သံလွင်ခက်
သြဂုတ် ၅၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မြန်မာအမျိုးသားတပ်မတော်ဒီမိုက ရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က သြဂုတ်လ ၃ ရက်မှာ သိမ်းပိုက်ခဲ့ပြီးနောက် တိုင်းမှူးဟောင်းအပါအဝင် အရာရှိကြီးတချို့ဖမ်းဆီးခံခဲ့ရတယ်လို့ စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ဝန်ခံလိုက်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့ ညနေပိုင်းကစပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီး တိုက်ပွဲကို ကွပ်ကဲခဲ့တဲ့ အရာရှိကြီးအချို့အဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ၎င်းကဆိုပါတယ်။
ဒါပေမယ့် ဘယ်သူတွေပါဝင်တယ်ဆိုတာကိုတော့ ထည့်သွင်းပြောဆိုခဲ့တာမျိုး မရှိပါဘူး။
ဒီနေ့မနက်ပိုင်းမှာတော့ တိုက်ပွဲအတွင်း MNDAA က တိုင်းမှူးဟောင်းဗိုလ်ချုပ်စိုးတင့်၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (၁) ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မျိုးမင်းထွေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဦးချုပ်ဗိုလ်မှူးချုပ် သန့်ထင်စိုးတို့ကို ဖမ်းဆီးထားတဲ့ ဓာတ်ပုံတွေဟာ ဝီချက်လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပါတယ်။
အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို မြန်မာအမျိုးသားတပ်မတော်ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) က တစ်လနီးပါး တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်ဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရဲ့ ၅၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်ပြီး စစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ် ၁၄ ခု ရှိတဲ့အနက် ပထမဦးဆုံးလက်လွှတ်ခဲ့ရတဲ့ တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်ပါတယ်။