ဘုန်းမောင်
ဇူလိုင် ၁၅၊ ၂၀၂၄။
ဝေါလေကျေးရွာသည် ထိုင်း – မြန်မာနယ်စပ်အနီးရှိ ကျေးရွာတစ်ရွာဖြစ်သည်။ ၎င်းကျေးရွာတွင် ထိုင်းနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ထားသော သစ်သားတံတားငယ်လေးတစ်စင်းတည်ရှိ၏။ တံတားအောက်မှာတော့ သေးငယ်ကျဥ်းမြောင်းသည့် မြစ်ကလေးတစ်စင်းက နှစ်နိုင်ငံနယ်စပ်ကြား စီးဆင်းနေသည်။
မြစ်ကမ်းတစ်ဖက်တစ်ချက်တွင်ရှိနေကြသည့် ကျေးရွာနှစ်ရွာကလည်း နာမည်တူကျေးရွာများဖြစ်ကြပြီး ၎င်းတို့၏ဘဝများကလည်း နီးကပ်စွာဆက်စပ်တည်ရှိနေသည်။ ဒေသခံများသည် ထိုတံတားငယ်ကလေးကိုဖြတ်သန်းပြီး ဆန်နှင့် ဟင်းသီးဟင်းရွက်များ အပြန်အ လှန်သယ်ယူနေကြသလို ကလေးငယ်များသည်လည်း တံတားအောက်စီးနေသောမြစ်ရေထဲ ရေပက်ကစားနေကြသည်။
ထိုင်းဘက်ခြမ်းတွင်ရှိနေကြသော နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကလည်း ဥဒဟို ဝင်ထွက်သွားလာနေကြသောခရီးသွားများထက် ၎င်းတို့လက်တွင်းက ဆဲလ်ဖုန်းများကိုသာ ပိုပြီးအာရုံစိုက်နေကြပါသည်။
ဖော်ပြပါတံတားလေးပေါ်က ဖြတ်သန်းသွားလာနေကြသူအများစုကလည်း နှစ်နိုင်ငံနယ်စပ်ရှိကျေးရွာများက ဒေသခံများသာဖြစ်ကြသည်။ သို့သော် မကြာသေးသည့်ရက်သတ္တပတ်များမှာတော့ အဆိုပါတိတ်ဆိတ်အေးချမ်း သောရွာကလေးသို့ မြန်မာနိုင်ငံရှိ အခြားသောဒေသများ လူငယ်အများအပြား ဝင်ရောက်လာခဲ့ကြတော့သည်။
“အဝေးကလှမ်းကြည့်လိုက်တာနဲ့ ကျောပိုးအိတ်ကြီးကြီးလွယ်ထားတဲ့သူတို့ကို တန်းသတိထားမိနိုင်တယ်” ဟု မြန်မာဘက်ခြမ်းရှိ သူမပိုင်အထွေထွေကုန်ရောင်းဝယ်ရေးဆိုင်ရှေ့တွင် ဒိုးဆက်ကစားနေသော လိလီ ကပြော သည်။
အဆိုပါလူငယ်များသည် မြန်မာစစ်တပ်ကပြဋ္ဌာန်းလိုက်သည့် စစ်မှုထမ်းဥပဒေကြောင့် ထွက်ပြေးလာကြသူများဖြစ် သည်။
လာမည့်ဧပြီလကစ၍ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း၊ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်ကနေ ၂၇ အတွင်း မဖြစ်မနေစစ်မှုထမ်းရမည်ဟု စစ်ကောင်စီကပြဋ္ဌာန်းခဲ့သဖြင့် အဆိုပါပြဋ္ဌာန်း ချက် အသက်မဝင်သေးခင်မှာပဲ ထောင်ချီသောလူငယ်များ နိုင်ငံရပ်ခြားထွက်ခွာနိုင်ရန် ကြိုးပမ်းနေကြသည်။
အသက်ပြည့်မီသည့်မည်သည့်လူငယ်မဆို စစ်ရာဇဝတ်မှုများကျူးလွန်နေသည့် မြန်မာစစ်တပ်တွင်းဝင်ရောက်ရန် စစ်မှုထမ်းဥပဒေကို မဖြစ်မနေလိုက်နာရမည်သာဖြစ်သည်။ စစ်မှုထမ်းရန်ငြင်းဆိုသူများကိုလည်း ထောင်ဒဏ်ချ မှတ်မည်ဟု စစ်ကောင်စီကဆိုထားသည်။
“ဒီမှာဆိုရင် သူတို့လုံခြုံလိမ့်မယ်” ဟု လိလီ ကပြော သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာဘက်ခြမ်းရှိ ဝေါလေနယ်မြေကို ကရင်အမျိုးသားအစည်းအရုံး – KNU က ထိန်းချုပ်ထားသောကြောင့်ဖြစ်သည်။
KNU သည် မြန်မာ နိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနက်ကတစ်ဖွဲ့ဖြစ်ပြီး မြန်မာစစ်တပ်ကို စစ်မျက်နှာများစွာတွင် တိုက်ခိုက်နေသူများဖြစ်သည်။ လွန်ခဲ့သောလပေါင်းအနည်းငယ်ကစပြီး မြန်မာစစ်တပ်သည် ကြီးမားခါးသီး သော ရှုံးနိမ့်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရလေသည်။
မြန်မာစစ်တပ်တွင် စစ်သားပေါင်း ၁၃၀,၀၀၀ ခန့်ရှိပြီး ထက်ဝက်လောက်ကသာ တိုက်ပွဲဝင်ရန်အသင့်ရှိနေသည်ဟု အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူ – USIP က ခန့်မှန်းထားသည်။ အင်အားလျော့နည်းလာပြီဖြစ်သောမြန်မာစစ်တပ်သည် ၎င်းတို့အတွက်စစ်သည်အင်အားတိုးလာအောင် အတင်းအကြပ်နည်းလမ်းသုံးပြီး မြန်မာ နိုင်ငံကလူငယ်များ မဖြစ်မနေစစ်မှုထမ်းဆောင်ရန် အပြင်းအထန်ကြိုးစားနေခြင်းဖြစ်သည်ဟု လေ့လာသူများက ယုံကြည်ထားကြသည်။ စစ်ကောင်စီကထိုသို့လုပ်ဆောင်နေသောကြောင့်လည်း စစ်မှုထမ်းဥပဒေကလွတ်မြောက် ရန်ကြိုးစားနေကြသည့်မြန်မာလူငယ်များသည် လက်ရှိအချိန်တွင် အိမ်နီးချင်းထိုင်းနိုင်ငံသို့ တစ်နေ့ထက်တစ်နေ့ ပို၍ ပို၍ ရှောင်တိမ်းလာနေကြပါသည်။
လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်းကပင် ရာနှင့်ချီသောမြန်မာနိုင်ငံသားများကို ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့သေးသည်။ ရဲတပ်ဖွဲ့ သို့မဟုတ် အာဏာပိုင်များ၏ဖမ်းဆီးခြင်းခံရသူများ၏ကံကြမ္မာကလည်း ၎င်းတို့ကို ဖမ်း ဆီးသူများအပေါ်သာ မူတည်ပါသည်။ ဖမ်းဆီးသူများက ဖမ်းဆီးခံရသောမြန်မာနိုင်ငံသားများအား ဖမ်းဆီးထိန်း သိမ်းလျှင်လည်း ဖမ်းဆီးထိန်းသိမ်းပေလိမ့်မည်။ ထိုသို့မဟုတ်မူ၍ နယ်စပ်ပြန်ပို့လျှင်လည်း ခံရုံသာရှိတော့သည်။ တစ်ခါတစ်ရံတော့လည်း လာဘ်ထိုးပြီးပြန်လည်လွှတ်မြောက်လာနိုင်သေးသည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများ ၏ အစီရင်ခံစာများအရ သိရသည်။
သို့သော် မြန်မာနိုင်ငံကဒုက္ခသည်အများစုသည် ထိုင်းနယ်စပ်ကိုခိုးဝင်ခြင်းဖြင့်လည်းကောင်း၊ အစောင့်အကြပ်မရှိ သော တောတွင်းနယ်စပ်စခန်းများကိုဖြတ်သန်း၍သော်လည်းကောင်း၊ သာမန်ခရီးသွားများနှင့်ရောနှောကိုယ် ယောင်ဖျောက်၍သော်လည်းကောင်း ထိုင်းနိုင်ငံတွင်းသို့ အဖမ်းအဆီးမရှိဘဲ ဝင်ရောက်နိုင်ကြပါသည်။ ဝေါလေရွာ အနောက်ဘက်တွင် Mun Ru Chai နယ်စပ်မြစ်တည်ရှိပြီး ထိုင်းဘက်ခြမ်း နယ်ခြားစောင့်ဂိတ်တွင်လည်း မည်သည့် အစောင့်အကြပ်မျှမရှိပါ။ နယ်ခြားစောင့်စခန်းရှေ့ရှိဆိတ်များသာ နယ်စပ်မြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံဘက်ခြမ်း ကူးသွားသည့် လူအများအပြားကို ငေးကြည့်နေကြသည်။
ထိုင်းအစိုးရကတော့ မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားခြင်းမရှိကြောင်း ဘန်ကောက်ရှိ ချူလာလောင်ကွမ်တက္ကသိုလ်က လုံခြုံရေးဆိုင်ရာ ပါမောက္ခ ပါနီတန် ဝတ္တနာယာဂွန် က ပြောသည်။ လာမည့်လများအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြားတိုက်ပွဲများပြင်းထန်လာနိုင်သလို စစ်ကောင်စီ၏ အတင်းအကြပ်စစ်မှုထမ်းခိုင်းခြင်းသည် မြန်မာလူငယ်များအား ထိုင်းနိုင်ငံသို့ထွက်ခွာစေရန် မောင်းထုတ်ခြင်းပင် ဖြစ်သည်ဟု သူက ယူဆထားသည်။ ထိုင်း PBS နှင့်တွေ့ဆုံမေးမြန်းခန်းတွင်လည်း ၎င်းက မြန်မာနိုင်ငံမှဝင်ရောက် လာတော့မည့် ဒုက္ခသည်များအရေးကိုင်တွယ်ဖြေရှင်းနိုင်ရန် ဘန်ကောက်အစိုးရက အရေးတကြီးဆောင်ရွက်ထား ဖို့လိုအပ်သည်ဟုလည်း သူကသတိပေးထားသည်။
မြန်မာဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးအကူအညီများပေးအပ်ရန် အနောက်ဘက်နယ်စပ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုံခြုံရေးဇုန်တစ်ခုတည်ထောင်သွားရန်စီစဥ်နေကြောင်း ထိုင်းနိုင်ငံခြားဝန် ကြီးက ကြေညာထားသည်။ သို့သော် ထိုင်းအာဏာပိုင်များက အကာအကွယ်ပေးမည်ဆိုသောလုံခြုံရေးဇုန်ကို မည်သည့်နေရာထူထောင်မည်။ မည်သည့်အချိန်တွင် ထူထောင်မည်ဆိုသည်ကိုတော့ ထိုင်းအာဏာပိုင်များက အတိအကျပြောဆိုထားသည်မျိုးမရှိသေးပါ။ (ထိုင်းနိုင်ငံကပေးအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ပထမဆုံးယာဥ်တန်းသည် မတ်လ ၂၅ ရက်တွင် တာ့ခ်ခရိုင်ရှိ မဲဆောက်တံတားအမှတ် ၂ က တဆင့် မြန်မာနိုင်ငံသို့ဝင်ရောက်မည်ဟု ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။ )
တစ်ချိန်တည်းမှာပဲ မြန်မာ – ထိုင်းနှစ်နိုင်ငံနယ်စပ် ကီလို မီတာ ၂၀၀၀ (မိုင် ၁၂၄၀) တလျှောက် ကျပန်းစစ်ဆေးမှု များသာဆောင်ရွက်လျက်ရှိသည်။ “နယ်စပ်တလျှောက်မှာတော့ ကျပန်းစစ်ဆေးမှုတွေပဲ ဆောင်ရွက်နေပါတယ်” ဟု ဝေါလေရှိနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁ ဦးကပြောသည်။ လွန်ခဲ့သော သီတင်းပတ်ကပဲ စစ်မှုထမ်းခြင်းကလွတ် မြောက်ရန်ထွက်ပြေးလာကြသည့် မြန်မာလူငယ် ၆ ဦးကိုဖမ်းဆီးခဲ့သေးသည်။ သို့သော် တစ်ခါတစ်လေတော့လည်း မြန်မာလူငယ်များ နယ်စပ်ဖြတ်ကျော်ပြီးထိုင်းနိုင်ငံတွင်းဝင်ရောက်လာခြင်းအား တားမြစ်သည်မျိုးမရှိဟု အဆိုပါ တပ်သားကပြောသည်။
ထိုင်းနိုင်ငံအတွက်လိုအပ်သော ဈေးပေါသည့်မြန်မာလုပ်သားများ
—————
ဝေါလေရှိဒေသခံများကတော့ မြန်မာဒုက္ခသည်များဝင်ရောက်လာသည့်အပေါ် ကြောက်ရွံ့သည့်လက္ခဏာမျိုး မပြ ပါ။ နယ်စပ်တံတားအနီးစောင့်ဆိုင်းနေသည့် မော်တော်ဆိုင်ကယ်ကယ်ရီသမား ပတ္တနော် ကတော့ “သူတို့ကို ဝင် ခွင့်ပြုစေချင်တယ်” ဟုပြောသည်။ သူသည် နေ့စားသမားများကို နေ့စဥ်ကယ်ရီဆွဲပေးနေသူဖြစ်သည်။ အဆိုပါ နေ့စားအလုပ်သမားများသည် ထိုင်းလယ်ကွင်းများနှင့် ထိုင်းအိမ်များတွင် အနည်းငယ်မျှသောလုပ်ခလစာဖြင့် လုပ်ကိုင်နေကြသူများဖြစ်သည်။
“မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေသာမရှိရင် ကျွန်တော်တို့ ပြဿနာအကြီးကြီးတက်သွားနိုင်တယ်။ မြန်မာအလုပ်သမားတွေက အလုပ်တအားကြိုးစားတယ်။ နေပူပူ မိုးရွာရွာ သည်းခံပြီး မညည်းမညူအလုပ်လုပ် လေ့ရှိတယ်” ဟု သူကပြောသည်။
သူ၏ခရီးသည်အများစုက နယ်စပ်ဒေသအနီးဝန်းကျင်တွင် အလုပ်လုပ်ကြသူများဖြစ်သည်။ အခြားတစ်ဖက်တွင် လည်း အသစ်ရောက်လာကြသောဒုက္ခသည်အများစုသည် ထိုင်းနိုင်ငံ၏မြို့ကြီးများဖြစ်ကြသည့် ဘန်ကောက်၊ ချင်း မိုင် သို့မဟုတ် ရွှေ့ပြောင်းသမားအများဆုံးနေထိုင်သည့် စမတ်စခွန် သို့သွားရောက်ကြပြီး ၎င်းတို့နှင့်ရင်းနှီးသူများ ထံ တည်းခိုနေထိုင်လေ့ရှိသည်။
ထိုင်းနိုင်ငံတွင်နေထိုင်နေကြသော မြန်မာနိုင်ငံသားအရေအတွက်မှာ ၂ သန်းနှင့် ၃ သန်းကြားရှိသည်ဟု ခန့်မှန်း ထားသည်။ ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများအရေအတွက်ကို မည်သူကမျှ တိတိကျကျမသိနိုင်ပါ။ အဘယ့် ကြောင့်ဆိုသော် အများစုက တရားမဝင်ဝင်ရောက်လာကြသောကြောင့်ဖြစ်သည်။
အလုပ်လုပ်ခွင့်ရဖို့ မျှော်လင့်နေကြသူများ
—————-
မောင်ဖြိုးသည် ရန်ကုန်အနောက်ဘက်ရှိ ဧရာဝတီဒေသကဖြစ်ပြီး မိသားစုကိုခွဲခွာကာ ထိုင်းနိုင်ငံကိုရောက်နေ သည်မှာ တစ်လနီးပါးရှိနေပြီဖြစ်သည်။ မြန်မာနိုင်ငံမှထွက်ခွာခဲ့စဥ်ခရီးလမ်းတလျှောက်သည် သူ့အတွက်တော့ စိတ်ရှုပ်စရာများသာဖြစ်ခဲ့သည်။ သူသည် စစ်ကောင်စီစစ်ဆေးရေးဂိတ်များကိုဖြတ်သန်းရတိုင်း အမြဲလိုလို စစ်ဆေး မေးမြန်းခြင်းခံခဲ့ရသည်။
“ကျွန်တော် တော်တော်ကံကောင်းခဲ့တယ်” ဟု သူကပြောသည်။ နောက်ဆုံးမှာတော့ မောင်ဖြိုးသည်လည်း ကျေးလက်နယ်စပ်ရှိ “green border” ကိုဖြတ်သန်းပြီး ထိုင်းနိုင်ငံသို့ရောက်ရှိလာနိုင်ခဲ့သည်။
ထိုအချိန်ကစပြီး သူသည်လည်း ဘန်ကောက်ဆင်ခြေဖုံးရှိ အခန်းကျဥ်းကလေးတစ်ခန်းထဲ ခြေချုပ်မိနေခဲ့တော့ သည်။ မြန်မာနိုင်ငံတွင်ကျန်ရစ်ခဲ့သော ညီမဖြစ်သူအတွက်လည်း မောင်ဖြိုးတစ်ယောက်စိတ်ပူနေရသည်။ အဘယ့် ကြောင့်ဆိုသော် မောင်ဖြိုးကဲ့သို့ပင် သူ့ညီမဖြစ်သူလည်း စစ်မှုထမ်းဖို့ဆင့်ခေါ်ခံနေရသောကြောင့်ဖြစ်သည်။
“ကျွန်တော်ဒီမှာအလုပ်ရပြီဆိုတာနဲ့ ကျွန်တော့်ညီမကိုခေါ်မယ်ပြောထားတယ်” ဟု မောင်ဖြိုးက ပြောသည်။
တကယ်တမ်းတော့ မောင်ဖြိုးက လူအများ၏လုံခြုံရေးအတွက်ဝန်ဆောင်မှုပေးရသော လုံခြုံရေးဝန်ထမ်းဖြစ်ချင် သည်။ သို့သော် ယခုတော့လည်း ဘာအလုပ်ဖြစ်ဖြစ်လုပ်ဖို့ မောင်ဖြိုးတစ်ယောက်ပြင်ဆင်ထားပေသည်။
ထိုင်းအာဏာပိုင်များက ၎င်းတို့ကဲ့သို့သောဒုက္ခသည်များကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိမ့်မည်ဟု မောင်ဖြိုးက မျှော်လင့်ထားသည်။ ထိုင်းနိုင်ငံသို့ တရားမဝင်ဝင်ရောက်လာကြသော ရွှေ့ပြောင်းနေထိုင်သူများသည် အချိန် အတိုင်းအတာတစ်ခုအထိ ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်ခွင့်အတွက် တစ်နှစ်လျှင်လေးကြိမ်လျှောက်ထားနိုင် သည်။ သို့သော် အဆိုပါလုပ်ထုံးလုပ်နည်းများက ရှုပ်ထွေးပြီး အကျင့်ပျက်ခြစားမှုများသည်ဟု အလုပ်သမားအရေး ဆောင်ရွက်နေကြသောရှေ့နေများက ဝေဖန်ကြသည်။ ယင်းကဲ့သို့အကျင့်ပျက်ခြစားမှုများနေခြင်းကပင် မြန်မာ နိုင်ငံသားအများအပြား ထိုင်းနိုင်ငံတွင် အဘယ့်ကြောင့်တရားမဝင်အလုပ်လုပ်နေရသနည်းဆိုခြင်း၏ အဖြေပင်ဖြစ် တော့၏။
မျက်စိမှိတ်ထားသော ထိုင်းအာဏာပိုင်များ
————–
မမြင်နိုင်သောနောက်ကွယ်က မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ စုစုပေါင်းပြည်တွင်းထုတ်ကုန်GDP ၏ ၆ ဒဿမ ၆ ရာခိုင်နှုန်း ပံ့ပိုးပေးနေသည်ဟု အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် – ILO ကဆိုသည်။ အလုပ် သမားအခွင့်အရေးမြှင့်တင်ရေးကွန်ရက်က ဆွန်ပေါင်း ဆရာကွေး ကလည်း အိမ်နီးချင်းနိုင်ငံမှ အလုပ်သမားများ ဝင်ရောက်လာမှုသည် စီးပွားရေးကိုပိုပြီးအထောက်အကူဖြစ်စေသည်ဟု ယုံကြည်ထားသည်။ “အလုပ်ရှင်တွေ အတွက် ဈေးပေါတဲ့အလုပ်သမားတွေလိုအပ်တာကြောင့် အလုပ်သမားတွေဝင်ရောက်လာတာက ထိုင်းစီးပွားရေး အတွက် ကောင်းပါတယ်”ဟု သူကပြောသည်။
ဆရာကွေး သည် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကို ထောက်ခံအားပေးသူလည်းဖြစ်သည်။ မြန်မာစစ် ကောင်စီက စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်မှုထမ်းခြင်းကရှောင်ရှားနိုင်ရန် မြန်မာလူငယ် ၁၀,၀၀၀ ကျော် နေ့စဥ်နီးပါးနယ်စပ်ဖြတ်ကျော်ဝင်ရောက်လာကြပြီး ယခင်ကထက်ပိုများလာသည်ဟု သူက ခန့်မှန်းထားသည်။
“ထိုင်းအာဏာပိုင်တွေက ဒါကို မသိကျိုးကျွံပြုထားပြီး ခုလို လူအများအပြား တရားမဝင်ဝင်ရောက်လာတာကို လည်း ခွင့်ပြုထားပုံပေါ်တယ်”ဟု သူကပြောသည်။
“DW” တွင်ဖော်ပြထားသော ဆောင်းပါးရှင် ” Julian Küng” ၏ Escaping to Thailand: Fleeing military service in Myanmar” ကိုဆီလျော်အောင်ရေးသားသည်။
ဓာတ်ပုံ – Julian Küng