ယမင်းဖူးပွင့်အောင်
ဇူလိုင် ၁၅၊ ၂၀၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ယနေ့နေ့လည် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံစစ်ကြောင်း ထိုးဝင်ရောက်လာသည်ဟု ဒေသခံများထံက သိရသည်။
အဆိုပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် အင်အား ၃၀၀ ခန့်ပါရှိပြီး ယမန်နေ့ညတွင် ရှမ်းပြည်တောင်ပိုင်းဘက်မှ စတင်ထွက်ခွာလာခြင်းဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် နီးစပ်သူတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ကျောက်မဲမှာတော့ မနေ့ညကထိ တိုက်ပွဲအပြင်းအထန်ဖြစ်တယ်။ ဖြစ်ပြီးတော့ ဒီမနက်တော့ တိုက်ပွဲနည်းနည်း ပြန် ငြိမ်သွားတယ်။ ဒီအပစ်ရပ်တာနဲ့ဆိုင်မလားတော့မသိဘူး။ အခုတော့ ရပ်စောက်ဘက်ကနေ အင်အား ၃၀၀ လောက်နဲ့ ကျောက်မဲကို စစ်ကြောင်းထိုးလာတယ်။ လက်ရှိလောလောဆယ်တော့ တိုက်ပွဲမဖြစ်သေးဘူး။ တိုက်ပွဲဖြစ်မဖြစ်တော့ စောင့်ကြည့်ရမှာပေါ့” ဟုဆိုသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ကိုးကန့်တပ်မတော်နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့သည် ယခုရက်ပိုင်းအတွင်း လေးရက်ကြာအပစ်ရပ်ဆဲထားမည်ဖြစ်သော်လည်း မန္တလေးတိုင်းတွင် ဆက်လက်တိုက်ပွဲဖော် ဆောင်မည်ဖြစ်ဟု TNLA ၏အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က နိုင်ငံခြားသတင်းဌာနတစ်ခုကို ယမန်နေ့က ဖြေကြားထားသည်။
တရုတ်နိုင်ငံရဲ့ အင်အားအကြီးဆုံးပါတီတစ်ခုဖြစ်တဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ တတိယအကြိမ် စုံညီအစည်းအဝေးကျင်းပရန်ရှိနေပြီး တရုတ်နိုင်ငံ၏စိုးရိမ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် အပစ်ရပ်ခဲ့တာဟု ကိုးကန့်တပ်မတော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်း ၄ ရက်တာအပစ်ရပ်ကာလသည် စစ်ကောင်စီအတွက် လူအင်အား၊ လက်နက်အင်အားဖြည့်တင်းခြင်းနှင့် တပ် ရွှေ့ပြောင်းခြင်းများပြုလုပ်ချိန်ရသွားနိုင်သည်ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ပြောဆိုသည်။
“ဒီ ၄ ရက်နားလိုက်တဲ့အတွက်မှာတော့ စစ်တပ်က စစ်ပြင်ဆင်မှုတွေလုပ်လို့ရသွားတာပေါ့။ ရပ်စောက်- ကျောက်ဂူ ဘက်ကနေ ထွက်လာတဲ့ စစ်ကား အစီး ၄၀ ထဲက ၁၀ စီးက ကျောက်မဲနားကိုရောက်နေပြီ။ ကျန်တာတွေကတော့ သတင်းပျောက်နေသေးတယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့ည ၁၂ နာရီတိတိတွင် အပစ်ခတ်ရပ်ဆဲမည်ဟုဆိုသော်လည်း ယနေ့နံနက်အစောပိုင်းအထိ ကျောက်မဲနှင့် လားရှိုးမြို့အနီးတွင် ပစ်ခတ်သံများကြားရသည်ဟု ဒေသခံများကထံက သိရသည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်တွင် ပြန်လည်စတင်ကာ ရှမ်းမြောက်တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး TNLA က နောင်ချိူမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ခဲ့သည်။
ပုံစာ- ကရင်ပြည်နယ်တွင် စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ် (ပုံအဟောင်း)