ယမင်းဖူးပွင့်အောင်
ဇူလိုင် ၄၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA တို့တိုက်ပွဲပြင်းထန်နေပြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ၅ ဦးထိခိုက်သေဆုံးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
“စစ်တပ်ကပစ်တဲ့ဟာပဲ ကျွန်တော်တို့အိမ်နားမှာကို လေးငါးလုံးရှိနေပြီ။ နှစ်ရက်ပဲရှိသေးတာကို လူသေတာလည်း တော်တော်များနေပြီ။ အခြေအနေကတော့ တော်တော်မကောင်းဘူး။ ဟိုဘက်ကတောင် မြို့ထဲဝင်မတိုက်သေးပဲ သူတို့ ပစ်တဲ့လက်နက်ကြောင့် သေတာများနေတာပေါ့” ဟု အမျိုးသားဒေသခံတစ်ဦးက ပြောသည်။
ယနေ့ နံနက်ပိုင်းတွင် လားရှို့မြို့၊ ရပ်ကွက် (၉) ရှိ နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ရပ်ကွက် (၁၁) ရှိ အုတ်ကွင်းကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ရာ အမျိုးသားသုံးဦးထပ်မံ သေဆုံးခဲ့သည်။
သံလွင်ခက်မှ လားရှိုးမြို့ဒေသခံတစ်ချို့ကို ဆက်သွယ်မေးမြန်းချိန်တွင် မြို့ထဲတွင် လက်နက်ကြီးများပစ်ခတ်လျက်ရှိပြီး နေအိမ်အနီးသို့ ကျရောက်ပေါက်ကွဲမှုကြောင့် တခြားကျည်လွတ်ရာ ရပ်ကွက်များကို တိမ်းရှောင်နေရသည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။
ယမန်နေ့ကလည်း စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် မိသားစု ၆ဦး သေဆုံးခဲ့ရသလို နောက်ထပ်ပြည်သူ ၂ ဦးလည်း သေဆုံးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ- လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သည့် ရပ်ကွက်(၉)ရှိ နေအိမ်။