ဘုန်းမောင်
သြဂုတ် ၆၊ ၂၀၂၄။
စစ်ကောင်စီသည် ပြီးခဲ့သောဇူလိုင်လ ၃၁ တွင် ၎င်းနောက်ဆုံးထုတ်ပြန်ထားသော အရေးပေါ်ကာလသက် တမ်း ၆ လကုန်ဆုံးခဲ့ပြီဖြစ်သဖြင့် နောက်ထပ် ၆ လ ထပ်မံသက်တမ်းတိုးမြှင့်လိုက်သည်။
အဆိုပါ နောက်ထပ် ၆ လသက်တမ်းတိုးမြှင့်ခဲ့သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်း အဝေးကို စစ်ကောင်စီအဖွဲ့ဝင် ၆ ဦးဖြင့် ပြီးခဲ့သောဇူလိုင်လ ၃၁ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌရုံးတွင်ကျင်းပခဲ့သည်။
တစ်ချိန်တည်းတွင်ပဲ စစ်ကောင်စီက ရွေးကောက်ပွဲပြန်လည်စတင်ရန်စီစဥ်နေပြီး တရုတ်နိုင်ငံကလည်း မြန်မာစစ်ခေါင်းဆောင်များနှင့် သံတမန်ရေးဆိုင်ရာဆွေးနွေးပွဲများအတွက် တံခါးဖွင့်ပေးထားသည်ဟူသော ထင်ကြေးများလည်း ပေါ်ထွက်နေပါသည်။
ယင်းသို့ တရုတ်နိုင်ငံနှင့် သံတမန်ရေးဆိုင်ရာဆွေးနွေးမှုများတွင် ယခင်နိုင်ငံတော်သမ္မတတာဝန်ထမ်း ဆောင်ခဲ့သော ဦးသိန်းစိန်ပါဝင်ခဲ့သလို လက်ရှိမြန်မာစစ်တပ်၏ ဒုတိယအကြီးဆုံးဖြစ်သော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းလည်းပါဝင်နေပါသည်။
၎င်းတို့နှင့်အတူ စစ်တပ်လိုလားသော မြန်မာနိုင်ငံ၏နိုင်ငံရေးပါတီ ၄ ပါတီကကိုယ်စားလှယ်များသည် ပြီးခဲ့ သော သီတင်းပတ်အစောပိုင်းတွင် တရုတ်ကွန်မြူနစ်ပါတီ၏ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ရောက်ရှိ လာခဲ့ကြသည်။
တရုတ်သံရုံး၏ထုတ်ပြန်ချက်အရ ပြီးခဲ့သောဇွန်လ ၂၆ ရက်တွင် တရုတ်သံအမတ်ကြီးမစ္စတာချန်ဟိုင်သည် နေပြည်တော်ရှိ သမ္မတဟောင်းဦးသိန်းစိန်နှင့်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံပြီးနောက် ဇွန်လ ၂၇ ရက်မှာ တော့ သမ္မတဟောင်းဦးသိန်းစိန်နှင့်အဖွဲ့ တရုတ်နိုင်ငံကိုသွားရောက်ခဲ့ကြပါသည်။
ထိုသို့သွားရောက်ရခြင်းမှာ တရုတ်နိုင်ငံ၏ ငြိမ်းချမ်းစွာအတူယှဥ်တွဲနေထိုင်ရေး မူ ၅ ရပ်ထုတ်ပြန်ခဲ့သည့် နှစ် ၇၀ ပြည့်အခမ်းအနားကို တက်ရောက်ရန်ဖြစ်သည်ဟု တရုတ်သံရုံးကထုတ်ပြန်ထားသော်လည်း စစ် ကောင်စီဘက်ကတော့ တစုံတရာထုတ်ပြန်ခဲ့ခြင်းမရှိပေ။
သမ္မတဟောင်း၏အဆိုပါတရုတ်ခရီးစဥ်သည် ၎င်းသမ္မတတာဝန်က အနားယူခဲ့သည့် ၂၀၁၆ ခုနှစ်နောက်ပိုင်း တရုတ်ကိုသွားရောက်ခဲ့သည့်ခရီးစဥ်တစ်ခုဖြစ်သလို ရှမ်းပြည်မြောက်ပိုင်းတွင် တကျော့ပြန်စစ်ဆင်ရေး များတင်းမာလာနေချိန်၌ သွားရောက်ခဲ့သောခရီးစဥ်တစ်ခုလည်း ဖြစ်သည်။
သမ္မတဟောင်းနှင့်အတူ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ – MISIS ဥက္ကဋ္ဌ ဦးသန့် ကျော်၊ မြန်မာ- တရုတ်ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦးတို့အပြင် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု ၏သမီးဖြစ်သလို ဦးနု- ဒေါ်မြရီဖောင်ဒေးရှင်း ဥက္ကဋ္ဌလည်းဖြစ်သော ဒေါ်သန်းသန်းနုသည်လည်း အဆိုပါ ခရီးစဥ်မှာပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အလားတူ ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်းသည်လည်း ဇူလိုင်လ ၆ ရက်မနက်ပိုင်းတွင် တရုတ်နိုင်ငံကိုသွား ရောက်ခဲ့ပြီး တရုတ်နိုင်ငံတွင်ကျင်းပနေသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိမ်းရောင်ဖွံ့ဖြိုး တိုးတက်ရေးဖိုရမ်ကို တက်ရောက်ခဲ့သည်ဟု သိရသည်။ အဆိုပါခရီးစဥ်သည် စစ်အာဏာသိမ်း ၃ နှစ်ခွဲ ကျော်ကာလအတွင်း စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်တစ်ဦး၏ ပထမဆုံးသောတရုတ်ခရီးစဥ်လည်း ဖြစ် ခဲ့ပါသည်။
ယမန်နှစ်က ဘေဂျင်းတွင်ပြုလုပ်ခဲ့သော တတိယအကြိမ်ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဖိုရမ်ကို ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက်ခဲ့ပါသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် မြန်မာစစ်တပ်က ရွေးကောက်ခံအရပ်သားအစိုးရကိုဖြုတ်ချပြီးနောက်ပိုင်း နိုင် ငံအနှံ့တိုက်ပွဲများပြင်းထန်နေသဖြင့် ရွေးကောက်ပွဲကျင်းပရန် တရုတ်ကစစ်ကောင်စီက ဖိအားများပေးနေ ပါသည်။ ယင်းသို့သောအချိန်မျိုးမှာပဲ တရုတ်၏ဝှက်ဖဲများ တပြိုင်နက်တည်းပေါ်ပေါက်လာခဲ့ခြင်းက တိုက် ဆိုင်မှုတစ်ခုတော့ မဟုတ်နိုင်ပါ။
သို့သော် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အပါအဝင် ဧရာဝတီမြစ်ဝှမ်းဒေသကိုဝန်းရံထားသော တိုင်းရင်း သားလူနည်းစုများနေထိုင်ရာ နယ်မြေအများအပြားတွင် စစ်ကောင်စီ၏ထိန်းချုပ်နိုင်စွမ်းများလျော့နည်းလာ နေပါသည်။ လက်ရှိမှာတော့ စစ်ကောင်စီသည် စစ်မြေပြင်တွင်အောင်ပွဲများရရှိရန်ခဲယဥ်းနေသလို နိုင်ငံရေး အောင်မြင်မှုကလည်း မလွယ်ကူပါ။
မြန်မာစစ်တပ်၏အရှိုက်ကို အကြီးဆုံးထိုးနှက်နေသော နောက်ထပ်တစ်ချက်က မကြာခင်မှာပင် EAO များ နှင့် PDF များသည် မန္တလေးကိုတိုက်ခိုက်လာတော့မည့် အလားအလာဖြစ်သည်။
မြောက်ပိုင်းညီနောင်မဟာမိတ်များနှင့် PDF များပူးပေါင်းထားသည့် ၁၀၂၇ စစ်ဆင်ရေး – ဒုတိယပိုင်း ရှမ်း ပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းဒေသကြီးများတွင် ပြန်လည်စတင်ပြီးနောက်ပိုင်း လူပေါင်း ၁၅၀,၀၀၀ ထွက်ပြေးတိမ်းရှောင်နေရသည်။
မြန်မာနိုင်ငံတွင် တော်လှန်ရေးအဖွဲ့အစည်းများက နိုင်ငံဧရိယာအများစုကို ထိန်းချုပ်ထားနိုင်နေပြီဖြစ်သော် လည်း EAO အဖွဲ့ ၂၀ ကျော်နှင့်အတူ PDFs ၊ NUG တို့ကတော့ နိုင်ငံတကာ၏လျစ်လျူရှုမှုကို ခံနေရဆဲ ဖြစ်သည်။
ပြီးခဲ့သောသီတင်းပတ်များအတွင်း လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကျင်း ပခဲ့ပြီး အာဆီယံသည် ၎င်း၏ ငြိမ်းချမ်းရေးသဘောတူညီချက်အစီအစဥ် ၅ ရပ်ကို ကျော်လွန်ရန်ကြိုးပမ်း နေပြီး လာအို၊ အင်ဒိုနီးရှားနှင့် မလေးရှားပါဝင်သောအဖွဲ့တစ်ဖွဲ့က စစ်ကောင်စီနှင့် စေ့စပ်ညှိနှိုင်းမှုများ စတင် မည်ဟုလည်း ထုတ်ပြန်ကြေညာခဲ့သည်။
ရုတ်တရက်ကြည့်လိုက်လျှင်တော့ အာဆီယံ၏စက္ကူပေါ်ကကြေညာချက်များက အဆင်ပြေသယောင်ရှိနေ သော်လည်း တကယ်တမ်းလက်တွေ့မှာတော့ အာဆီယံ၏ထုတ်ပြန်ချက်များက မြန်မာ့အရေးတွင် အာဆီ ယံ၊ ကုလသမဂ္ဂအပါအဝင် ဒေသတွင်းအိမ်နီးချင်းနိုင်ငံများ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သောကျရှုံးမှုများကို သာ ပိုမိုဖော်ပြနေခြင်းဖြစ်သည်။
ပြီးခဲ့သောဧပြီလက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခံအပ်ခြင်းခံခဲ့ရသော ဩစတြေး လျနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘိရှော့ထံကလည်း မြန်မာ့အရေးနှင့်ပတ်သက်သောစကားများကြား ရခဲနေပါသေးသည်။
မြန်မာ့အရေးနှင့်ပတ်သက်ပြီး တရုတ်က ၎င်း၏ထုတ်ကုန် သံခင်းတမန်ခင်းနည်းလမ်းဖြင့် အလျင်အမြန်ပင် ချည်းကပ်ကစားနေသည်ကို တွေ့ရပေလိမ့်မည်။ ထိုသို့ကစားနေခြင်းက မြန်မာနိုင်ငံကိုဖြတ်ကာ တရုတ်နိုင်ငံ ကိုသွယ်တန်းထားသည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများကို ကာကွယ်လိုခြင်းကြောင့်လည်းဖြစ်ပေ သည်။
မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့များဖြစ်ကြသည့် အာရက္ခတပ်တော်၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့နှင့် ညှိနှိုင်းနိုင်ခဲ့ခြင်းက တရုတ် အတွက်တော့ ဂုဏ်ယူထိုက်သောကိစ္စလည်းဖြစ်ပါသည်။
နောက်ထပ်ပို၍အရေးကြီးသည်က ဘေဂျင်းသည် နောက်ထပ် နောက်ထပ်သော မြန်မာနိုင်ငံတွင်းရှိ EAO များနှင့် ဆွေးနွေးလိုကြောင်းပြသခဲ့ခြင်းဖြစ်သည်။ NUG သည် ဘေဂျင်း၏အကျိုးစီးပွားကိုကာကွယ်ရန် ရည်ရွယ်သော တရုတ်တစ်နိုင်ငံတည်းမူဝါဒကိုထောက်ခံကြောင်းနှင့် မြန်မာနိုင်ငံတွင်ရှိနေသော တရုတ်ရင်း နှီးမြှုပ်နှံမှုများနှင့် စီးပွားရေးလုပ်ငန်းများအား အကာအကွယ်ပေးမည်ဖြစ်ကြောင်းများအပါအဝင် မူဝါဒ ၁၀ ချက်ပါ ကြေညာချက်တစ်စောင်ကို ပြီးခဲ့သောဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်ခဲ့ဖူးပါသည်။
သို့သော် စစ်ကောင်စီကျင်းပရန်စီစဥ်နေသော ရွေးကောက်ပွဲများမှာတော့ NUG နှင့် EAO / PDF များပါ ဝင်ကြမည်မဟုတ်ပါ။ အဆိုပါအဖွဲ့အစည်းများ၏ သဘောထားများအားပေါင်းစပ်ကြည့်မည်ဆိုပါက ၎င်းတို့ သည် မြန်မာနိုင်ငံ၏နယ်မြေအများအပြားကိုထိန်းချုပ်ပြီးဖြစ်နိုင်နေပြီဖြစ်ပြီး အချို့ကတော့ မင်းအောင်လှိုင် နှင့်အပေါင်းအပါတစ်သိုက်ကို နိုင်ငံတကာစစ်ခုံရုံးတင်ရန် အားသန်နေကြပါသည်။
မြန်မာစစ်တပ်အာဏာသိမ်းပြီးချိန်ကတည်းက ရွေးကောက်ပွဲပြန်လည်ကျင်းပမည်ဟု တောက်လျှောက် ပြောဆိုလာခဲ့သော်လည်း အာဏာသိမ်းကာလ ၃ နှစ်ခွဲအတွင်းမှာပင် မြန်မာစစ်တပ်သည် နိုင်ငံလုံးဆိုင်ရာ ဆန္ဒမဲများကောက်ယူရာတွင် ထောက်ပံ့ပို့ဆောင်ရေးကိုလုပ်ဆောင်နိုင်စွမ်းမရှိတော့ပြီဖြစ်ကြောင်း နိုင်ငံတ ကာကလည်း သိထားပြီးဖြစ်သဖြင့် မဲရုံများသည် လိမ်လည်မှုအပေါင်းသရဖူဆောင်းနေမည်သည်ဖြစ်ပြီး နိုင်ငံတကာ၏ သရော်ခြင်းများနှင့်လည်း ထပ်မံရင်ဆိုင်ရဦးမည်သာဖြစ်သည်။
အဆိုပါအခြေအနေများအား နိုင်ငံတကာကသိပြီးဖြစ်သလို တရုတ်ကလည်း ကောင်းစွာသိပြီးဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲများကျင်းပရန် တရုတ်က ဆက်လက်ဖိအားပေးနေပေလိမ့်မည်။
ထိုသို့ဆိုပါမူ အဓိကအချက်က မည်သည့်အရာဖြစ်မည်နည်း။
အဆိုပါပြဿနာများအားလုံးပြေလည်စေရန်အတွက် မင်းအောင်လှိုင် ပေးစရာနောက်ဆုံးကတိကတော့ လာ မည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကျင်းပရန်ဖြစ်ပြီး စစ်တပ်ထိန်းချုပ်မှုအောက်ရှိနယ်မြေများတွင် ရွေး ကောက်ပွဲကျင်းပနိုင်ရန် တရုတ်ကအကြံဉာဏ်များပေးရန်နှင့် ထောက်ပံ့ပို့ဆောင်ရးများကိုလည်း တရုတ်က ကူညီရန်ဖြစ်သည်။
အဆိုပါ တရုတ်အကူအညီပေးရေးကိစ္စက စစ်တပ်ထိန်းချုပ်နယ်မြေများရှိတရုတ်တို့၏ပိုင်ဆိုင်မှုများကိုကာ ကွယ်ရန်နှင့် မြန်မာနိုင်ငံအနှံ့ တရုတ်တို့ခြေစင်္ကြာဖြန့်နိုင်ရေးသာဖြစ်ပေတော့သည်။
နိဂုံးချုပ်ရမည်ဆိုလျှင်တော့ ရှမ်းပြည်မြောက်ပိုင်းရှိ တရုတ်ပိုက်လိုင်းများကို EAO / PDF များကကာကွယ် ပေးရမည်ဖြစ်သည်။ ထို့အတူ စစ်တပ်ထိန်းချုပ်နယ်မြေများတွင်လည်း စစ်တပ်ကရွေးကောက်ပွဲကျင်းပပေး ခြင်းဖြင့် တရုတ်အကျိုးစီးပွားများကို ကာကွယ်ပေးရန်သာဖြစ်ပါတော့သည်။
မှီးငြမ်း – The Diplomat – “In Myanmar, An Impossible Election Is in China’s Interests”