နိုဝင်ဘာ ၅ ရက် နံနက် ၇ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး ရွှေပေါက်ကံမြို့နယ် ၁၇ ရပ်ကွက်တွင် မွေးကင်းစကလေးငယ် တစ်ဦး စွန့်ပစ်ခံခဲ့ရသည်။
စွန့်ပစ်ခံရသည့် ကလေးကို ရွှေပေါက်ကံ ကလေးသူငယ်များကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ခေါ်ဆောင်ကာ မြောက်ဥက္ကလာ ဆေးရုံကြီးသို့ ပို့ဆောင် ကူညီပေးမှုများ ဆောင်ရွက်နေသည်ဟု ယင်းအဖွဲ့က ပြောသည်။
ရွှေပေါက်ကံ ကလေးသူငယ်ကူညီရေးအဖွဲ့ဝင်တစ်ဦးက “ကလေးကို ကလေးသူငယ် အထူးကြပ်မတ်ကုသဆောင်မှာ ဖန်ပေါင်းချောင်ထဲကို ထည့်ထားရတာပါ။ ကလေးကို တွေ့လို့ မရဘူး။ ထားခဲ့ရတယ်။ အင်္ဂါနေ့မနက်မှ ပြန်တွေ့ခွင့်ရမှာပါ” ဟု ပြောသည်။
၃ ပေါင်ခန့်သာ ရှိသော အဆိုပါ ကလေးငယ်သည် အဝတ် မပါဘဲ စွန့်ပစ်ခံထားရခြင်း ဖြစ်သည်ဟု ၄င်းက ဆက်ပြောသည်။
လတ်တလောအချိန်အထိ စွန့်ပစ်ခံထားရသည့် ကလေးသည် အသက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်သည်ဟု ကူညီသူများက ပြောသည်။
ကလေးငယ် ဆေးရုံးဆင်းသည့်အခါ အုပ်ထိန်းသူ ရှာမတွေ့ပါက ကျွေးမွေးနိုင်သည့် အဖွဲ့အစည်းများထံ လွှဲပြောင်း အပ်နှံရန် ကူညီသူများက စီမံမည်ဟု ဆိုသည်။
ပုံစာ-ကလေးငယ် စွန့်ပစ်ခံထားရသည့် လမ်းဘေးတစ်နေရာ။
(Photo-ပေးပို့)