မိုးကုတ်အနောက်ပိုင်းနေရာအချို့ကို TNLA ကသိမ်းပိုက်ထားပြီး စစ်ကောင်စီက လေကြောင်းဖြင့် ပြန်လည်ခုခံ
*****
ယမင်းဖူးပွင့်အောင်
ဇွန် ၂၇၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးကုတ်မြို့နယ် မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်နီးတွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကြား ယနေ့တွင် ထိတွေ့တိုက်ပွဲပြင်းထန်နေသည်ဟု ဒေသခံများထံက သိရသည်။
“အဖွဲ့တွေက ကျပ်ပြင်ဘက်ကိုဝင်နေတာ။ မိုးကုတ်မြို့ထဲတော့ သွားသွားလာလာရှိပါတယ်။ မိုးကုတ်မြို့အနောက်ဘက် ခြမ်းမှာတော့ အခြေအနေမကောင်းဘူး” ဟု မိုးကုတ်မြို့ခံဒေသခံတစ်ဦးက သံလွင်ခက်ကို ပြောသည်။
ယမန့်နေ့က မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်း တို့ကို သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA ၏ ထုတ်ပြန်ခဲ့သည်။
ယင်းနောက် ယမန်နေ့ည ၈ နာရီခန့်ကလည်း မိုးကုတ်မြို့အနောက်ပိုင်း ဒေါ်နန်းကြည်တောင်နှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်ကလေကြောင်းအသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု နောက်ထပ်အမျိုးသားဒေသခံတစ်ဦးက ပြောသည်။
၎င်းက “လေယာဉ်နဲ့ကိုးပတ်လောက်လှည့်ပြီး တောင်ပတ်ပတ်လည်ကော အနောက်ပိုင်းကော ဗုံးတွေကြဲချနေတာ။ အစပိုင်းတော့ ဂျက်သံမဟုတ်တော့ ကင်းထောက်ယာဉ်ပဲထင်တာ။ အနောက်ပိုင်းဒေါ်နန်းကြည်တောင်တင်မဟုတ်ဘဲ နေရာတော်တော်များများကို ကြဲသွားတယ်။ အရှေ့ပိုင်းတောင်တန်းတွေကော ပတ်ကြဲတယ်” ဟုပြောသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူနှင့် လူနေအိမ်များထိခိုက်မှုရှိသော်လည်း သံလွင်ခက်က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်-MDY-PDF ကလည်း မိုးကုတ်မြို့နှင့် ကျောက်မဲမြို့များကို မဟာမိတ်များနှင့် လက်တွဲ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီစခန်းအများစုကို ထိန်းချုပ်သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်ဟု ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ပုံစာ – ရှေ့တန်းစစ်မြေပြင်တွင် မြင်တွေ့ရသည့် TNLA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – သံလွင်ခက်။