ယမင်းဖူးပွင့်အောင်
ဩဂုတ် ၁၊ ၂၀၂၄။
စစ်ကောင်စီ၏ အရေးပေါ်ကာလ သက်တမ်း ၆ လတိုးလိုက်ခြင်းသည် မြန်မာပြည်သူများ၏ဆန္ဒနှင့် ဆန့်ကျင်နေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ မက်သရူးမေလာက ယနေ့တွင် ဆိုလိုက်သည်။
အများပြည်သူဆန္ဒကို ကိုယ်စားပြုသည့် ဒီမိုကရေစီလမ်းကြောင်းကို ပုံဖော်ရာတွင် သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံမှုပြုရန် စစ်ကောင်စီကို တိုက်တွန်းထားသည်။
ထို့ပြင် စစ်ကောင်စီအနေဖြင့် မြန်မာလူထုအပေါ် အကြမ်းဖက်နေမှုများကို ရပ်ဆိုင်းရမည်ဟု ဆိုထားပြီး မတရားဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ အတားအဆီးမရှိခွင့်ပြု ပေးရန်အချက်များလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
လက်ရှိအချိန်တွင် ပြည်သူထောင်ချီသည် အိမ်နီးချင်းနိုင်ငံများတွင် အကာအကွယ်တောင်းခံနေရခြင်းအပါအဝင် ပြည်သူ ၃ သန်းကျော် စစ်ဘေးရှောင်နေရခြင်းများနှင့် သန်းပေါင်းများစွာသောပြည်သူများသည် ဆင်းရဲတွင်းနက်နေရသဖြင့် စစ်တပ်၏လုပ်ရပ်များသည် အကြပ်အတည်းကို ပိုမို ရှည်ကြာစေလျက်ရှိသည်ဟု ဆိုထားသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် အားလုံးပါဝင်နိုင်သည့် ဒီမိုကရေစီအစိုးရ ပေါ်ပေါက်လာစေရန် မြန်မာလူမျိုးများ၏ ပြင်းပြသည့်ဆန္ဒများကို ၎င်းတို့၏မိတ်ဖက်များနှင့် မဟာမိတ်များက ဆက်လက်အားပေးထောက်ခံသွားပါမည်ကြောင်း ထည့်သွင်းပြောဆိုထားသည်။
ဓာတ်ပုံ- မက်သရူးမေလာ၏ X လူမှုကွန်ရက်စာမျက်နှာ။