ယမင်းဖူးပွင့်အောင်
ဩဂုတ် ၁၊ ၂၀၂၄
စစ်အာဏာသိမ်းသည့် ၃ နှစ်ကျော်ကာလအတွင်း နိုင်ငံတဝှမ်းမှ အမျိုးသမီး ၁,၀၀၀ ကျော်နှင့် ကလေးသူငယ် ၇၀၀ နီး ပါးသေဆုံးခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း- AAPP က ယနေ့တွင်ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်မှ ယခုနှစ်ဇူလိုင်လကုန်အထိ အမျိုးသမီးပေါင်း ၅,၆၁၁ ဖမ်းဆီးခံရပြီး ၄,၀၄၄ ဦး ထိန်းသိမ်းခံရဆဲဖြစ်သည်ဟု AAPP ကဖော်ပြထားသည်။ ယင်း ၃ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး ၁,၀၈၇ ဦးသေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းမှအမျိုးသမီးသေဆုံးမှုအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့အတူ ကလေးသူငယ် ၇၄၂ ဦးဖမ်းဆီးခံရပြီး ၃၄၁ ဦးထိန်းသိမ်းခံရဆဲဖြစ်သည်ဟု AAPP က ဖော်ပြထားသည်။ ယင်း ၃ နှစ်ကျော်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ၎င်းတို့၏လက်ပါးစေများကြောင့် ကလေးငယ် ၆၉၃ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။
အာဏာသိမ်းကာလအတွင်း နိုင်ငံတဝှမ်းပြည်သူ ၂၇,၁၂၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၂၀,၈၀၉ ဦး ထိန်းသိမ်းခံရဆဲဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုအထဲမှ စုစုပေါင်း ၅,၄၆၇ ဦးသေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။