ကောင်းချစ်အောင်
ဇူလိုင် ၄၊ ၂၀၂၄
၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းဟာ စစ်ကောင်စီ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်ရင်းတွေရှိတဲ့ နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ အရှိန်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။
တစ်ဆက်တည်းမှာလည်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ထားတဲ့ လားရှိုးမြို့ကိုလည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA တပ်တွေက တိုက်ခိုက်မှုတွေ စတင်လာနေပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနဲ့အတူ မန်းပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်း ဘက်တွေကို တိုက်စားဝင်ရောက်လာတာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်းကနေ မန္တလေးတိုင်း၊ ဧရာဝတီမြစ်ထဲကို စီးဝင်လာတဲ့ ဒုဌာဝတီမြစ် (မြစ်ငယ်မြစ်) အလား ၁၀၂၇ စစ်ဆင်ရေးရဲ့ထိုးစစ်ဒုတိယလှိုင်းဂယက်ကလည်း မန္တလေးတိုင်း၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းအထိ ကျယ်ပြန့်လာနေပါတယ်။
NUG ပြောတဲ့ ရှမ်း-မန်းစစ်ဆင်ရေး
**************
မြောက်ပိုင်းညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီတို့အကြား ဟိုင်ဂင်အပစ်ရပ်သဘောတူညီချက်ဟာ ၅ လသာကြာမြင့်ခဲ့ပြီး အဲဒီအတောအတွင်း စစ်ကောင်စီလုပ်ရပ်ဟာ ဟိုင်ဂင်စာချုပ်ပါအချက်တွေနဲ့မကိုက်ညီတဲ့အတွက် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဇွန် ၂၅ ရက်မှာ ၁၀၂၇ စစ်ဆင်ရေး အပိုင်း၂ လှိုင်းအဖြစ် စတင်ခဲ့ပါတယ်။
ဒီစစ်ဆင်ရေးလှိုင်မှာ ပါဝင်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ရှမ်း-မန်းစစ်ဆင်ရေးလို့ ဒီစစ်ဆင်ရေးကို ကင်ပွန်းတပ်ခဲ့ပါတယ်။
နာမည်ပေးထားတဲ့အတိုင်းပဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တွေဟာ TNLA နဲ့အတူ ရှမ်းမြောက် နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာပါဝင် တိုက်ခိုက်နေပြီး မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေဘက်မှာ PDF တပ်ဖွဲ့ သီးသန့် စစ်ဆင်ရေးဖော်ဆောင်ခဲ့ပါတယ်။
မန်း- PDF ကို စစ်ကောင်စီက ၁၀၂၇ စစ်ဆင်ရေးမစတင်ခင် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက အင်အား ၄၀၀ ခန့်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသေးတယ်။ စစ်ကောင်စီက တပ်မ ၉၉၊ တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၂၊ ခမရ ၂၅၇ တပ်ရင်းတွေနဲ့ စကခ-၁ လက်အောက်ခံ ခမရ ၅၀၂ တပ်ရင်းတွေအသုံးပြုပြီး ထိုးစစ်ဆက်တိုက်ဆင်ခဲ့တာပါ။
မန်း-PDF မိုးကုတ်ဗျူဟာတပ်ရင်းတွေဟာ ခုတစ်ကြိမ်မှာတော့ မန္တလေးတိုင်းထဲအထိ ထိုးစစ်ပြန်ဆင်နေပြီး တစ်ပတ်ကျော်ကာလအတွင်းမှာပဲ အောင်မြင်မှုတွေ ရနေပါပြီဖြစ်ပါတယ်။
တစ်ပတ်အတွင်း စခန်း ၈ ခု သိမ်းပိုက်နိုင်မှု
********
ကုန်ခဲ့တဲ့ ၅ လတုန်းက ဟိုင်ဂင်စာချုပ်အရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ အပစ်ရပ်ထားပေမယ့် စစ်ကောင်စီနဲ့ မန်း- PDF တို့အကြား နောင်ချိုမြို့နယ်မှာ ထိတွေ့တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ရှိခဲ့ပါတယ်။
၁၀၂၇ စစ်ဆင်ရေး ပြန်လည်စတင်လာချိန်မှာတော့ မန်း- PDF ဟာ ရှမ်းပြည်နယ်နယ်နမိတ်နဲ့ ထိစပ်နေတဲ့မတ္တရာမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ကောင်စီစခန်း ၈ ခုကို တစ်ပတ်အတွင်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။
မန်း- PDF က ဦးဆောင်ကာ မတ္တရာမျိုးမှန်တပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင်ပကဖ SSTF အဖွဲ့တွေကလည်း ပူးတွဲထိုးစစ်ဆင်နေတာပါ။
အင်ကြင်းမြိုင်ကျေးရွာအခြေစိုက် ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေးတပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင်၊ ရေစိုတောင်၊ နေကျော်တောင်၊ ရွှေပုထိုး၊ ကျောက်ခလုတ်နဲ့ မြေနီတောင်မှာရှိတဲ့ အောင်သပြေကျေးရွာအနီး Alpha ဘိလပ်မြေစက်ရုံတပ်စခန်းရဲ့စိုးမိုးကုန်းတို့ကို တစ်ပတ်အတွင်း သိမ်းပိုက်ထားခဲ့ပါတယ်။
သိမ်းပိုက်ထားတဲ့ စခန်းအများစုဟာ မန္တလေး-မြစ်ကြီးနား ကားလမ်းမကြီးရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ စခန်းတွေဖြစ်ပြီး မန္တလေးမြို့ရဲ့ မြောက်ဘက်မှာရှိတဲ့ မတ္တရာ၊ ပုသိမ်ကြီးမြို့နယ်တွေရဲ့ အဓိကခံစစ်ဆင်ထားတဲ့နေရာတွေ ဖြစ်ပါတယ်။
တိုက်ပွဲတွေအတွင်း လက်နက်ချအညံ့ခံသူနဲ့ ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်သား ၆၄ ဦးရှိပြီး မိသားစုဝင် ၁၁၇ ဦးတို့ကို လည်း ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ မန်း-PDF က ဆိုပါတယ်။
စစ်စခန်းတွေအတွင်းက လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ ခဲယမ်းတွေကိုလည်း ရရှိခဲ့တာပါ။ သိမ်းဆည်းရမိတဲ့အထဲမှာ SA-16 SAM တို့လို တာတိုပစ်လေကြောင်းကာကွယ်ရေးစနစ်တွေကိုတော့ ချပြထားတာမျိုးမရှိပါဘူး။
ဧရာဝတီမြစ်ကမ်းဘေးအထိ စိုးမိုးလာနိုင်မှု
*********
ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ စဉ့်ကူးမြို့နယ်ထဲအထိ တော်လှန်ရေးတပ်ဖွဲ့တွေက ထိုးဖောက်ဝင်ရောက်လာကာ စစ်ရေးအောင်မြင်မှုတွေလည်း ရရှိနေပါတယ်။
နွယ်ရုံကျေးရွာရဲစခန်း၊ ဒိုးနွယ်ရွာ၊ နမ့်ဟပ်ရွာ၊ ရွာတော်လေးရွာတို့က စစ်ကောင်စီတပ်စခန်းတွေ၊ မာလဲဆည်အနီးက တပ်စခန်းနဲ့ ရွှေမာလဲစေတီတပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ကာ လက်နက် ၄၀ ကျော်ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။
သိမ်းပိုက်နိုင်ခဲ့တဲ့ နွယ်ရုံ၊ ကျည်တောက်ပေါက်ရွာတွေဟာ ရွှေထွက်ရှိရာဒေသတွေဖြစ်ပြီး မန္တလေး-မြစ်ကြီးနားကားလမ်းကိုပါ ဖြတ်တောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
စဉ့်ကူးမြို့နယ် မြောက်ဘက် သပိတ်ကျင်းမြို့နယ်ထဲက ချောင်းကြီးရွာဘက်မှာလည်း တိုက်ခိုက်မှုတွေ ရှိနေပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲမှာ စစ်မှုထမ်းဥပဒေအရ စုဆောင်းခံထားရတဲ့လူငယ်တွေကို သင်ကြားပေးနေတဲ့ အမှတ် ၁၃ တန်း မြင့်လေ့ကျင့်ရေးကျောင်းနဲ့ အမှတ် ၂ စစ်အခြေခံလေ့ကျင့်ရေးတပ်တို့လို နေရာတွေလည်း ရှိနေပါတယ်။
စဉ့်ကူးမြို့နယ်တစ်ခုလုံးကိုသာ ထိန်းချုပ်နိုင်ခဲ့ရင် ရတနာသိင်္ခတံတားကနေတဆင့် ဧရာဝတီမြစ်ကိုကူးကာ စစ်ကိုင်းတိုင်း ရွှေဘို၊ဝက်လက်မြို့နယ်တွေနဲ့ ချိတ်ဆက်မှု ပိုအားကောင်းလာမှာ ဖြစ်ပါတယ်။
လက်ရုံးတပ်တွေများတဲ့ မန္တလေးမြို့မြောက်ဘက်ဒေသ
*****************
၁၀၂၇ ဒုတိယလှိုင်း မစခင် ဧပြီလ ၂၈ ရက်မှာ စဥ့်ကူးမြို့နယ် ဝါးပိုးချပ်ရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီစခန်းကို မန်း-PDF က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဝါးပိုချပ်ရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းမှူးဟာ ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူဖြစ်ပေမယ့် သူ့လက် အောက်မှာ အင်အား ၂၅ ဦးသာ ပါဝင်တာတွေ့ရပါတယ်။ သေဆုံးခဲ့တဲ့စစ်ကြောင်းမှူးဖြစ်သူ ဒုတိယဗိုလ်မှူးကြီးတင်ကိုဟာ သပိတ်ကျင်း အခြေစိုက် အမှတ် ၁၃ တန်းမြင့်လေ့ကျင့်ရေးကျောင်း အုပ်ချုပ်မှုဌာနဌာနမှူးအဖြစ်လက်ရှိတာဝန်ထမ်းဆောင်နေတာဖြစ်ပြီး သင်ကြားရေးအပိုင်းက ဖြစ်ပါတယ်။
ဒါ့အပြင် လက်နက်ချတဲ့တပ်သားတွေထဲမှာ မန္တလေးမြို့စောင့်တပ် ခလရ ၇၆ က တပ်သား ၂ ဦးသာပါဝင်ခဲ့ပြီး ကျန်တဲ့သူ တွေကတော့ တိုက်ခိုက်ရေးတပ်ကမဟုတ်ဘဲ လက်ရုံးတပ်ဖွဲ့ဝင်တွေဖြစ်နေတာတွေ့ရပါတယ်။
အဲဒါကြောင့် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်တွေမှာ ပင်မစစ်လက်နက် ပစ္စည်းသိုလှောင်ရေးတပ် – ပပန၊ ယန္တရားနှင့် ယာဉ်ထိန်းသိမ်းရေးတပ် – ယတယ၊ ထောက်ပို့ရေး တပ် – ထပရ၊ လျှပ်စစ်နှင့် အင်ဂျင်နီယာတပ်ရင်း – လစရနဲ့ ပင်မလျှပ် စစ်တပ် – ပလစစတဲ့ လက်ရုံးတပ်တွေကသူတွေ များပြားနေတာပါ။
တိုက်ခိုက်ရေးတပ်ဆိုလို့ စဉ့်ကူးမြို့နယ်မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ ၁၄၈ တစ်ခုသာ ကျန်ရှိပါတော့တယ်။
ကချင်ပြည်နယ်ဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ထိုးစစ်တွေလည်း ရှိနေပြီး အခုချိန်မှာတော့ မန္တလေး- မြစ်ကြီးနားကားလမ်းဟာလည်း မန္တလေးတိုင်းအထက်ပိုင်းမှာ ဖြတ်တောက်ခံနေရပါပြီ။
မန္တလေးမြို့နဲ့ မိုင် ၂၀ အကွာအထိ ရောက်ရှိလာနေတဲ့ PDF တပ်ဖွဲ့တွေဟာလက်ရှိမှာ နယ်မြေရှင်းလင်းရေးဘက်ကို လုပ်ဆောင်နေပြီး မန္တလေးမြို့ကို ဦးတည်တိုက်ခိုက်သွားမလားဆိုတာကတော့ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။