ယမင်းဖူးပွင့်အောင်
ဇူလိုင် ၂၀၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA တို့ကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများထံက သိရသည်။
သီပေါမြို့မှ လားရှိုးမြို့အဝင်မုခ်နီးအနီးရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၄၁ နှင့် ခြေမြန်တပ်ရင်း ခမရ-၅၀၇ အနီး တွင် ပစ်ခတ်သံများကြားနေရဆဲဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“၄၁ ဂိတ်က မသိမ်းသေးဘူး။ အနားကပ်နိုင်တာပဲရှိသေးတယ်။ ၄၁ ဂိတ်အပေါ်ဘက်နားမှာ တိုက်ပွဲဖြစ်နေတယ်။ ၅၀၇ ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်နေတယ်” ဟုပြောသည်။
လက်ရှိတွင် လားရှိုးမြို့အစွန်ရပ်ကွက်များ၌ MNDAA တပ်ဖွဲ့ဝင်များက ဝင်ရောက်နေရာယူထားသည်ဟုလည်း ၎င်းက ဆက်ပြောသည်။
“လောလောဆယ် ကိုးကန့်တပ်တွေက ချယ်ရီမြိုင် အိမ်ရာတွေထဲနဲ့ ရှမ်းကုန်းဘက်က အရပ်သားနေအိမ်တွေဘက် နေရာယူထားတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် စစ်တပ်နှင့်နီးသည့်နေရာများမှလွဲ၍ အခြားနေရာများတွင် MPT နှင့် Mytel ဖုန်းလိုင်းများလည်း ပြန်လည်အသုံး ပြု၍ရနေပြီဖြစ်သည်။
ယမန်နေ့ နေ့လည် ၁၁ နာရီခန့်မှစ၍ ညအချိန်အထိ စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
၄ ရက်ကြာအပစ်ရပ်ကြေညာပြီးနောက် ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့မှစ၍ ခလရ-၄၁ တပ်ကို MNDAA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
ပုံစာ- လားရှိုးမြို့တွင်းတစ်နေရာ ယနေ့မြင်ကွင်း။ ဓာတ်ပုံ- FYV