ယမင်းဖူးပွင့်အောင်
ဇူလိုင် ၃၁၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ကို မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၆ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ယမန်နေ့ ဇူလိုင်လ ၃၀ ရက်တွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ခိုလမ်မှ စစ်ကူအင်အား ၁,၀၀၀ ခန့်သည် လားရှိုး မြို့သို့အလာတွင် တန့်ယန်းနှင့်လားရှိုးအကြားတွင် ကြားဖြတ်တိုက်ခိုက်ခံရခြင်းဖြစ်သည် CDM ဗိုလ်ကြီးဇင်ယော်က သံလွင်ခက်ကို ပြောသည်။
“တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ်သန်းထွန်းအောင်ဦးစီးတဲ့ စစ်ကူအင်အား ၁,၀၀၀ ခန့်က မိုင်းရှူးကနေ တန့်ယန်းစစ်ဗျူဟာမှာ ပစ္စည်းတွေပို့ပြီး လားရှိုးဘက်ကို ဆက်သွားတာရှိပါတယ်။ တချို့တစ်ဝက်လည်း လားရှိုးမြို့ထဲကို ရောက်သွားဟန်ရှိပါ တယ်။ ဒါပေမယ့် MNDAA နဲ့ ပူးပေါင်းတပ်တွေ လမ်းမှာ စောင့်ကြိုတိုက်ခိုက်တဲ့နေရာမှာ ယာဉ်တန်းခြောက်စီး ပျက်စီးပါတယ်။ စကစ တပ်သား ၅၀ ကျော်ကို အသေဖမ်းဆီးရမိတယ်” ဟုဆိုသည်။
လက်ရှိအချိန်တွင် လားရှိုးမြို့တွင်းရှိ စစ်ကောင်စီနယ်မြေခံတပ်ရင်းများကို MNDAA တပ်က ပိတ်ဆို့ထားလျက်ရှိပြီး မကြာခင်ပြင်းထန်လာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
“စစ်ကောင်စီတပ်တွေကလည်း ဒုနဲ့ ပတ်လည်ခံစစ်ဆင်ပြီးတဲ့အနေအထားပါ။ ‘ဝ’ တွေကတော့ သူတို့ဆက်ဆံရေးရုံး နယ်မြေနဲ့ အကျဉ်းထောင်ဘက်မှာပဲရှိပါတယ်။ တိုက်ပွဲနယ်မြေတွေမှာ တရားဝင် ဝင်ရောက်ခြင်းမရှိပါဘူး” ဟုပြော သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်တွင် MNDAAက လားရှိုးအေဒီတိုးဂိတ်ကျော်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ စခန်းစုစုပေါင်း(၄) ခုကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ဓာတ်ပုံ-The Kokang