်းဦးပေါက်ရာသီကနေ လက်ရှိအချိန်ထိ တရားဝင်ရယူထားစဲဖြစ်တဲ့ ဦးကျော်မိုး ထွန်း အနေနဲ့ ကုလသမဂ္ဂရဲ့ အထောက်အထားစိစစ်ရေးအဖွဲ့မှာ အင်အားကြီးနိုင်ငံတချို့ရဲ့ အလွတ်သဘောပူး ပေါင်းကြံစည်ထားမှုတွေကြောင့် ရာထူးအတွက်ပုံမှန်ထမ်းဆောင်ရမယ့်အခွင့်အရေးတွေနဲ့ တာဝန်ဝတ္တရားတွေ ငြင်းပယ်ခံခဲ့ရပါတယ်။ သူတို့ကိုယ်၌က အာဏာရှင်နိုင်ငံတွေဖြစ်ကြပြီး မြန်မာစစ်အုပ်စုနဲ့မဟာမိတ်ဖြစ်နေတဲ့ ရုရှား နဲ့ တရုတ်တို့က ဘာကြောင့် ဦးကျော်မိုးထွန်း ကို စောင့်ကြည့်နေတဲ့အနေအထားမှာထားခဲ့ပြီး ကုလသမဂ္ဂမှာ မြန်မာ နိုင်ငံကိုယ်စားပြုမှုနဲ့ပတ်သက်ပြီး ရှုပ်ထွေးနောက်ကျိနေဖို့လိုလားနေကြသလဲဆိုတာက အဆန်းတကြယ်တော့ လည်း မဟုတ်ပါဘူး။
အဲဒီနှစ်နိုင်ငံစလုံးက လက်နက်ရောင်းချတာအပါအဝင် စစ်အုပ်စုကို နိုင်ငံရေး နဲ့ စီးပွားရေး အရ အသက်ဆက်ပေးထားပြီး မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူပိတ်ဆို့မှုတွေကို ဆယ် စုနှစ်များစွာကြာတဲ့တိုင် အရှက်ကင်းကင်းနဲ့ ပိတ်ဆို့တားဆီးခဲ့ကြပါတယ်။
ဒါပေမယ့်လည်း အမေရိကန်လိုဒီမိုကရေစီနိုင်ငံတွေနဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ် လို ကုလခေါင်း ဆောင်တွေက ဒီအယောင်ဆောင်ဟန်ပြလုပ်ရပ်နဲ့အတူ ဘာကြောင့် လိုက်ပါစီးမျောနေခဲ့ကြသလဲဆိုတာက ပိုပြီး နားလည်ရခက်ပါတယ်။ ဒီကိစ္စအပေါ် အထောက်အထားစိစစ်ရေးအဖွဲ့က ကုလအထွေထွေညီလာခံရဲ့ ၇၇ ကြိမ် မြောက်အစည်းအဝေးအတွက် စီရင်ဆုံးဖြတ်ချက်ချရတာနဲ့အတူ မြန်မာလူထုကို သူတို့နဲ့ထိုက်တန်တဲ့ အသံ နဲ့ ကိုယ်စားပြုမှုတွေပေးဖို့ စိစစ်ရေးအဖွဲ့ နဲ့ အထွေထွေညီလာခံမှာပါဝင်နေတဲ့ အဖွဲ့ဝင်ဒီမိုကရေစီနိုင်ငံတွေက ပိုပြီး လုပ်ဆောင်ကြဖို့လိုပါတယ်။
အထောက်အထားစိစစ်ရေးအဖွဲ့ရဲ့ မရိုးသားတဲ့အပေးအယူလုပ်ညှိနှိုင်းမှု
ကုလသမဂ္ဂရဲ့အထောက်အထားစိစစ်ရေးအဖွဲ့မှာ အဖွဲ့ဝင် ၉ ဦးပါဝင်ပြီး တရုတ် ၊ ရုရှား နဲ့ အမေရိကန်တို့က သမိုင်း ကြောင်းအရ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပါတယ်။ ကျန်တဲ့အဖွဲ့ဝင်နေရာတွေအတွက် ဒေသအပေါ်အခြေခံ ပြီး အထွေထွေညီလာခံဥက္ကဌက ခန့်အပ်ပါတယ်။ အထွေထွေညီလာခံအစည်းအဝေးသစ်ဖွင့်လှစ်တဲ့ စက်တင်ဘာ လရောက်တိုင်း အထောက်အထားတောင်းဆိုမှုတွေကို လက်ခံရရှိပေမယ့် အများအားဖြင့်ကတော့ အစီရင်ခံစာကို အထွေထွေညီလာခံအစည်းအဝေးဆီ ဒီဇင်ဘာလအထိတင်သွင်းတာမျိုးမရှိပါဘူး။
မကြာခဏဆိုသလိုပဲ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့သဘောထားကြေညာချက်တွေအပေါ် အာရုံစိုက်နေကြတဲ့ “အဆင့် မြင့်” ကာလအတွင်း နိုင်ငံကိုယ်စားပြုမှုဆိုင်ရာမေးခွန်းတွေကို သောင်မတင် ရေမကျအခြေအနေမှာ ချန်လှပ်ထား လေ့ရှိပါတယ်။ ၂၀၂၁ ခုနှစ်က စိစစ်ရေးအဖွဲ့က ဦးကျော်မိုးထွန်း ကို ယာယီအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက် လက်ရပ်တည်ခွင့်ပြုခဲ့တဲ့ အမေရိကန် နဲ့ တရုတ်အကြား “လူကြီးလူကောင်းဆန်တဲ့ သဘောတူညီချက်”အရ မြန်မာ နိုင်ငံကိုကိုယ်စားပြုခွင့်အပေါ် အဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုချမှတ်ဖို့ ဆိုင်းငံ့ထားခဲ့ပါတယ်။ သူ့ရဲ့တာဝန်တွေကို အပြည့် အဝထမ်းဆောင်ဖို့ နဲ့ ရာထူးနေရာအတွက် အခွင့်ထူးရရှိမှုတွေကို တရားဝင်ပိတ်ပင်တားမြစ်မယ့်အစား အထွေထွေ ညီလာခံမှာ ဦးကျော်မိုးထွန်း ရဲ့ပြောရေးဆိုခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။
နိုင်ငံကိုယ်စားပြုမှုအတွက် အထောက်အထားဆိုင်ရာအမှုအခင်းတွေအပေါ် စီရင်ဆုံးဖြတ်မှုတွေရဲ့ သမိုင်းကြောင်း အရ (အထူးသဖြင့်) မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ကုလအနေနဲ့ ဘယ်လိုဆောင်ရွက်သင့်သလဲဆိုတဲ့ အပေါ် ရှင်းလင်းပြတ်သားတာမျိုး မရှိပါဘူး။ နိုင်ငံခြားအစိုးရတချို့ကသာ စစ်အုပ်စုကိုတရားဝင်အသိအမှတ်ပြုခဲ့ ကြပါတယ်။ အာဏာရှင်တွေနဲ့ရင်းနှီးကျွမ်းဝင်မှုရှိတဲ့ ဒေသအတွင်းအဖွဲ့အစည်းတစ်ခုအဖြစ် နာမည်ဆိုးနဲ့ကျော် ကြားတဲ့ အာဆီယံကတောင် စစ်အုပ်စုရဲ့ “နိုင်ငံရေးရာထူးအဆင့်ကိုယ်စားလှယ်တွေ”ကို အစည်းအဝေးတွေတက် ရောက်ခွင့်မပေးဖို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ပြတ်ပြတ်သားသားငြင်းဆိုထားပါတယ်။
ဒါ့အပြင် NUG နဲ့မဟာမိတ်ဖွဲ့ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) အစုအဖွဲ့တွေက အာဏာသိမ်းမှုကို တိုးတိုးပြီး အောင်အောင်မြင်မြင်နဲ့တွန်းလှန်လာနိုင်ခဲ့ကြသလို အာဏာသိမ်းမှု ကြောင့် နိုင်ငံရဲ့ဒေသအများစုက အတိုက်အခံအင်အားစုတွေရဲ့ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားခဲ့ပါတယ်။ NUG ကလည်း မြန်မာနိုင်ငံကိုတရားဝင်ကိုယ်စားပြုဖို့ ဦးကျော်မိုးထွန်းရဲ့လုပ်ပိုင်ခွင့်တွေကို ဆက်လက်ကန့်သတ် ထားတဲ့ ကုလရဲ့ကျင့်ထုံးကို အထွေထွေညီလာခံအတွင်း နဲ့ အပြင်တွေကနေ အပြင်းအထန်ကန့်ကွက်နေပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နဲ့ တခြား နိုင်ငံတကာအကူအညီတွေကိုပေးအပ်ဖို့ကြိုးပမ်းအားထုတ်မှု တွေအတွင်း စစ်အုပ်စုတစ်ခုတည်းနဲ့သာပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် စစ်အုပ်စုအပေါ် တစုံတရာအသိအမှတ် ပြုမှုပေးနေတာတဲ့အတွက် ကုလလုပ်ငန်းအဖွဲ့တွေရဲ့ဆုံးဖြတ်ချက်တွေကိုလည်း NUG ကဝေဖန်ရှုတ်ချခဲ့ပါတယ်။
ကုလရဲ့ဥပဒေရေးရာဌာနကလည်း ဌာနရဲ့ဩဇာကြီးတဲ့ ၁၉၅၀ အစီရင်ခံစာမှာ “အဖွဲ့ဝင်ဖြစ်မှုဆိုင်ရာ တာဝန်ဝတ္တ ရားများကို အမှန်တကယ် ထိုသို့ဆောင်ရွက်ရန်အာဏာရှိသော အစိုးရများကသာလုပ်ဆောင်နိုင်သည်”လို့ မှတ်ချက် ပြုခဲ့ပါတယ်။ ဘယ်သူရဲ့ကိုယ်စားပြုမှုက အဲဒီစံနှုန်းနဲ့ကိုက်ညီတယ်လို့ဆုံးဖြတ်ဖို့အတွက် “အစိုးရသစ်အနေနဲ့ နိုင်ငံ ရဲ့နယ်မြေအတွင်း ထိရောက်မှုရှိတဲ့အခွင့်အာဏာကိုကျင့်သုံးပြီး လူဦးရေရဲ့အများစုက လိုက်နာနေကျထုံးစံအဖြစ် နာခံကျင့်သုံးခြင်း ရှိ ၊ မရှိ ဆိုတာကို စုံစမ်းမေးမြန်းဖို့လိုပါတယ်။” အမှန်တကယ်ကတော့ ဒါက အချက်အလက်ဆိုင် ရာ မေးခွန်းတွေပါပဲ။ စုံစမ်းမေးမြန်းမှုတွေကနေတဆင့် ဒါတွေကိုဖြေရှင်းဖို့ ကုလ ကတရားဝင်ကြိုးစားတာမျိုး တစုံ တရာကိုမှမဆောင်ရွက်ခဲ့ပါဘူး။ ဆောင်ရွက်ဖို့အစီအစဉ်ရှိတယ်ဆိုတဲ့ အရိပ်အယောင်ကိုလည်း မတွေ့ရပါဘူး။
ဒီလိုအခြေအနေမျိုးမှာ တခြားရွေးချယ်စရာမရှိခဲ့ရင် အထွေထွေညီလာခံမှာရှိတဲ့ထိုင်ခုံမှာ ကိုယ်တိုင်ကိုယ်ကျရှိနေ သူကိုသာ အလိုအလျောက်လက်ခံတဲ့ကုလရဲ့အတိတ်ရဲ့ကျင့်ထုံးအရ အခုကိစ္စမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကို ဆက်ပြီးအသိအမှတ်ပြုခြင်းဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒီကိစ္စအတွင်း လှည့်ကွက်ကတော့ သူ့ကို မြန်မာပြည်သူလူ ထုရဲ့ကိုယ်စားလှယ်အဖြစ် အလုပ်မလုပ်နိုင်အောင် လုပ်ငန်းသဘောအရနှုတ်ပိတ်ထားချိန်မှာ အဲဒီထိုင်ခုံမှာဆက်ရှိ နေဖို့ခွင့်ပြုခဲ့တဲ့ မရိုးသားတဲ့အပေးအယူလုပ်ညှိနှိုင်းမှုပါပဲ။ အလားတူပဲ မြန်မာနိုင်ငံတွင်းက လက်တွေ့မြေပြင်မှာ ကုလအနေနဲ့ တရားဝင်မှုမရှိတဲ့စစ်အာဏာရှင်တွေအပြင် စစ်အာဏာရှင်တွေကရွေးချယ်ခန့်အပ်ထားသူတွေနဲ့ အလုပ်ဆက်လုပ်နေပါတယ်။
မြန်မာလူထုရဲ့အသံကို ငြင်းပယ်ခြင်း
တရုတ် ၊ ရုရှား နှင့် အမေရိကန်တို့က မြန်မာနိုင်ငံကိုယ်စားလှယ်အား အသံမထွက်အောင်ပိတ်ပင်တားမြစ်ခဲ့တဲ့လုပ် ဆောင်မှုမျိုး နဲ့ စည်းမျဉ်းအခြေခံတဲ့လုပ်ဆောင်မှုမျိုးက အရင်ကမရှိခဲ့ဖူးပါဘူး။ ဒီ့ထက်ပိုပြီး ဒီလိုဥပဒေမဲ့လုပ် ဆောင်တဲ့အပြုအမူက ကိုယ်စားပြုမှုနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေအတွက် အနာဂတ်မှာကြီးမားတဲ့အကျိုးဆက် တွေရှိလာနိုင်ပါတယ်။ ရေတိုကာလမှာ ဒီလုပ်ရပ်က ကုလစနစ်တစ်ခုလုံးရဲ့ လုပ်ဆောင်နိုင်စွမ်းကိုရပ်တန့်သွားစေခဲ့ ပါတယ်။
၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလကတည်းက ဦးကျော်မိုးထွန်း ဟာ အထွေထွေညီလာခံမှာနှုတ်ပိတ်ခံခဲ့ရပြီး တခြားဆွေး နွေးပွဲတွေဖြစ်တဲ့ ကုလလူ့အခွင့်အရေးကောင်စီ (UNHRC) ၊ ကမ္ဘာ့ကျန်းမာရေးညီလာခံ (WHA) နဲ့ အပြည်ပြည်ဆိုင် ရာ အလုပ်သမားညီလာခံ (ILC) စတဲ့ မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေအပြင် မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးကြီးကိစ္စတွေဆွေးနွေးညှိနှိုင်းကြမယ့်အစည်းအဝေးတွေမှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ပိတ် ပင်ခံထားရပါတယ်။ ဆွေးနွေးခွင့်ပေးရမယ့်အစား ကိုယ့်နိုင်ငံသားတွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုတွေမှာ မြန်မာနိုင်ငံထိုင်ခုံနေရာမှာ ကိုယ်စားပြုမယ့်သူမရှိဘဲ ၂ နှစ်နီးပါးကြာတဲ့အထိ လစ်ဟာနေခဲ့ရပါတယ်။
ဒီထက်ပိုပြီး ထူးထူးခြားခြားဆိုးရွားတဲ့ကိစ္စက လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် စစ်အုပ်စုကို မြန်မာနိုင်ငံအတွက် ဆက်ပြီးကိုယ်စားပြုခွင့်ပေးခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ တရားနည်းလမ်းမကျတဲ့အပြင် ဥပဒေ ကြောင်းအရလည်း သံသယဖြစ်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ပါ။ စစ်အုပ်စုရဲ့ဥပဒေအထောက်အကူပြုအဖွဲ့က ICJ ရဲ့ တရားစီရင်ပိုင်ခွင့်ကို အစဉ်တစိုက်ငြင်းဆိုခဲ့ပြီး ICJ ရဲ့ တရားစီရင်ခွင့်အာဏာကိုအသိအမှတ်ပြုပြီး ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ NUG ကမေတ္တာရပ်ခံနေပေမယ့် စစ်အုပ်စုရဲ့ကိုယ်စားလှယ်တွေကိုလက်ခံဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကို အကောင်အထည်ဖော်ဖို့ အတွက် စစ်အုပ်စုနဲ့ညှိနှိုင်းရာမှာ ကုလရဲ့လုပ်ရိုးလုပ်စဉ်ချဉ်းကပ်မှုက မြန်မာလူထုကောင်းကျိုးအတွက် လုံး ဝဂရုမစိုက်တဲ့ လူရမ်းကားတွေရဲ့ အသုံးချစရာကိရိယာတစ်ခုအဖြစ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူ အညီတွေကို ခွင့်ပြုပေးခဲ့ပါတယ်။ ဒါက ကုလရဲ့ပုံရိပ်ကို ပိုပြီးညစ်နွမ်းသွားစေခဲ့ပါတယ်။
ဦးကျော်မိုးထွန်း ကိုမြန်မာနိုင်ငံကိုယ်စားပြုပါဝင်နိုင်မှုအပေါ်ငြင်းဆိုထားခြင်း နဲ့ လက်တွေ့မြေပြင်မှာ စစ်အုပ်စုနဲ့ ပွင့်ပွင့်လင်းလင်းပူးပေါင်းဆောင်ရွက်ခြင်းတွေကြောင့် ကုလစနစ်ဟာ သူရဲ့မူရင်းကိုယ်စားပြုမှုအထောက်အထား ဆိုင်ရာ ညှိနှိုင်းမှုဘောင်ထက် ကျော်လွန်သွားခဲ့ပါပြီ။ UNHRC ၊ ILC ၊ WHA နဲ့ တခြားအဖွဲ့အစည်းတွေက သူတို့ရဲ့ ကိုယ်ပိုင်စည်းကမ်းတွေကို ချိုးဖောက်ခဲ့ကြပါတယ်။ ဒီလိုအဖွဲ့အစည်းတွေအနေနဲ့ ဦးကျော်မိုးထွန်း ကို ဆိုင်ရာ အခမ်းအနားတွေမှာ မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုခွင့်ရှိမှုနဲ့ လက်ခံသင့်ပါတယ်။
ဦးကျော်မိုးထွန်း ဟာ ကုလစနစ်အတွင်းမှာ အဆင့်အမြင့်ဆုံးအသိအမှတ်ပြုခံထားရတဲ့ မြန်မာသံတမန်တစ်ဦးဖြစ် ပါတယ်။ ကုလရဲ့လေးနက်တဲ့သံတမန်ရေးလုပ်ထုံးလုပ်နည်းရှုထောင့်ကနေကြည့်မယ်ဆို ဦးကျော်မိုးထွန်း က ဒီ အစည်းအဝေးအားလုံးမှာ စကားပြောဖို့အခွင့်အရေးရသင့်ပါတယ်။
လူမိုက်အားပေးဆုံးဖြတ်ချက်များအား စိန်ခေါ်ခြင်း
တံခါးနောက်ကွယ်မှာ ဦးကျော်မိုးထွန်း အပေါ်အသိအမှတ်ပြုမှုကိုပယ်ဖျက်ခဲ့တာက ဒီမိုကရေစီကမ္ဘာကြီးအတွက် ပိုပြီးစိုးရိမ်စရာအကျိုးဆက်တွေ ဖြစ်လာစေပါတယ်။ ကျန်တဲ့ အမြဲတန်းကိုယ်စားလှယ်များက မှားယွင်းနေတဲ့ အထောက်အထားဆိုင်ရာဆုံးဖြတ်ချက်တွေကိုစိန်ခေါ်ပြီး မြန်မာပြည်သူ ၅၅ သန်းအတွက်ကိုယ်စားပြုမှုကို အဖွဲ့ ဝင်နိုင်ငံတွေက ပွင့်ပွင့်လင်းလင်းမဲပေးဆုံးဖြတ်ဖို့ တောင်းဆိုသင့်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုအပြင် ကျန်တဲ့အကူအညီတွေနဲ့သက်ဆိုင်တဲ့ကိစ္စရပ်တွေအတွက် ကုလလုပ်ငန်း အဖွဲ့တွေအနေနဲ့ မြန်မာလူထုရဲ့ထောက်ခံမှုကိုလိုချင်တယ်ဆိုရင်တော့ စစ်အုပ်စုကထိန်းချုပ်ထားတဲ့အပိုင်းကနေ တဆင့် ဝင်ရောက်လုပ်ကိုင်ခွင့်ရအောင်ညှိနှိုင်းမှု နဲ့ လုပ်ငန်းလုပ်ဆောင်နေမှုတွေကို ချက်ချင်းရပ်တန့်ပစ်ရပါမယ်။ အမေရိကန် နဲ့ သူ့ရဲ့မဟာမိတ်တွေအနေနဲ့ ၂၀၁၂ ခုနှစ်မတိုင်ခင်တုန်းက သူတို့ထောက်ခံခဲ့တဲ့ “အပြိုင်စနစ်”ဆီပြန် သွားနိုင်ဖို့အတွက် သူတို့အသံတွေနဲ့ ထောက်ခံမဲတွေကိုအသုံးပြုဖို့လိုအပ်ပါတယ်။
အခုလို မတရားတဲ့အစီအစဥ်တွေ ဆက်ပြီးဆောင်ရွက်နေတာကို ကန့်ကွက်ဖယ်ရှားဖို့ အမေရိကန် နဲ့ တခြားဒီမိုက ရေစီနိုင်ငံတွေအတွက် တကယ်အရေးကြီးနေပါတယ်။ စစ်အုပ်စုရဲ့တရားမဝင်ဖြစ်မှု နဲ့ အရည်အချင်းမရှိမှုတို့နဲ့ပတ် သက်ပြီး နောက်ထပ်မေးခွန်းထုတ်စရာအကြောင်း မရှိသင့်တော့ပါဘူး။ အာဏာသိမ်းတာကိုဆန့်ကျင်တယ်လို့ပြော ခဲ့ကြတဲ့ ဒီမိုကရေစီနိုင်ငံတွေက ခုလိုအန္တရာယ်ရှိတဲ့အခြေအနေတွေဖြစ်လာအောင် ခွင့်ပြုခဲ့ရုံသာမက တက်တက် ကြွကြွဆွေးနွေးခဲ့ကြပြီး ရန်ပုံငွေတောင်ပေးအပ်ခဲ့ပါသေးတယ်။ အပြော နဲ့ အလုပ် ကိုက်ညီရမယ့်အချိန်ကိုရောက် ပါပြီ။
လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီကိုယုံကြည်တဲ့ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပေးဆပ်မှုတွေကြီးမားခဲ့တဲ့မြန်မာပြည်သူ တွေဆီ သူတို့အသံတွေပြန်ပြီးပဲ့တင်ထပ်နိုင်မယ့်ခြေလှမ်းတွေ စတင်လှမ်းရတော့မယ့်အချိန်ကလည်း အခုအချိန်ပါ ပဲ။
ကြည်ဖြူစံ
“Just Security” တွင်သံအမတ်ကြီး “Kelley Currie” ရေးသားသော “Democracies Must Stop Playing Games with Myanmar’s Representation at the United Nations” ကိုဆီလျော်အောင်ရေးသားသည်။