သံလွင်ခက်
ဇူလိုင် ၁၅၊ ၂၀၂၄
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်မြို့က ဒေသခံတစ်ဦး သေဆုံးခဲ့သည်ဟု ကိုးကန့်တပ်မတော်- MNDAA၏ သတင်းဌာနတစ်ခုဖြစ်သည့် The Kokang တွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် နံနက် ၂ နာရီခန့်တွင် လောက်ကိုင်မြို့ တုံချိန်ဒေသကို စစ်ကောင်စီတပ်က အချိန်အတော်ကြာ လေကြောင်းမှ ထောက်လှမ်းပြီးနောက် လေကြောင်းက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လေကြောင်း တိုက်ခိုက်မှုကြောင့် ဆီအောရွာနေ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ပြည်သူ (၁)ဦး ထိခိုက်ဒဏ်ရာရရှိကာ ဟိုတယ်နှင့် အခြားအဆောက်အဦးများ ထိခိုက် ပျက်စီးခဲ့သည်ဟု The Kokang တွင် ဖော်ပြ ထားသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက် ညပိုင်းတွင်လည်း စစ်ကောင်စီတပ်က သိန္နီမြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ယမန်နေ့ ဇူလိုင်၁၄ရက် ည ၁၂ နာရီကစပြီး ဇူလိုင် ၁၈ ရက် ည ၁၂ နာရီအထိ ၄ ရက်တာ အပစ်ရပ်မည်ဟု ကိုးကန့်တပ်က ထုတ်ပြန်ထားသည်။
ပုံစာ – လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် အဆောက်အဦးများ။ Photo – The Kokang