ထွယ်
ဇူလိုင် ၃၊ ၂၀၂၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဥရုချောင်းရေကြီးရေလျှံမှုတွေဖြစ်ပေါ်ပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် အသက်ကယ်လှေများနှင့် အသက်ကယ်အင်္ကျီများ လိုအပ်လျက်ရှိနေသည်ဟု ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ ဝင်များက ပြောသည်။
“လက်လှမ်းမီသလောက် ရံပုံငွေမရှိဘူး။ စပိဘုတ် (Speed Boat) တွေ ဝယ်ဖို့ပေါ့နော်။ ဒီဘက်မှာ များသောအားဖြင့် ပရဟိတသမားတွေမှာ လက်လှော်တဲ့လှေပဲရှိတာ။ တကယ်လို့ ကန်က ဆည်ကျိုးသလိုကျိုးမယ်ဆိုရင် ရေစီးသန်လာ ရင် အဲ့လက်လှော်တဲ့လှေတွေနဲ့ လူကယ်လို့မရဘူး” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် ၁ ရက်က ဆန်ခါကျေးရွာအနောက်ဘက်ရှိ ကျောက်စိမ်းတူဖော်ရေးကုမ္မဏီတစ်ခုဖြစ်သည့် တောက်ပကြယ်လုပ်ကွက်မှ ကန်ပေါက်ကျခဲ့သဖြင့် ဆန်ခါကျေးရွာကိုဆက်သွယ်ထားသည့် တံတားနှစ်စင်းကျိုးကျခဲပြီး နေအိမ် အလုံး ၂၀ ခန့် မျှောပါသွားခဲ့သည်။
ယင်းဖြစ်စဉ် စပိဘုတ် (Speed Boat) များမရှိသဖြင့် လက်လှော်လှေများဖြင့် သွားရောက် ကူညီရန်ခက်ခဲတာကြောင့် အကူအညီတွေ မပေးနိုင်ခဲ့ဘူးလို့ ၎င်းက ဆိုသည်။
“သူများကယ်ဖို့အရေး ကိုယ့်ကိုယ်ကို အရင် ကယ်တင်ရမယ့်အနေအထားတွေဖြစ်နေတာ” ဟု ၎င်းက ပြောသည်။
ယခုအခါ လုံးခင်းကျေးရွာအုပ်စုရှိ ဆိုင်းရာရွာသစ်ရှိ ၁၁၁ ကျောက်စိမ်းလုပ်ကွက်တွင် ရေကြီးရေလျှံမှုဖြစ်ကာ ကန်ပေါက်ကျနိုင်သည့် အခြေအနေဖြစ်နေသည်ဟု ဒေသခံများနှင့် ပရဟိတအဖွဲ့များက ပြောသည်။
လတ်တလောတွင် ကျေးရွာအတွင်း ရေကျသွားသော်လည်း အဆိုပါ ကျောက်စိမ်းလုပ်ကွက်တွင် ရေလျှံမည်အလားအလာများရှိနေခြင်းကြောင့် နေအိမ်ပြန်ရမည်ကို စိုးရိမ်လျက်ရှိသည်ဟု ဆိုင်းရာရွာသစ်ဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကို ဖုန်းက တစ်ဆင့် ပြောသည်။
“စိုးရိမ်စရာတော့ အများကြီးရှိနေသေးတယ်။ ကုမ္ပဏီတွေ တူးစားလိုက်လို့ ရေကန်ဖြစ်နေတာတွေက လမ်းနဲ့ အတူတူ ကို ဖြစ်နေတာ။ အဲ့ကန်ပေါက်ထွက်လာရင် တစ်ရွာလုံးအတွက် လုံခြုံမှုမရှိဘူးလို့မြင်တယ် အဲဒါကြောင့် ကျွန်မတို့က အိမ်မပြန်ရဲဘူး” ဟု ၎င်းက ပြောသည်။
ယခုအခါတွင် ဆန်ခါကျေးရွာဒေသခံများနှင့် ဆိုင်းရာရွာသစ်ဒေသခံများမှာ စာသင်ကျောင်းနှင့် ဘုရားကျောင်းတွင် လူဦးရေ ၈၀၀ ခန့် ရေဘေးတိမ်းရှောင်လျက်ရှိသည်ဟု သိရသည်။
စာသား- ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု အောင်ရာကျေးရွာနှင့် ဆိုင်းရာရွာသစ် ကျေးရွာအကြားက မြင်တွေ့ရသည့် ချောင်းရေကြီးမှုမြင်ကွင်း။ ဓာတ်ပုံ- ပေးပို့