သဇင်
ဇူလိုင် ၄၊၂၀၂၄။
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင်းတိုက်ပွဲများကြောင့် မိုးကုတ်မြို့မှမန္တလေးဘက်သို့ တိမ်းရှောင်နေသူများ မိုးကုတ်- မန္တလေးလမ်းပိုင်းတွင် ကားအစီးရေ (၅၀၀) ခန့် ပိတ်မိနေသည်ဟု ဒေသခံများထံမှ သိရသည်။
“ဇရပ်ကွင်းကျေးရွာအုပ်စုမှာ ပိတ်မိနေတာ။ အောက်ဆင်းမယ်ဆိုတော့ ဇရပ်ကွင်းက ပိတ်ထားတယ်အပေါ်ကို တက်ပြန်တော့လည်း ခလရ-၁၄၈ က ပိတ်ထားတယ်။ ကြားထဲမှာ ရှေ့တိုးမရ နောက်ဆုတ်မရပေါ့။ ကားအစီးရေ သုံး- လေး- ငါးရာလောက်ကတော့ အသာလေးရှိတယ်” လို့ မိုးကုတ်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
အဆိုပါ မိုးကုတ်- မန္တလေးလမ်းပိုင်းပေါ်ရှိ ဇရပ်ကွင်းကျေးရွာအုပ်စုအလွန်တွင် စဉ့်ကူး၊ နွယ်ရုံ၊ လက်ပန်လှ၊ ပင်လယ်ကြီး၊ မတ္တရာစသည့် လမ်းပိုင်းတစ်လျှောက်၌ တိုက်ပွဲပြင်းထန်နေသည့်အတွက် ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်ကတည်းက အဆိုပါလမ်းပိုင်းကို ပိတ်ဆို့လိုက်တာကြောင့် မိုးကုတ်စစ်ဘေးရှောင်များပိတ်မိနေခြင်းဖြစ်သည်။
စဉ့်ကူးနှင့် မတ္တရာမြို့အနီးတဝိုက်တွင် စစ်ကောင်စီတပ်က လေကြောင်းကနေ စက်လက်ဖြင့် ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်လျက်ရှိသည်။
လတ်တလောတွင် ပိတ်မိနေသည့် မိုးကုတ်စစ်ဘေးရှောင်များအား ဇရပ်ကွင်းအနီးအနားရှိ ဘုန်းကြီးကျောင်းအချို့နှင့် ကျေးရွာဒေသခံများမှ ထမင်းထုပ်အကူအညီများနှင့် နေစရာကူညီပေးထားသည်ဟု မိုးကုတ်ဒေသခံများ ပြောပြချက်အရ သိရသည်။
ယနေ့ဇွန်လ ၄ ရက်တွင် မိုးကုတ်မြို့အတွင်း တိုက်ပွဲငြိမ်သက်နေသော်လည်း နေ့လည်ပိုင်းတွင် လက်နက်ကြီးပစ်ခတ်သံအချို့ ကြားနေရသေးကြောင်း ဒေသခံအချို့ထံက သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် ညပိုင်းမှစပြီး တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်များက မိုးကုတ်မြို့ရှိတပ်စခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၃ ရက်၌ မိုးကုတ်မြို့နယ်အနောက် ပိုင်းတွင် ပြည်သူ့တော်လှန်ရေးအလံလွှင့်ထူခဲ့သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပုံစာ – ဇရပ်ကြီးလမ်းပိုင်းတွင် ပိတ်မိနေသည့် ကားတန်းများ။ ဓာတ်ပုံ – ZMKK