ယမင်းဖူးပွင့်အောင်
ဇူလိုင် ၄၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မည်ကိုစိုးရိမ်သဖြင့် စာသင်ကျောင်းများပိတ်ခိုင်းထားသည်ဟု ဒေသခံများထံကသိရသည်။
ယနေ့နေ့လည် ၁နာရီခန့်တွင် နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့များရှိ စာသင်ကျောင်းများ၊ အပြင်ဘော်ဒါဆောင်များနှင့် မူကြိုကျောင်းများအားလုံးကို ခေတ္တပိတ်ထားရန် TNLA တပ်ဖွဲ့ဝင်များက လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု နမ့်ခမ်းဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
“ကျောင်းပိတ်တာက နေ့လည် ၁ နာရီပေါ့။ TNLA က ရဲဘော်တွေလာပြောတာ။ သိန္နီမှာ လေကြောင်းနဲ့ ပစ်သွားတဲ့အတွက် သူတို့ထိန်းချုပ်နယ်မြေတွေက ကျောင်းတွေကို ခဏပိတ်ထားဖို့လာပြောတယ်” ဟု ၎င်းက ပြောသည်။
ယမန်နေ့ည ၁၂ နာရီခန့်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-MNDAA ထိန်းချုပ်ရာ သိန္နီမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နေအိမ် ၁၀ လုံးထက် မနည်းပျက်စီးခဲ့သည်ဟု TNLA နှင့် စစ်ရေးနီးစပ်သူတစ်ဦးထံက သိရသည်။
ထို့ကြောင့် ညီနောင်မဟာမိတ်ထိန်းချုပ်ရာနယ်မြေများကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပါက စာသင်ကြားနေသည့် ကလေးငယ်များ ထိခိုက်မှုမရှိစေရန် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့မှစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တစ်ကျော့ပြန်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ကောင်စီက အရပ်သားပြည်သူများကို လေကြောင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။
ဓာတ်ပုံ- TLEC