မြန်မာနိုင်ငံက ထွက်ပြေးလာကြသူတွေနဲ့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီ ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ထပ်ခါ ထပ်ခါ တောင်းဆိုနေပေမယ့်လည်း အနောက်နိုင်ငံအစိုးရတွေက မျက်နှာလွှဲခဲပစ်သာ ပြုမူနေသေးတယ် လို့ Asia Times ကို ပြောဆိုခဲ့တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) သတင်းရင်းမြစ်တွေအရ သိရပါတယ်။
ထောင်နဲ့ ချီတဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စစ်ကောင်စီဆန့်ကျင်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့ နယ်မြေ သို့မဟုတ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို ဖြတ်ကျော်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ သို့မဟုတ် အိန္ဒိယနိုင်ငံထဲ ရောက်နေကြပြီလို့ အဲဒီသတင်းရင်းမြစ်တွေက ပြောကြပါတယ်။
စစ်အာဏာရှင်လက်အောက်ကနေ ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံတွေဆီ ဘက်ပြောင်းနှုန်း မြှင့်တင်ပေးနိုင်တဲ့ ဘယ်လိုပံ့ပိုးကူညီမှုမျိုးမဆိုက မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေကို အမြန်ဆုံး အဆုံးသတ်စေတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်အထိကတော့ ဩစတြေးလျနိုင်ငံ တစ်နိုင်ငံတည်းကသာ လုံခြုံရေးတပ်ဖွဲ့ကနေ ထွက်ပြေးလာကြသူတွေကို ခိုလှုံခွင့်ပေးမယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒီလို ဘက်ပြောင်းလာသူ အရေအတွက် မြင့်မားလာတာက တော်လှန်ရေးလှုပ်ရှားမှုကို အထောက်အကူ ဖြစ်စေတယ်လို့ လေ့လာသုံးသပ်သူတွေက သုံးသပ်ထားတဲ့ မူဝါဒကို ဆက်ပြီး တိုးချဲ့နိုင်ခဲ့မယ်ဆိုရင် စစ်ကောင်စီရဲ့ ချုပ်ကိုင်မှု အားနည်းသွားစေမယ့် အဓိက သော့ချက် ဖြစ်လာနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီဆန့်ကျင်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီထက် ပိုပြီး နိုင်ငံရဲ့ နယ်မြေဧရိယာကို ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ NUG က အခိုင်အမာ ပြောဆိုထားပါတယ်။
အမေရိကန်နဲ့ အီးယူအစိုးရတွေအနေနဲ့ ဒီမိုကရေစီ လိုလားတဲ့ အတိုက်အခံတွေကို အကူအညီတွေပေးဖို့ NUG က အတိအလင်း မေတ္တာရပ်ခံ တောင်းဆိုထားတာ တစ်နှစ်ကျော်သွားခဲ့ပြီဖြစ်တယ်လို့ ဘက်ပြောင်းရေးအစီအစဥ်ကို နားလည်တတ်ကျွမ်းတဲ့ NUG အရာရှိတစ်ယောက်က Asia Times ကို ပြောပါတယ်။
“တကယ်လို့ နိုင်ငံခြားအစိုးရတွေအနေနဲ့ ကျွန်မတို့ကို လက်နက်အကူအညီ မပေးနိုင်ခဲ့ဘူးဆိုရင်တောင် ဘက်ပြောင်းပြီး ထွက်ပြေးလာကြသူတွေကိုတော့ ကျေးဇူးပြုပြီး လက်ခံပေးကြပါ။ ဘာကြောင့်လဲဆိုတော့ ဒါက တော်လှန်ရေးကို ကူညီပံ့ပိုးပေးနိုင်တဲ့ နောက်ထပ် နည်းလမ်းတစ်ခု ဖြစ်နေတဲ့အတွက်ကြောင့်ပါပဲ” လို့ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် က ဧရာဝတီသတင်းဌာနကို အခုနှစ်အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။
“ကံကောင်းတယ်ပဲ ပြောရမှာပေါ့။ ကျွန်မတို့ အစီအစဥ်ကို ဩစတြေးလျနိုင်ငံက လက်ခံခဲ့ပါတယ်။ နောက်ပြီး တခြားနိုင်ငံတွေကလည်း ဘက်ပြောင်းထွက်ပြေးလာကြသူတွေကို ကြိုဆိုပေမယ့် လူသိရှင်ကြား ပြောဆိုတာမျိုးတော့ မရှိပါဘူး” လို့ ဒေါ်ဇင်မာအောင်က ပြောတာပါ။
ဒေါ်ဇင်မာအောင် ရည်ညွှန်းတဲ့ တခြားနိုင်ငံတွေက ဘယ်နိုင်ငံတွေလဲ ဆိုတာကိုတော့ Asia Times အနေနဲ့ သီးခြား အတည်ပြုနိုင်တာမျိုး မရှိသေးပေမယ့် ဥရောပနိုင်ငံ အများစု ပါဝင်နေတယ်ဆိုတာကတော့ သေချာပါတယ်။ NUG အနေနဲ့ တော်လှန်ရေးထောက်ပံ့မှုကို ထိခိုက်စေနိုင်မယ့် ကိစ္စတွေကနေ ရှောင်ရှားလိုတဲ့ သဘောဆန္ဒ ရှိပါတယ်။
ပြီးခဲ့တဲ့လကပဲ ဂျိုးဘိုင်ဒင်အစိုးရက မြန်မာနိုင်ငံက လူထောင်ပေါင်းများစွာအတွက် ယာယီ အကာအကွယ်ပေးမှုအဆင့် (TPS) ကို တိုးမြှင့်ပြီး ချဲ့ထွင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ TPS ဆိုတာ သဘာဝဘေးအန္တရာယ်နဲ့ လက်နက်ကိုင်ပဋိပက္ခတွေ ကြုံနေရတဲ့ နိုင်ငံတချို့က နိုင်ငံသားတွေအတွက် ယာယီလူဝင်မှုကြီးကြပ်ရေးအဆင့်အတန်း တစ်ခု ဖြစ်ပါတယ်။ ယာယီအကာအကွယ်ပေးမှုအဆင့် (TPS) အတွက် ခန့်မှန်းခြေ လူပေါင်း ၉၇၀ ကို ၂၀၂၄ ခုနှစ် မေလအထိ နောက်ထပ် သက်တမ်း ၁၈ လ တိုးမြှင့်ပေးခဲ့တယ်လို့ AP သတင်းဌာနမှာ ဖော်ပြထားပါတယ်။
ယာယီအကာအကွယ်ပေးမှုအဆင့် (TPS) က လူပေါင်း ၂၂၉၀ ယောက် နေထိုင်ဖို့နဲ့ အလုပ်အကိုင် အခွင့်အလမ်းကိုလည်း ဖန်တီးပေးထားပါတယ်။ ဒါပေမယ့်လည်း အဲဒီလူတွေထဲက လူပေါင်း ဘယ်လောက်ဟာ စစ်ကောင်စီလက်က လွတ်အောင် ထွက်ပြေးလာကြသူ ဖြစ်တယ်ဆိုတာကိုတော့ အမေရိကန်အစိုးရက ထုတ်ဖော် ပြောကြားတာမျိုး မရှိပါဘူး။
အမည်မဖော်လိုတဲ့ NUG အရာရှိတစ်ဦးကလည်း နိုင်ငံခြားတိုင်းပြည် တစ်ခုခု အဓိကကတော့ အနောက်နိုင်ငံ တစ်နိုင်ငံကသာ သူတို့ရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး အာမခံချက် ပေးနိုင်တယ်လို့ ယုံကြည်လာခဲ့ကြမယ်ဆိုရင် မြန်မာနိုင်ငံက လုံခြုံရေးဝန်ထမ်းပေါင်း ရာနဲ့ချီ ဒါမှမဟုတ် ထောင်နဲ့ချီလောက်က လက်ရှိ သူတို့ တာဝန်ထမ်းဆောင်နေတဲ့ ရာထူးတွေကနေ နုတ်ထွက်လာကြလိမ့်မယ်လို့ ပြောပါတယ်။ ဒီနည်းလမ်းက စစ်အာဏာရှင်တွေဆီက လူ့စွမ်းအားအရင်းအမြစ်တွေကို ထုတ်ယူရာမှာ အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းလည်း ဖြစ်နေပါတယ်။
“ကျွန်တော်တို့ဆီမှာ မီးစိမ်းပြဖို့ စောင့်နေတဲ့ ထွက်ပြေးလာကြသူတွေ အများကြီး ရှိနေပါတယ်။ သူတို့တွေ အားလုံးကို နိုင်ငံရပ်ခြားမှာ ပြန်ပြီး နေရာချထားဖို့နဲ့ ငွေကြေးပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကိုလည်း ဆောင်ရွက်သွားမှာပါ” လို့ Asia Times ကို အဲဒီအရာရှိက ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ဘက်က မီးစိမ်းပြလိုက်နိုင်ခဲ့ပြီဆိုတာနဲ့ ထောင်နဲ့ချီတဲ့ လုံခြုံရေးဝန်ထမ်းတွေ နိုင်ငံရပ်ခြားကို ထွက်ခွာသွားကြပါလိမ့်မယ်”
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းချိန်ကစပြီး စစ်တပ်ဘက်ကနေ ဘက်ပြောင်းလာခဲ့တဲ့ လုံခြုံရေးဝန်ထမ်းပေါင်း ၃၀၀၀ ကျော် ရှိနေတယ်လို့ ထွက်ပြေးပြီး ဘက်ပြောင်းလာခဲ့ကြသူတွေရဲ့ အွန်လိုင်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ People’s Embrace ရဲ့ အဆိုအရ သိရပါတယ်။
ဒါပေမယ့်လည်း လုံခြုံရေးပိုင်းဆိုင်ရာ ဘေးအန္တရာယ်တွေကြောင့် အထောက်အထားစာရွက်စာတမ်း ဒါမှမဟုတ် မှတ်ပုံတင်တာမျိုး နည်းပါးနေပြီး အမှန်တကယ် ဘက်ပြောင်းလာသူ အရေအတွက်က ရရှိထားတဲ့ အချက်အလက်တွေထက် ပိုပြီး များနိုင်ပါတယ်။ စစ်အာဏာရှင်လက်အောက်က ရာထူးစွန့်ပြီး ဘက်ပြောင်းခဲ့ကြတဲ့ စစ်သား၊ ရဲနဲ့ အရပ်ဘက်ဝန်ထမ်းအရေအတွက်က ၁၀၀၀၀ ကျော် ရှိကောင်းရှိနိုင်တယ်လို့ အခြား လေ့လာသုံးသပ်သူတွေက Asia Times ကို ပြောပါတယ်။
“စစ်သားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကဟာ ဖိနှိပ်မှုစနစ်ရဲ့ သားကောင်တွေပါပဲ” လို့ ထင်ရှားတဲ့ တက်ကြွလှုပ်ရှားသူနဲ့ တပ်မတော်အရာရှိတစ်ယောက်ရဲ့သမီးဖြစ်တဲ့ သဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
“စစ်တပ်အတွင်း ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တွေ့ခဲ့ရပါတယ်။ ကျွန်မတို့ လူ့အခွင့်အရေးအကြောင်း ပြောနေတယ်ဆိုတာက သူတို့အတွက် အသက်ပေးရမယ်လို့ ဗိုလ်ချုပ်တွေနဲ့ စစ်အာဏာရှင်တွေရဲ့ ဦးနှောက်ဆေးပေးတာကို ခံထားရတဲ့ မြေပြင်စစ်သားတွေနဲ့ သူတို့ မိသားစုဝင်တွေအပါအဝင် ကျွန်မတို့အားလုံးအတွက် ပြောနေရတာပါ။ အဲဒီလို လူတွေကို ကျွန်မတို့ ကယ်တင်ဖို့လိုပါတယ်” လို့ သဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
ဘက်ပြောင်းထွက်ပြေးလာကြသူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို ထောက်ခံအားပေးတဲ့ နေရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်သူတွေ ဖြစ်ကြသလို စစ်တပ်ရဲ့ ထိလွယ်ရှလွယ် သတင်းအချက်အလက်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖြိုခွဲရေးသတင်း ရယူရာမှာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေပါတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း ရဟတ်ယာဥ်မောင်းတဲ့ အရာရှိ တစ်ယောက် ဘက်ပြောင်းလာခဲ့တဲ့အတွက် ဒီလ အစောပိုင်းတုန်းက ကလေးငယ် အနည်းဆုံး ၁၁ ယောက် သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး လက်ယက်ကုန်းရွာဖြစ်စဥ်မှာ စစ်ကောင်စီရဲ့ တိုက်လေယာဥ်မောင်းသမားတွေက ကျေးရွာကို ဘယ်လိုပုံစံ တိုက်ခိုက်ခဲ့ကြောင်း သတင်းအချက်အလက်တွေ ရရှိခဲ့ပါတယ်။
ဘက်ပြောင်းထွက်ပြေးလာကြသူ အများစုကလည်း အရပ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တွေ ဒါမှမဟုတ် စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့အတူ လက်နက်ကိုင်ပြီး စစ်ကောင်စီကို တိုက်ခိုက်နေကြပါတယ်။ ဧရာဝတီသတင်းဌာနရဲ့ ပြီးခဲ့တဲ့လ သတင်းဖော်ပြချက်အရ စစ်သားအနည်းဆုံး ၁၀၀ လောက် ရက္ခိုင့်တပ်တော် (AA) ဆီမှာ လက်နက်ချအလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ရက္ခိုင့်တပ်တော် (AA) ကလည်း စစ်ကောင်စီတပ်တွေနဲ့ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။
“တကယ်လို့သာ တပ်အပြင် ထွက်လာမယ့် စစ်သားတွေအတွက် ဖြစ်နိုင်ချေရှိတဲ့ အရပ်သားဘဝ တစ်ခု ပေးနိုင်ပြီး ထောက်ပံ့တာမျိုးတွေ လုပ်ပေးနိုင်ခဲ့မယ်ဆိုရင် အမိန့်အာဏာကို ဖီဆန်ပြီး အပြင်ထွက်လာကြပါလိမ့်မယ်” လို့ သဉ္ဇာရွှန်းလဲ့ရည်က ပြောပါတယ်။
“အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေ”၊ “ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပြန်လည် ဖော်ဆောင်နိုင်မယ့် လှုပ်ရှားမှုတွေ” ကို ထောက်ခံနိုင်ဖို့အတွက်ဆိုရင် အနောက်နိုင်ငံတွေ၊ အရှေ့တောင် အာရှအစိုးရတွေအနေနဲ့ ဘက်ပြောင်းလာရေးနဲ့ ဘက်ပြောင်းလာနိုင်မယ့် အစီအစဥ်တွေကို ထောက်ခံဖို့လိုပါတယ်။
နိုင်ငံခြားအစိုးရတွေအတွက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေမှာ ဘက်ပြောင်းလာသူတွေကို ထောက်ခံခြင်းက အကောင်းဆုံးနဲ့ အထိရောက်ဆုံး ပါဝင်နိုင်တဲ့ နည်းလမ်း တစ်ခုပါပဲ။ တိုင်းပြည်ရဲ့ ခုခံတော်လှန်ရေးလှုပ်ရှားမှုမှာ ငွေကြေးပိုင်းဆိုင်ရာ လိုအပ်ချက်က အရေးကြီးတဲ့ လမ်းကြောင်းတစ်ခုဖြစ်တဲ့အတွက် ဒီမိုကရက်တစ်အနောက်နိုင်ငံတွေက NUG ရဲ့ တရားဝင်ဖြစ်မှုကို အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒါပေမယ့်လည်း အာဏာသိမ်းပြီး NUG ဖွဲ့စည်းချိန်ကတည်းကစပြီး NUG ကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုဖို့ အဆင်သင့် ဖြစ်မနေကြသေးတာကို တွေ့ရပါတယ်။
ဒီရွေးချယ်စရာ နှစ်ခုကလည်း ဥပဒေရေးရာနဲ့ သံတမန်ရေးရာ မေးခွန်းတွေနဲ့ ပြည့်နှက်နေပါတယ်။ နိုင်ငံအများစုရဲ့ မူဝါဒတစ်ခုက နိုင်ငံကို အသိအမှတ်ပြုတာသာဖြစ်ပြီး အစိုးရအဖြစ် အသိအမှတ်ပြုတာမျိုး မဟုတ်တာပါပဲ။ ဒါပေမယ့်လည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေဆီကနေ ထွက်ပြေးလာကြတဲ့သူတွေကို နိုင်ငံရေးအရ ခိုလှုံခွင့်ပေးခဲ့မယ်ဆိုရင်၊ လက်ခံခဲ့မယ်ဆိုရင် တရားရေး ဒါမှမဟုတ် သံတမန်ရေးဆိုင်ရာ အတားအဆီးတွေ နည်းနည်းလောက်သာ ရှိလိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ဩစတြေးလျအစိုးရအနေနဲ့ ထွက်ပြေးဘက်ပြောင်းလာသူ ပမာဏ ဘယ်လောက်ကို လက်ခံမယ်ဆိုတာ သေချာ မသိရပေမယ့် မတ်လမှာ Sydney Morning Herald က ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၁ ရက်ကနေ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ မြန်မာနိုင်ငံက လူပေါင်း ၅၁၃ ယောက်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဗီဇာလို့လည်း လူသိများတဲ့ ကုန်းတွင်းအကာအကွယ်ဗီဇာတွေ ပေးအပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီပမာဏက ထွက်ပြေးလာသူ အားလုံး ပါဝင်တဲ့ အရေအတွက်တော့ မဟုတ်ပါဘူး။
ဘယ်လိုပဲဖြစ်နေပါစေ၊ ဒီနှစ်အစောပိုင်း ဩစတြေးလျရဲ့ ခိုလှုံခွင့်ပြုရေးအစီရင်ခံစာတွေနဲ့ပတ်သက်ပြီး ဩစတြေးလျအစိုးရအနေနဲ့ နှုတ်ဆိတ်နေတဲ့အတွက်ကြောင့် ဒီလုပ်ရပ်က စစ်ကောင်စီတပ်ဖွဲ့တွေအပေါ် စိတ်ဓာတ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေနဲ့ အကဲခတ်လေ့လာသူတွေက ယူဆထားကြပါတယ်။ အဲဒီအချိန်ပိုင်းလောက်မှာပဲ စစ်သားတွေရဲ့ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားမှုတွေနဲ့ စမတ်ဖုန်းအသုံးပြုခွင့်တွေကို စစ်ကောင်စီက ကန့်သတ်ချုပ်ချယ်တာတွေ လုပ်ခဲ့ပါတယ်။ အနောက်နိုင်ငံရဲ့ နိုင်ငံရေးသမားတွေအနေနဲ့ မူအရ ဘက်ပြောင်းထွက်ပြေးလာကြသူတွေကို ကူညီပံ့ပိုးပေးနေပေမယ့် နိုင်ငံအစိုးရ တစ်ရပ်အတွက်တော့ ဆွေးနွေးစရာ ကိစ္စတစ်ခု ဖြစ်မလာခဲ့ပါဘူး။
“ယေဘုယျအနေနဲ့ဆိုရင်တော့ NUG နဲ့ မြန်မာအတိုက်အခံတွေဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကနေ ထွက်ပြေးလာကြသူတွေကို ကြိုဆိုပြီး သူတို့ကို ငွေကြေးနဲ့ တခြားအထောက်အပံ့တွေ ပေးနိုင်ခဲ့တာက ချီးကျူးစရာ ကောင်းပါတယ်။ ချီးကျူးဖို့ ကောင်းတာတွေကို သူတို့တွေ လုပ်ခဲ့ကြတယ်” လို့ ဥရောပပါလီမန်ဒုဥက္ကဌ Heidi Hautala က Asia Times ကို ပြောပါတယ်။
“NUG အနေနဲ့ ဒီလို အရေးတကြီးအလုပ်တွေ ဆက်ပြီး လုပ်ဆောင်ဖို့ လိုသလို အနောက်နိုင်ငံအစိုးရတွေကလည်း လုံလောက်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးဖို့ လိုတယ်” လို့လည်း သူမက ဖြည့်စွက်ပြောခဲ့ပါသေးတယ်။
တချို့ကိစ္စတွေမှာတော့ အိမ်နီးချင်းနိုင်ငံ ဒါမှမဟုတ် တခြားနိုင်ငံရပ်ခြားမှာ ခိုလှုံခွင့် တောင်းခံတာမျိုးက “သူတို့အတွက် အကောင်းဆုံး ရွေးချယ်မှု” ဖြစ်နိုင်တယ်လို့လည်း သူက ပြောပါသေးတယ်။
“ထွက်ပြေးလာသူတွေဆီက တစ်ဦးချင်း ခိုလှုံခွင့်လျှောက်လွှာတွေကို သတ်မှတ်ထားတဲ့ နိုင်ငံတကာဥပဒေတွေနဲ့အညီ အမြဲတမ်း ဆုံးဖြတ်လုပ်ကိုင်သင့်တယ်” လို့လည်း ပြောပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ မေးခွန်းတွေကို တုံ့ပြန်ဖြေဆိုတာမျိုး မရှိပေမယ့် အမေရိကန်အစိုးရနဲ့ NUG အရာရှိတွေအကြားမှာလည်း ဘက်ပြောင်းလာသူတွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရှိနေပါတယ်။
“အမေရိကန်ဟာ စစ်အာဏာသိမ်းတာနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်တဲ့အတွက် သူတို့ရဲ့ ခွဲတမ်းကို တိုးမြှင့်သင့်ပါတယ်” လို့ ဝါရှင်တန်အခြေစိုက် National War College က အရှေ့တောင်အာရှလေ့လာရေးပါမောက္ခ Zachary Abuza က ပြောပါတယ်။
“ကျွန်တော်တို့ရဲ့ ဒုက္ခသည်အရေအတွက်က (အရင် ထရမ့်အစိုးရလက်ထက်ကနေ) ခုထိ ပြန်ကောင်းမလာသေးဘူး။ ဝမ်းနည်းဖို့ ကောင်းတာက ကျွန်တော်တို့ရဲ့ ကြွေးကြော်သံနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကြားမှာ အဆက်အစပ် ပြတ်တောက်သွားတာပါ” လို့ သူက ပြောပါတယ်။
နောက်ထပ် အတားအဆီးတစ်ခုက ဘက်ပြောင်းလာသူတွေရဲ့ ဘက်ပြောင်းမလာခင်အချိန် စစ်တပ်အတွင်း ရှိနေချိန် လုပ်ကိုင်ခဲ့တာတွေပါ။ အရပ်သားတွေအပေါ် နှိပ်စက်ညှဥ်းပမ်းမှုတွေကိုလည်း ထည့်သွင်းစဥ်းစားဖို့ လိုတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလမှာတော့ ဘက်ပြောင်းသူတွေအတွက် ထောက်ပံ့ကြေးကို NUG က တိုးမြှင့်ပေးခဲ့ပါတယ်။ နိုင်ငံခြား အစိုးရတွေအနေနဲ့လည်း NUG ဆီ ရန်ပုံငွေတိုက်ရိုက်လှူဒါန်းပေးပြီး ဘက်ပြောင်းလာသူတွေကို ထောက်ပံ့ဖို့ ကူညီပံ့ပိုးပေးနိုင်ပါသေးတယ်။
ကြည်ဖြူစံ
“Asia Times”တွင်ဖော်ပြထားသော ဆောင်းပါးရှင် “David Hutt” ၏ “West needs to pay for Myanmar military defections” ကို ဆီလျော်အောင် ရေးသားသည်။