စကားမောင်
ဇူလိုင် ၃၊ ၂၀၂၄။
ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်နှင့် ခရီးသွားလာရန် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်ကို ပြုလုပ်သူနည်းပါးသည့်အကြောင်းပြချက်ဖြင့် ထိုင်းအစိုးရက ရပ်စဲလိုက်ခြင်းကြောင့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ပိုမိုအခက်အခဲဖြစ်သွားမည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများထံမှ သိရသည်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်။ စီအိုင်ရပြီး လူတွေကလည်း စီအိုင်သက်တမ်းကုန်သွားရင် ပြန်တိုးဖို့ ကြိုးစားဖို့ရှိသလို စီအိုင်မရသေးတဲ့သူတွေကလည်း ကြိုးစားပြီး ရုန်းကန်နေရတယ်။ ဒါမှ သူတို့အလုပ်တွေတည်မြဲဖို့အတွက် ဆိုပြီး ဦးစားပေးလုပ်ကြတာ၊ စီအိုင်မလုပ်ပေးတော့ဘူးဆိုရင် သူတို့မျှော်လင့်ချက်တွေက ပျောက်ဆုံးသွားမှာပေါ့” ဟု မြန်မာနိုင်ငံအလင်းသစ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်တွဲဖက်ဥက္ကဌ၊ ဒေါ် တင်တင်ဝေက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်မှစ၍ ဆူရတ်ဌာနီ၊ ပထုန်ဌာနီ၊ စမုစခွန် (မဟာချိုင်)၊ စမုပရာကန်၊ ချွန်ဘူရီ၊ ချင်းမိုင် စသည့်မြို့နယ်များတွင် စီအိုင်ထုတ်ပေးရေးရုံးများကို ရပ်စဲသွားမည်ဟု ထိုင်း၊ အလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် သက်သေခံစာရွက်စာတမ်းများ ထုတ်ပေးခဲ့သည့် လုပ်ငန်းစဉ်မှာ နှစ်ကာလကြာလုပ်ဆောင်ပေးခဲ့ပြီးဖြစ်၍ လက်ရှိတွင် စီအိုင်လာရောက်ပြုလုပ်သူနည်းပါးလာသည့်အတွက် ရပ်စဲရသည် ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
သို့သော် စီအိုင်စာအုပ်ပြုလုပ်ရန်အတွက် ရွှေ့ပြောင်းအလုပ်သမားများသည် လုပ်ငန်းစဥ်အဆင့်ဆင့်ကို နှစ်ချီစောင့်ဆိုင်းနေကြသူအများအပြားရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်သူများက ပြောသည်။
“စီအိုင်လာလုပ်တဲ့သူက နည်းချင်လို့နည်းတာမဟုတ်ဘူး။ လူတွေကဒီစီအိုင်ကို ရော့.. အင့် လုပ်ပေးဆိုလို့မရဘူးလေ။ (ငွေကြေး) အကုန်အကျရှိတယ်လေ” ဟု မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ- JACBA အဖွဲ့ ဥက္ကဌ ဦးမိုးကြိုးက ပြောသည်။
ထိုင်းနိုင်ငံတွင် ပန်းရောင်ကတ် (တရားဝင်နေထိုင်ခွင့်) မှ စီအိုင်ပြုလုပ်ရာတွင် သူဌေးအာမခံချက်ရှိသည့် အလုပ်သမားများသည် ဘတ် ၁၆,၀၀၀ အထိကုန်ကျလျက်ရှိပြီး သူဌေးအာမခံချက်မရှိသည့် အလုပ်သမားများသည် ဘတ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ဝန်း ကျပ်အထိ ကုန်ကျလျက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။
မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကလည်း စီအိုင်စာအုပ်မရှိသည့်အတွက် စက်ရုံဝင်းတစ်ခုအတွင်းမှာသာနေထိုင်ပြီး အလုပ်လုပ်နေရသည်ဟု ပြောသည်။
“ပထမစက်ရုံကသူဌေးက စာအုပ်လုပ်ဖို့ပြောခဲ့ပေမယ့် ကျွန်တော်တို့ရတဲ့လစာအနေနဲ့ အဆင်မပြေဘူး။ စာအုပ်သာလုပ်ဖြစ်ခဲ့မယ်ဆိုရင်လည်း ကျွန်တော့်ကိုမှီခိုနေတဲ့ ကျွန်တော့်မိသားစုကို မထောက်ပံပေးနိုင်ရင် ကျွန်တော့်မိသားစုပို ပြီးခက်ခဲသွားလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
ထိုင်းနိုင်ငံတွင် ၂၀၁၃ ခုနှစ်မှစတင်ကာ ထိုင်းနိုင်ငံရောက် မြန်မာများ၌ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမရှိသူများ အတွက် နှစ်နိုင်ငံညှိနှိုင်းကာ ကြားခံယာယီပတ်စ်ပို့ စီအိုင်စာအုပ် ထုတ်ပေးခြင်းဖြစ်သည်။