သံလွင်ခက်
ဇူလိုင် ၂၂၊ ၂၀၂၄
ထိုင်းနိုင်ငံတောင်ပိုင်း၊ နမ္မခင်းရွာမှာ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ ထိုင်းဒေသခံတွေစုပေါင်းကာ ဝါဆိုလပြည့်နေ့ အလှူပွဲတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နဲ့ ၂၁ ရက်မှာ ဖန်ငါ့ခရိုင်ထဲက သကွာပါမြို့နယ် နမ္မခင်းရွာကို ရောက်ရှိနေတဲ့ ကော့သောင်း၊ ထားဝယ်၊ မြိတ်မြို့နယ်ဘက်က ဒေသခံတွေဟာ ဝါဆိုသင်္ကန်းကပ်တာ၊ တရားနာတာနဲ့ စားသောက်ဖွယ်ရာ ကျွေးမွေးတာ တွေကို ဒေသခံထိုင်းလူမျိုးတွေနဲ့ စုပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
“ဒီလိုလပြည့်ရက်ဆိုရင် ငါးဖမ်းလုပ်ငန်းတွေကစလို့ အလုပ်တော်တော်များများနားလိုက်ကြတယ်။ တခြားမြို့တွေမှာ ရောက်နေတဲ့ မိသားစုတွေလည်း ပြန်လာနိုင်သူတွေက ပြန်လာကြတယ်။ လှူကြ၊ တန်းကြတယ်ပေါ့” လို့ မွန်ပြည်နယ် ဒေသခံကိုအေးမင်းက ပြောပြပါတယ်။
ဒီအလှူပွဲမှာ ပဒေသာပင်တွေ၊ အကတွေ၊ အပျိုတော်တွေရဲ့ ပြင်ဆင်မှုတွေနဲ့လှည့်လည်တာတွေ ထည့်သွင်းလေ့ရှိသလို ဒေသထွက် သနပ်သုပ်၊ မုန့်တီကွေး၊ ပဲမုန့်၊ ကွမ်းအချို၊ ပုဇွန်ကြော်၊ ငါးခြောက်ကြော်တွေနဲ့အတူ ဝက်သား၊ ကြက်သားဟင်းတွေ၊ အအေးတွေနဲ့ အားပါးတရ ဧည့်ခံကြပါတယ်။
“အဓိကတော့ ကြက်သားဟင်း၊ ဝက်သားဟင်းတွေနဲ့ကျွေးမွေးဖြစ်တယ်၊ ရေလုပ်သားက အများစုဆိုတော့ ပုဇွန်တွေ၊ ငါးတွေ၊ ပင်လယ်စာတွေက စားနေကြဖြစ်တော့ အသားဟင်းတွေကို ပိုလုပ်ဖြစ်လေ့ရှိကြတယ်”လို့ အဲဒီဒေသအရေး လေ့လာနေသူတွေက ပြောပြပါတယ်။
နမ္မခင်းကျေးရွာနဲ့အနီးတဝိုက်မှာတော့ မြန်မာရွေ့ပြောင်းအလုပ်သမားအိမ်ထောင်စု စုစုပေါင်း ၃၀၀ ကျော် ဝန်းကျင်ရှိ နေတာပါ။ ခန့်မှန်းခြေအရဆိုရင်တော့ လူဦးရေ စုစုပေါင်း ၁,၀၀၀ ကျော်ရောက်ရှိနေထိုင်ကြတာ ဆယ်စုနှစ်ချီရှိနေပြီလို့ ပြောပြ ကြပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းက တနင်္သာရီ၊ ထားဝယ်၊ မြိတ်အပြင် မွန်နဲ့ ပဲခူးဒေသခံတွေပါ တွေ့ခဲ့ရပါတယ်။
ဒီလိုအလှူပွဲကျင်းပရန် လွန်ခဲ့တဲ့ ၃ လခန့်က ကြိုတင်ပြင်ဆင်ခဲ့ရပြီး အလုပ်ရှင်တွေကိုလည်း ကြိုတင်အကြောင်းကြားထားခဲ့ရတယ်လို့ ရပ်ရွာလူငယ်ခေါင်းဆောင် ကိုအောင်ဖြိုးက ရှင်းပြပါတယ်။
“ဒီလိုစည်စည်ကားကားဖြစ်အောင် ၃ လလောက်ကတည်းက ကြိုတင်ပြင်ဆင်ရတယ်။ ဧည့်ခံဖို့၊ လှည့်ဖို့နဲ့ အစားအသောက်တွေ၊ လှူဖို့တွေကစ တိုင်ပင်ဆောင်ရွက်ကြရတယ်” လို့ သူက ပြောပါတယ်။
နမ္မခင်းကျေးရွာဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ဝန်းကျင် ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှာ ဆူနာမီလှိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသလည်း ဖြစ်ပါတယ်။ အဲဒီလှိုင်းလုံးတွေကြားမှာ ဒေသခံထိုင်းလူမျိုးတွေအပြင် ရွှေ့ပြောင်းမြန်မာလုပ်သား ထောင်နဲ့ချီသေဆုံးခဲ့ရပါတယ်။
ဓါတ်ပုံ – သဇင်၊ ထွယ်