စကားမောင်
ဇူလိုင် ၂၂၊ ၂၀၂၄
မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်သည်ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော်- မန္တလေးထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် မန်း- PDF မှ စဥ့်ကူးမြို့ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကာ စစ်တပ်ကင်းစင်သည့်မြို့ဖြစ်သည်ဟု ဇူလိုင်လ ၂၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့နေ့၌ပင် စစ်ကောင်စီတပ်မှ စဥ့်ကူးမြို့နယ်အတွင်းသို့ ဇူလိုင်လ ၁၉ ရက်တွင် ရေလမ်း၊ ကုန်းလမ်း၊ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ချီတက်တိုက်ခိုက်ခဲ့ရာ ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟု စစ်ကောင်စီလက်အောက်ခံ မီဒီယာများတွင် ဖော်ပြခဲ့သည်။
“စဥ့်ကူးမြို့ကို ကျွန်တော်တို့ လက်ရှိအချိန်ထိ အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေး၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကို ယနေ့နံနက်ပိုင်းတွင် ပြောသည်။
ယင်းမြို့နယ်အတွင်း စစ်ရေးအခြေအနေနှင့်ပတ်သက်၍ ထပ်မံမေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။
စဥ့်ကူးမြို့တွင် အရပ်သားနေအိမ်နှင့် အဆောက်အဦများမီးလောင်ခဲ့ပြီး ဒေသခံများသည် အနီးရှိ လက်ပန်လှရွာတွင် စစ်ရှောင်နေရသည်ဟု ဒေသခံများထံမှ သိရသည်။
“တစ်မြို့လုံး အိမ်တွေမီးလောင်ကုန်ကြပြီ။ ကျွန်မရဲ့အိမ်ကတော့ မီးထဲမပါသေးဘူး။ စစ်ပွဲကမပြီးသေးဘူး” ဟု စဥ့်ကူးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ယခုအခါ စဥ့်ကူးမြို့နယ်အပြင် မတ္တရာမြို့နယ်ရှိ တပ်စခန်းအရေအတွက် ၂၈ ခုကို မန်း-PDFမှ သိမ်းပိုက်ရရှိခဲ့သည်ဟု သိရသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)