ကိုနီတာ၊ သံလွင်ခက်။
သက်တမ်းတိုးထားသည့် မြန်မာနိုင်ငံ၏ အရေးပေါ်ကာလ ၆ကြိမ်မြောက်မှာ ယခုဩဂုတ်လ ၁ ရက်တွင် စတင်ခဲ့သည်။
ယခု ၆ လတာတွင် အသက် ၆၈ နှစ်အရွယ်ရှိသော ကာကွယ်ရေးဦးစီးချုပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက ဥက္ကဌ)အဖြစ်သာမက ကိုယ်တိုင်ခန့်အပ်ထားသော ယာယီသမ္မတ(တာဝန်)အဖြစ် တွေ့မြင်ရမည်ဖြစ်သည်။
အဆိုပါ စစ်ဝတ်စုံဝတ်ဆင်ထားသော ယာယီသမ္မတအနေဖြင့် လက်ရှိ အရေးပေါ်ကာလ လေးရက်တာအတွင်း ယခင်မတူသော လုပ်ရပ်များကို ဆောင်ရွက်ခဲ့သည်။
◼ဘုန်းကံအစ ရှမ်းပြည်က
ဩဂုတ်လ ၃ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ကို ကိုးကန့်တပ်များအလုံးစုံသိမ်းပိုက်နိုင်ခြင်းဖြင့် ဘုန်းကံကို စတင်ခဲ့သည်။
ရမခဝန်းအတွင်းရှိ စစ်ဆေးရုံတွင် ထိခိုက်ဒဏ်ရရှိနေသော စစ်သည်များနှင့် မိသားစုဝင် ၄၇၀ ကျော်ကို ချန်ထားခဲ့သဖြင့် လက်ရှိအချိန်တွင် MNDAA ကိုးကန့်တပ်က လုံခြုံသောနေရာများသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
◼ခေါင်းဆောင်ကောင်းလို့ နောက်လိုက်ပျောက်
ဩဂုတ်လ ၄ ရက်တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)၏ တိုင်းမှူးအပါအဝင် အရာရှိကြီးများအား MNDAA က အရှင်ဖမ်းမိထားခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါအရာရှိကြီးများနှင့် ဩဂုတ် ၃ ရက်ညနေအထိသာ နောက်ဆုံးအဆက်အသွယ်ရခဲ့သည်ဟု ပြောဆိုထားသည်။
◼ဆင်ဖြူတော်မှီပြီး ကြံဘယ်လိုစုပ်
ထိုအချိန်တွင် ယာယီသမ္မတ(တာဝန်)ဦးမင်းအောင်လှိုင် ထီးနန်းစိုက်နေသည့် နေပြည်တော်အမိန့်ဟုသော ထုတ်ပြန်ချက်တွင် သတင်းများထွက်ပေါ်နေသည့် ပုသိမ်မြို့၊ ရာဘာခင်းအနီးမှ ဆင်ဖြူတော်ကို ရှာဖွေရန်ဟု ပါဝင်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင်လည်း တောင်ကုတ်မြို့တွင် မွေးခဲ့သည့် ဆင်အား ဆင်ဖြူတော်ကြန်အင် လက္ခဏာညီသည်ဟုဆိုကြာ “ ဆင်ဖြူတော် ရဋ္ဌနန္ဒက”ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(နစက ဥက္ကဌ)က အမည်ပေးခဲ့သည်။
အဆိုပါ ရဋ္ဌနန္ဒက၏ တစ်နှစ်ပြည့်မွေးနေ့ကို ၂၀၂၃ ခုနှစ်တွင်ကျင်းပခဲ့ပြီး စစ်ကောင်စီတစ်ဖွဲ့လုံး တက်ရောက်ခဲ့သည်။
MRTVနှင့် မြန်မာ့အလင်းသတင်းများတွင်လည်း ခေါင်းကြီးသတင်းအဖြစ် အဆိုပါ ရဋ္ဌနန္ဒကအကြောင်းကို ဖော်ပြလေ့ရှိသည်။
◼ပြည်ပအားကိုး ကြံ့ဖွံ့မျိုး
အဆိုပါဖြစ်ရပ်များတစ်ဖက်တွင်လည်း ရဲချုပ်ဟောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဥက္ကဌ ဦးခင်ရီက ရုရှားနိုင်ငံအား စစ်ကူပေးရန် ပြောဆိုလာခဲ့သည်။
ရုရှားသတင်းဌာန Sputnik နှင့် တွေ့ဆုံမေးမြန်းရာတွင် “ ရုရှားလုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွေမှာ ပါဝင်လုပ်ဆောင်ဖို့၊ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခကို အကြမ်းဖက်မှုတွေအဖြစ် အသိအမှတ်ပြုပေးဖို့” ဟု ကြံ့ဖွံ့ဥက္ကဌက ပြောဆိုခဲ့ခြင်းဖြစ်သည်။
◼ယာယီသမ္မတ သက်သေထူပြီ
ထိုသို့ ပြောဆိုပြီးနောက်တွင် ဩဂုတ်လ ၄ ရက်၌ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်မှ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ နွယ်ရုံနှင့် ကံတောင်ရွာများသို့ လေကြောင်းမှ အတွဲလိုက် ဗုံးကြဲချခဲ့သည်။
တိုက်ပွဲများမဖြစ်ပွားသည့် အဆိုပါကျေးရွာမှာ ကလေးငယ်များအပါအဝင် ဒေသခံ ၁၃ ဦးသေဆုံးခဲ့ရသည်။
အချုပ်အားဖြင့်ဆိုသော် နိုင်ငံ၏ အရေးပေါ်ကာလ ၄ ရက်တာတွင် ယာယီသမ္မတ(တာဝန်)အနေဖြင့် စစ်ခေါင်းဆောင်သည် စစ်ဌာနချုပ်တစ်ခု ဆုံးရှုံးခြင်း၊ စစ်သည်နဲ့ မိသားစု ၄၀၀ ကျော် ဖမ်းဆီးခံရခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ဆင်ဖြူတော်ရှာရန်ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့သည်။
စစ်ယူနီဖောင်းချွတ်ပါတီအနေဖြင့် အခြားနိုင်ငံစစ်တပ်သို့ လူသိရှင်ကြားအကူအညီတောင်းခံခြင်းကို မြင်တွေ့ရပြီဖြစ်သည်။