ရဲသူ
ဇူလိုင် ၂၀၊ ၂၀၂၄
လူတိုင်းမှာ အသက်ရှင်သန်ရန် လွတ်လပ်မှုခွင့်နဲ့ လုံခြုံစိတ်ချခွင့်ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းရဲ့အပိုဒ် သုံးမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကိုကန့်သတ်ဖို့ အရပ်သားတွေ၊ အရပ်သားတွေရဲ့ပစ္စည်းဥစ္စာတွေ ဒါမှမဟုတ် အရပ်သားတွေရဲ့ အများပိုင်အဆောက်အဦးတွေကို မတိုက်ခိုက်ရဆိုတဲ့အချက်ကို အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေမှာလည်း ပြဌာန်းထားပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်တပ်ကအာဏာသိမ်းပြီးနောက် ပြည်သူတွေဟာ သူတို့ရဲ့ နေ့စဥ်ဘဝတွေကို မလုံခြုံမှုတွေနဲ့ ဖြတ်သန်းနေကြရပါတယ်။
နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြား ကျင့်ဝတ်မဲ့ပစ်ခတ်မှုတွေကြောင့် အရပ် သားပြည်သူ ထိခိုက်သေဆုံးမှုနှုန်းက တစ်နေ့ထက်တစ်နေ့ ပိုတိုးလို့လာနေပါတယ်။
တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှု မြင့်တက်လာပြီး နှစ်ဖက်တပ်တွေအနေနဲ့ ပြည်သူလူထုကို ကာကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ နိုင်ငံရေးနဲ့စစ်ရေး လေ့လာသုံးသပ်သူတွေက ဝေဖန်ပြောဆိုနေကြပါတယ်။
“အခွင့်အရေးတစ်ခုခုရလာတယ် စစ်ရေးအရအသာစီးရသွားမယ်၊ နိုင်ငံရေးအရအသာစီး ရသွားမယ်ဆိုရင် မလုပ်ဝံ့တဲ့ အရာ မရှိသလိုမျိုးဖြစ်နေတယ်” လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။
စစ်ကောင်စီတပ်ဖက်က စစ်ရေး၊ နိုင်ငံရေးအသာရဖို့ဆိုရင် သံဃာတော်တွေကိုသတ်ဖြတ်တဲ့ပြစ်မှုတွေကအစ ခွင့်လွှတ်လို့ရတယ်လို့ ယူဆနေကြပြီး နောက်ဆက်တွဲ တာဝန်ယူမှုတာဝန်ခံမှုမရှိဘူးလို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။
တစ်ဖက်က တော်လှန်ရေးတပ်တွေဆိုရင်လည်း စစ်တပ်ရဲ့ အာဏာသိမ်းမှုကို တွန်းလှန်ပြီးတိုက်ခိုက်တဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ ရှိလာခဲ့တဲ့ ဖြစ်စဥ်တွေကို တာဝန်ယူတာဝန်ခံမှုတွေ အခုချိန်ထိမတွေ့ရသေးဘူးလို့ သူက ထောက်ပြ ပါတယ်။
“မြန်မာနိုင်ငံမှာ လူအခွင့်အရေးနဲ့ပတ်သက်ပြီး အရပ်သားတွေ ဆုံးရှုံးနစ်နာမှု မရှိအောင်ကာကွယ်စောင့်ရှောက်ဖို့ စဥ်းစားတဲ့နေရာမှာ အားနည်းချက်တွေရှိနေတယ်” ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာနိုင်ငံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သတ်ဖြတ်မှု ကြောင့် သေဆုံးခဲ့ရတဲ့ ပြည်သူ ၅,၄၀၅ ဦးရှိပြီး အမည်အတည်ပြုဖို့ လိုအပ်နေတဲ့ သတ်ဖြတ်ခံရသူ ၂,၀၀၀ ဝန်းကျင်ခန့်ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောက်ရှောက်ရေးအသင်း- AAPP က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၈ ရက်က TNLA သတင်းနဲ့ ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ ၁၀၂၇ ဒုတိယလှိုင်း ရှမ်း-မန်း စစ်ဆင်ရေးတိုက်ပွဲကာလ ၂၄ ရက်အတွင်း အရပ်သား ၉၄ ဦးသေဆုံးခဲ့ပြီး ၁၃၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မြောက်ပိုင်းမဟာမိတ်တပ်တွေရဲ့ အပစ်ရပ်ခဲ့တဲ့ ၄ ရက်အတွင်းမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၁၈ ဦးသေဆုံးပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်း စတင်ပြီးတဲ့နောက်ပိုင်းတွင် နှစ်ဖက်တပ်တွေရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှုဟာ တစ်ရက်ကို အနည်းဆုံး ငါးယောက်နှုန်း ရှိနေပါတယ်။
စစ်ကောင်စီတပ်ကနေ CDM ဝင်လာတဲ့ ဗိုလ်ကြီးလင်းထက်အောင်ကလည်း စစ်တပ်ဟာ အာဏာမသိမ်းခင်ကတည်းက တပ်တွင်းပိုင်းမှာ ခြစားမှုတွေဖြစ်နေခဲ့ပြီး စည်းကမ်းပိုင်းဆိုင်ရာတွေ လိုက်နာမှုမရှိတော့တာကြာပြီလို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေ လိုက်နာရမဲ့ စစ်သည်တော်ကျင့်ဝတ် (၆၀) ရှိပြီး ဒီအထဲက (၁၀) ချက်ဟာ ပြည်သူလူထုအပေါ် ပြုကျင့်ရမယ့် အချက်တွေဖြစ်ပါတယ်။
ဒီအချက်တွေထဲမှာ ပြည်သူလူထုအပေါ်သစ္စာစောင့်သိရိုသေဖို့၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ဥစ္စာကို ကာ ကွယ်စောင့်ရှောက်ဖို့၊ ပြည်သူလူထုကို ယဉ်ကျေးစွာဆက်ဆံဖို့၊ ရေလို/လလို ကျင့်ဖို့၊ ပြည်သူလူထုရဲ့အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားဖို့၊ ပြည်သူလူထုကို လှောင်ပြောင်တာ၊ မထီမဲ့မြင်ပြုတာ၊ စော်ကားမော်ကားပြုတာ၊ ဆဲရေးတိုင်းထွာ တာ၊ ကိုယ်ထိလက်ရောက်ကျူးလွန်တာနဲ့ ခြိမ်းခြောက်တာတွေ ရှောင်ကျဉ်ဖို့၊ ပြည်သူလူထုအပေါ် လက်နက်အားကိုး နဲ့အနိုင်ကျင့်တာကို ရှောင်ကျဉ်ဖို့၊ မိမိနဲ့ မသက်ဆိုင်တဲ့ အမှုကိစ္စတွေမှာ ၀င်မစွက်မိရန် သတိပြုဖို့၊ ပြည်သူလူထုကို ဦး စားပေးဖို့၊ အခွင့်အရေးပိုမယူဖို့နဲ့ ပြည်သူလူထုအတွက် ဘာပဲလုပ်လုပ်၊ဘာပဲခိုင်းခိုင်း ကြည်ဖြူကျေနပ်ဖို့နဲ့ ပြည်သူလူထုရဲ့ ဘာသာအယူဝါဒယဉ်ကျေးမှုဓလေ့ထုံးစံတွေကို လေးစားဖို့ အချက်တွေ ဖြစ်ပါတယ်။
ဒါပေမယ့် အထက်ပါအချက်တွေကို စစ်သား ၁၀ ဦးမှာ ၉ ဦးဟာ သေသေချာချာမသိကြဘူးလို့ ဗိုလ်ကြီးလင်းထက်အောင်က ထောက်ပြပါတယ်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်က စစ်သည်တော်ကျင့်ဝတ်ကိုလိုက်နာတာ ကျွန်တော် တွေ့ကိုမတွေ့ဖူးဘူး” လို့ သူက ဆက်ပြောပါတယ်။
အခုလို စစ်ကောင်စီတပ်သားတွေရဲ့ ကျင့်ဝတ်မဲ့ပစ်ခတ်တာတွေကို စစ်ခေါင်းဆောင်ပိုင်းတွေအနေနဲ့ သိရှိကြပေမယ့် ဒီအချက်ကို လုပ်ပိုင်ခွင့်သဘောမျိုးပေးထားတယ်လို့ သူက ထောက်ပြပါတယ်။
နိုင်ငံတကာက စစ်တပ်အချို့မှာတော့ တိုက်ခိုက်ရေးတစ်ခု မစတင်ခင်မှာ ဖြစ်နိုင်ချေရှိတဲ့ အရပ်သားထိခိုက်နစ်နာမှုကို တတ်နိုင်သမျှ အနည်းဆုံးဖြစ်အောင် တွက်ချက်ပြီး စစ်ဆင်ရေးတွေကို လုပ်ဆောင်ကြပါတယ်။
ဖြစ်နိုင်ချေရှိတဲ့ အရပ်သားထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် တွက်ချက်ခြင်း- Collateral Damage Estimation (CDE) ဆိုတာ တိုက်ခိုက်မှုတစ်ခုပြုလုပ်တော့မယ်ဆိုရင် အသုံးပြုမယ့် လက်နက်အမျိုးအစား၊ ပေါက်ကွဲနိုင်မှု အတိုင်းအတာ၊ တိုက်ပွဲဖော်ဆောင်မယ့်နေရာရဲ့လူဦးရေ အနေအထားစတာတွေကို ဆန်းစစ်တွက်ချက်ပြီး အရပ်သား ထိခိုက်မှုတွေကို အတတ်နိုင်ဆုံးလျှော့ချနိုင်ဖို့ လုပ်ဆောင်ရတဲ့ နည်းလမ်းဖြစ်ပါတယ်။
နိုင်ငံတကာက စစ်တပ်မှာဆိုရင်လဲ တိုက်ခိုက်မှုတွေ မပြုလုပ်ခင် အရပ်သားထိခိုက်မှုတွေ နည်းအောင် ခန့်မှန်းတွက်ချက်တဲ့ နည်းလမ်း CDE ကို အသုံးပြုလေ့ရှိပါတယ်။
နိုင်ငံတကာ စစ်တပ်တွေက အရပ်သားပြည်သူတွေ ထိခိုက်မှုလျော့နည်းအောင် နည်းလမ်းတွေရှာဖွေပြီး လုပ်ဆောင်နေချိန် မြန်မာနိုင်ငံမှာတော့ စစ်ပွဲအတွင်း အရပ်သားထိခိုက်နစ်နာမှုတွေက ပိုများလို့လာနေပါတယ်။
ဒေါက်တာစိုင်းကြည်ဇင်စိုးကလည်း လက်ရှိတိုက်ပွဲတွေမှာ အရပ်သားထိခိုက်သေဆုံးမှုကို နည်းနိုင်သမျှ နည်းအောင်ကြိုတင်တွက်ချက်လို့ရတဲ့ မြေပုံစနစ်တွေ၊ GPS စနစ်တွေနဲ့ ကွန်ပျူတာစနစ်တွေရှိနေသလို လက်နက်ခဲယမ်း ပေါက်ကွဲအားတွေကို တွက်ချက်လာနိုင်တဲ့အခြေအနေတွေ ရှိနေတယ်လို့ ထောက်ပြပါတယ်။
ဒါပေမယ့် တိုက်ပွဲဖော်ဆောင်တဲ့အခါ လူတွေရဲ့ တန်ဖိုး၊ လူ့အခွင့်အရေးတန်ဖိုးတွေကို စေတနာထားပြီး လုပ်ဆောင်တဲ့ အပိုင်းတွေမှာ အားနည်းနေဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။
“မြန်မာနိုင်ငံမှာက လူ့အခွင့်အရေးနဲ့ ပတ်သက်တယ်လို့ တန်ဖိုးထားရကောင်းမှန်း သိတယ်ဆိုတာက စစဥ်းစားဖြစ်တာ သိပ်မကြာသေးဘူး။ လူ့အခွင့်အရေး ထိန်းသိမ်းဖို့ အရပ်သားဆုံးရှုံးနစ်နာမှုတွေ မရှိအောင်ကာကွယ်စောင့်ရှောက်ဖို့ကို စဥ်းစားတဲ့နေရာမှာ အင်မတန်အားနည်းတယ်”