မီးလောင်ပြင်ကြားက ပြန်ရုန်းမထနိုင်သေးတဲ့ ဓမ္မသ
**********”
(သတင်းဆောင်းပါး)
သဇင်
၂၆၊ ၆၊ ၂၀၂၄။
ဒေါ်ရီမွန် ရပ်နေတဲ့ ဒီနေရာလေးမှာ လွန်ခဲ့တဲ့ သုံးလတုန်းက အုတ်ဖိနပ်၊ ပျဉ်ထောင်အကာ၊ သွပ်မိုးနဲ့ သပ်သပ်ခပ်ခပ် ဆောက်လုပ်ထားတဲ့ အိမ်လေးတစ်လုံး ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ မီးလောင်ပြာကျခဲ့လို့ အမှိုက်ပုံအတိပဲ ကျန်ပါတော့တယ်။
ဒီအပျက်အစီးတွေထဲက သစ်တို၊ သစ်စ ကောင်းနိုးရာရာတွေကို သူက ရှာဖွေရင်း အသုံးဝင်နိုင်မယ့် ပစ္စည်းတွေကို တစ်နေရာ၊ အသုံးမဝင်တဲ့ ပစ္စည်းတွေကို တစ်နေရာ စုပြုံထားရင်း သန့်ရှင်းရေးလုပ်နေတာပါ။ သန့်ရှင်းရေးလုပ်ပြီးရင်တော့ မြေးအဖွားနှစ်ယောက်နေထိုင်ဖို့ ၁၀ ပေပတ်လည် တဲအိမ်ကလေး ပြန်ဆောက်ဖို့ဖြစ်ပါတယ်။
ဒီအတွက် ဝါးလုံးနဲ့ အမိုးအကာအတွက် အင်ဖက်တွေကလည်း ဈေးတွေထိုးတက်နေလို့ ဒေါ်ရီမွန်တစ်ယောက် များများစားစား မဝယ်နိုင်သေးပါဘူး။
တိုက်ပွဲကာလအတွင်း စစ်အင်အားအလွန်အကျွံသုံးလေ့ရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပြင် လက်နက်ကြီး၊ ရေတပ်က အမြှောက်ဒဏ်တွေကြောင့် ဒေါ်ရီမွန်တို့ရဲ့ ဓမ္မသကျေးရွာက နေအိမ်ပေါင်း ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ၆၀ ကျော် ပျက်စီးခဲ့ရပါတယ်။
အဲဒီအိမ်တွေဟာ သုံးလကြာတဲ့အထိ ပြန်မဆောက်နိုင်သေးဘဲ ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက်လည်း ကူညီပေးနေသူတွေအတွက် စိန်ခေါ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
အသက် ၅၆ နှစ်ရွယ်ရှိပြီဖြစ်တဲ့ ဒေါ် ရီမွန်အတွက်တော့ ဒီတဲအိမ်လေးဖြစ်ဖို့တောင် ကူညီမယ့်သူတွေ လိုနေသေးတာကြောင့် အလုပ်မစဖြစ်သေးပါဘူး။
“သူများတွေတော့ ဆောက်ပြီး ကုန်ပြီ။ သူများက သူတို့ ကလေးတွေရော၊ ယောက်ျားတွေရောရှိတော့ ပြီးတာပေါ့။ ကျွန်မက အစောကြီး ပြင်ဆင်ထားပေမယ့် လူလိုက်ငှားနေတယ် မရသေးဘူး၊ အခုလက်ရှိ မြေကွက်မှာပဲ ရှိနေသေးတယ်” လို့ သူက ငြီးတွားပါတယ်။
ဒေါ်ရီမွန်ဟာ မွန်ပြည်နယ်၊ ဓမ္မသကျေးရွာက ဒေသခံတစ်ဦးပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က သူ့အမျိုးသားဆုံးပါးသွားခဲ့သလို သူ့သားသမီးတွေက နိုင်ငံခြားမှာအလုပ်ထွက်လုပ်နေတာကြောင့် ၈ နှစ်ရွယ် မြေးလေးနဲ့အတူ နှစ်ယောက်တည်း ဒီရွာမှာ နေထိုင်နေတာပါ။
ဂျိုင်းမြစ်ကမ်းပါးမှာ မေးတင်ထားတဲ့ သူတို့ ရွာမှာ အိမ်ထောင်စု ၁,၀၀၀ ဝန်းကျင်ရှိပြီး လူဦးရေ ၆,၀၀၀ ကျော် နေထိုင်ကြပါတယ်။ အများစုက လယ်ယာလုပ်ငန်း လုပ်ကိုင်ကြပါတယ်။
ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းတုန်းက တော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ မွန်-ကရင်အစပ်မှာ ရှိတဲ့ ဂျိုင်းမြစ်ဝှမ်းတလျှောက်က ဓမ္မသကျေးရွာအပါအဝင် တခြားကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံသောင်းချီဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာပါ။
ဂျိုင်းမြစ်ဝှမ်းဒေသမှာ စစ်ဘေးရှောင် ၁၅,၀၀၀ ကျော်အထိရှိလာခဲ့ပြီး အခုအချိန်ထိ စစ်ရေးမငြိမ်သက်သေးတာကြောင့် နေရပ်မပြန်နိုင်ကြသေးပါဘူး။
လတ်တလောမှာ စစ်ကောင်စီတပ်သားတွေက ရွာထဲရှိ ဘုန်းကြီးကျောင်းတွေထဲမှာ တပ်စွဲထားတာကြောင့် ဒေသခံတွေ နေရပ်ပြန်ရေးအတွက် စိုးရိမ်မကင်းဖြစ်နေကြသလို ပြန်လည်ထူထောင်ရေးလုပ်ဖို့အတွက်လည်း အကူအညီတွေလည်း လိုအပ်နေတာပါ။
“နေအိမ် ၃၀၀ ကျော်တောင် ပျက်စီးဆုံးရှုံးသွားတယ်ဆိုတော့ ပြန်လည်ထူထောင်ဖို့က တကယ်လို့ ပြည်ပအဖွဲ့အစည်းမရှိဘူးဆိုရင် အများကြီး ခက်ခဲနိုင်တယ်။ ပြန်လည်ထူထောင်ဖို့နဲ့ စားဝတ်နေရေးအတွက်ရော မိုးတွင်းပိုင်းလည်းဖြစ်တာရော အရမ်းဒုက္ခရောက်တယ်” လို့ ဓမ္မသလူငယ်ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကတော့ ဓမ္မသကျေးရွာဒေသခံတွေ အမိုးအကာနဲ့ လုံလုံခြုံခြုံ ပြန်နေထိုင်နိုင်ဖို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အမြန်ဆုံးဆောင်ရွက်ပေးသွားမယ်လို့ ပြီးခဲ့တဲ့ မေလ ၇ ရက်တုန်းက ကျင်းပခဲ့တဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးမှာ ပြောဆိုသွားပါတယ်။
မွန်ပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သူကလည်း စစ်ကောင်စီခန့်၊ မွန်ဝန်ကြီးချုပ်ဟာ ဓမ္မသရွာ ပြန်လည်ထူထောင်ရေးအတွက် ကွင်းဆင်းတာမျိုး ရှိခဲ့ပေမယ့် ရိက္ခာခြောက် အနည်းငယ်ကိုသာ ထောက်ပံ့ခဲ့တယ်လို့ ဝေဖန်ထားပါတယ်။
မိုးဦးကျ ဒုက္ခလှလှ
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ဟာ မိုးတွင်းကာလ မိုးအဆက်မပြတ်ရွာသွန်းတာတွေရှိလို့ ရေကြီးတဲ့ဒဏ်ကို နှစ်စဉ်ခံရလေ့ရှိပါတယ်။ အခုနှစ်မိုးရာသီဟာ စစ်ဘေးရှောင်နေရတဲ့ ဓမ္မသဒေသခံတွေအတွက် ပိုပြီးခက်ခဲစေပါတယ်။
ဒေါ်ရီမွန်အတွက်လည်း သူရဲ့ မြေကွက်လပ်မှာ အလှူအတန်းက ရတဲ့ ငွေကြေးနဲ့ ဝယ်ထူထားတဲ့ ဝါးလုံးတစ်ချို့နဲ့ အင်ဖက်တွေ မိုးရေစိုသွားလို့ နောက်ထပ် အသစ်ဝယ်ယူရမယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။
“ဖက်တွေက မမိုးရသေးခင် ရေထိရင် မကောင်းဘူးလေ။ မိုးထိထားတော့ အသိတွေ ပြောတာ မိုးရခက်မယ်တဲ့။ အဲဒီတော့ ဘယ်လို လုပ်မလဲ ပိုက်ဆံကမနည်း ကုန်နေပြီ” လို့ သူက ငြီးတွားပါတယ်။
ဝါးတဲလေးဆောက်ဖို့ လက်သမားခတစ်ရက်ကို ကျပ်သုံးသောင်းခွဲ ကျသင့်ပါတယ်။ လက်သမားတွေဟာ တခြားရွာက လူတွေဖြစ်လို့ သူတို့ကို ခေါ်ယူတဲ့အခါ လမ်းစရိတ်၊ ထမင်းဖိုးရယ်ပါ ထပ်ကုန်ကျရတယ်လို့ သိရပါတယ်။ ဒါတောင် လာကူမယ့် သူက တခြား ရွာသားဖြစ်တာကြောင့် သူတို့ အသက်အန္တရာယ်လုံခြုံရေးအကြောင်းပြချက်နဲ့ မလာရဲကြတာတွေလည်း ရှိတယ်လို့ ဒေါ်ရီမွန်က ဆိုပါတယ်။
လတ်တလောမှာတော့ သူဟာ တဲအိမ်မဆောက်ရသေးတာကြောင့် နေ့ခင်းဘက်မှာ သူလုပ်နိုင်တဲ့ သန့်ရှင်းရေးတချို့သာ လုပ်နေ ပြီး ညဘက်မှာ သူ့ဆွေမျိုးနီးစပ်အိမ်တွေဆီ သွားအိပ်ပါတယ်။ တိုက်ပွဲငြိမ်သက်သွားတဲ့အခါ ဒေါ်ရီမွန်လိုပဲ နေရပ်ပြန်လာကြတဲ့သူတွေရှိသလို မပြန်လာရဲကြသေးသူတွေလည်းရှိပါတယ်။
နေရပ်မပြန်ရဲသူတွေထဲမှာ အသက် ၄၀ ကျော်အရွယ် ဓမ္မသရွာခံအမျိုးသား ဦးချမ်းမွန်လည်း အပါအဝင်ပါ။ သူ့အိမ်ကလည်း မီးလောင်သွားခဲ့ပြီး အိမ်ရှေ့ဝရံတာလေးပဲ ကျန်ခဲ့တယ်လို့ သံလွင်ခက်ကို ပြောပါတယ်။ သူ့အနေနဲ့ အဲဒီဝရံတာနားပတ်လည်ကို ကာရံပြီးနေလို့ ရပေမယ့် မိုးများရင်တော့ အဆင်ပြေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
“ရွာကို ပြန်လည်း ပြန်ချင်တယ်။ ရွာပြန်သွားရင်လည်း မီးမရှိ၊ ရေမရှိနဲ့ အဲဒါတွေ အခက်ခဲရှိလို့ မပြန်သေးတာ” လို့ သူက ပြောပါတယ်။
လက်ရှိမှာ သူဟာ မုံဒုံမြို့ပေါ်ကို တိမ်းရှောင်နေပြီး သူ့အသိတစ်ယောက်ရဲ့ သစ်သီးခြံလုပ်ငန်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေပါတယ်။
ပရဟိတတွေလည်း အခက်ကြုံ
စစ်တပ်က ဓမ္မသကျေးရွာရဲ့ အရှေ့နဲ့ အနောက်က ဘုန်းကြီးကျောင်းတွေမှာ အခိုင်အမာ တပ်စွဲထားပြီး ရွာအဝင်အထွက်တွေမှာ စစ်ဆေးရေးတင်းကြပ်ထားတာကြောင့် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးခွင့်မရ ဖြစ်နေတယ်လို့ ဒေသခံပရဟိတအဖွဲ့တွေနဲ့ မွန်စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွေက ဆိုကြပါတယ်။
“ကလေးပစ္စည်း ပံ့ပိုးတာတောင်မှ စစ်ဆေးပြီးမှ ခြိမ်းခြောက်တာတွေ ရှိနေတဲ့အတွက် ကျွန်မတို့ အခက်အခဲက လူသားချင်းစာနာဆိုပြီးတော့မှလည်း လွတ်လွတ်လပ်လပ် လုပ်ခွင့် မရနေဘူး။ ဖမ်းဆီးတားမြစ်နေတဲ့ကြားကပဲ လုပ်ဆောင်နေရတယ်” လို့ မွန်ပြည်ဖက်ဒရယ် ကောင်စီ၊ လူသားချင်းစာနာမှုနှင့်ကယ်ဆယ်ရေးဌာနက ဌာနမှူး မိသုတဂျော်က ပြောပါတယ်။
လက်ရှိမှာ ကုန်ဈေးနှုန်တွေ ကြီးမြင့်နေတာကြောင့် စစ်ရှောင်တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ စစ်ရှောင်အရေးကူညီသူတွေဆီက သိရပါတယ်။
မိသုတဂျော်ကလည်း “ပံ့ပိုးမှုဆိုရင်လည်း ဒီခေတ်၊ ဒီကာလမှာ ပိုက်ဆံ တစ်သိန်းဆိုတာက ဘာမှ မပြောပလောက်ဘူးပေါ့နော်။ ဆုံးရှုံးထားတာက သိန်းသောင်းနဲ့ ချီတဲ့ အိမ်တွေ ဖြစ်တယ်။ ကျွန်မတို့ ထောက်ပံ့နိုင်တာက တစ်သိန်း၊ နှစ်သိန်းဝန်းကျင်။ အဲဒါကြောင့် ထောက်ပံ့မှုစရိတ်၊ ပြန်လည်ထူ ထောင်ရေးစရိတ်နဲ့ လူသားဆန်စွာ ပြန်လည်နေထိုင်နိုင်ဖို့အတွက် များစွာလိုအပ်နေပါသေးတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ကလည်း ရွာအနီးဝန်းကျင်မှာ သေနတ်ပစ်ခတ်သံတွေကြားနေရတာကြောင့် ပြန်လည်ထူထောင်ရေး စတင်ဖို့ မလွယ်ကူသေးဘူးလို့ မွန်လူငယ်ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“ပြန်လည်ထူထောင်ဖို့က အစီအစဉ်တော့ ရှိတယ်။ ပရဟိတအဖွဲ့တွေ လှုပ်ရှားပြီး ထောက်ပံ့ဖို့ပေါ့။ ပြည်ပက ရွာသားတချို့လည်း အလှူငွေတွေပေးလာကြတာရှိတယ်” လို့ သူက ပြောပါတယ်။
မွန်ပြည်နယ်၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးကလည်း လက်ရှိ ဓမ္မသရွာပြန်လည်ထူထောင်ရေးအတွက် တာဝန်အရှိဆုံးသူဟာ စစ်ကောင်စီပဲလို့ ဆိုပါတယ်။
“ဒီမီးလောင်မှုဖြစ်စဉ် ဖြစ်ပွားတာလည်း စကစကြောင့် ဖြစ်ပွားတာပဲ။ အဲဒီတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်း လုပ်ခြင်း၊ မလုပ်ခြင်းသည် စကစကသာလျှင် အဓိက တာဝန်အရှိဆုံး” လို့ သူက မှတ်ချက်ပေးပါတယ်။
စစ်ကောင်စီတပ်ရဲ့ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုကြောင့် နေအိမ်တွေ မီးလောင်ပြာကျခဲ့တဲ့ ဓမ္မသကျေးရွာဟာ ဓာတ်တိုင်တချို့ ပျက်စီးခဲ့ရပြီး လျှပ်စစ်မီးပြတ်တောက်နေသလို သောက်သုံးရေလည်း ပြတ်လပ်နေပါတယ်။
နေရပ်ကိုအရဲစွန့်ပြီးပြန်လာခဲ့တဲ့ ဒေါ်ရီမွန်ကတော့ သူ့မြေးလေးနဲ့အတူ ကျောတစ်ခင်းစာနေရာ တစ်ခုရဖို့အတွက် မီးလောင်ပြင်ကြားမှာ တဲအိမ်လေးဆောက်ဖို့ကို စိတ်အားထက်သန်စွာနဲ့ အခုလို ဆိုပါတယ်။
“ပိုက်ဆံ ၅ သိန်းနဲ့ မလောက်ဘူး၊ အနည်းဆုံး ၁၀ သိန်းလို့ သူတို့ ပြောတယ်။ အေးပေါ့ .. ၁၀ သိန်းလည်း ကျွန်မ ရှာမှာပေါ့၊ နေလို့ရရင် တော်ပြီ။ ကုန်သလောက်ပေါ့”