ကျေးရွာအတွင်း စစ်ကောင်စီတပ်များ တပ်စွဲထားသည့်အတွက် ချောင်းနှစ်ခွ ဒေသခံများ နေရပ်မပြန်နိုင်သေး
**********************
သဇင်
ဇွန် ၂၆၊၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွကျေးရွာအတွင်း စစ်ကောင်စီတပ်စွဲထားခြင်းကြောင့် ဒေသခံများ ၈ လ ကြာသည်အထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးဟု ဒေသခံများထံက သိရသည်။
“စဖြစ်တဲ့နေကတည်းက အင်္ကျီ သုံး-လေးထည်နဲ့ ကိုယ့်ကလေးတွေ ကိုယ်ချီပြီးတော့ အရေးကြီးတဲ့ စာရွက်စာတမ်း တွေပဲ ယူပြီးထွက်ပြေးလာခဲ့တာ။ အခုဆို ၈လ ပြည့်တော့မယ်။ တစ်ခေါက်မှတောင် အိမ်ကိုမပြန်ရသေးဘူး။ အိမ်တွေလည်း ဘာဖြစ်နေပြီလည်းတောင်မသိဘူး”ဟု ချောင်းနှစ်ခွဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအစောပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့အကြား ရက်ပေါင်း ၅၀ ကျော် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ချောင်းနှစ်ခွကျေးရွာကို ပြန်လည်ထိန်းချူပ်နိုင်ခဲ့ကာ ကျေးရွာအတွင်း တပ်စွဲနေထိုင်နေခြင်းဖြစ်သည်။
ယင်းစစ်ကောင်စီတပ်ကို ဒေသခံများက နေရပ်ပြန်လည်နေထိုင်ခွင့်ပြုရန် (၇) ကြိမ်ထက်မနည်း တောင်းဆိုမှုများပြုလုပ်ခဲ့သော်လည်း မိုင်းရှင်းလင်းရေးအကြောင်းပြချက်ဖြင့် ပြန်လည်နေထိုင်ခွင့်မပြုသေးကြောင်း ဒေသခံများထံမှ သိရသည်။
“အကုန်လုံးပြန်ချင်နေကြပြီ။ ဆရာတော်တွေရော၊ လူကြီးတွေရော စုပြီး သွားပြန်ပြောတယ်။ အဲ့လိုပဲ ပြန်ပြောတယ်။ အဲ့ဒါနဲ့ ပြောတဲ့သူတွေလည်း စိတ်ဓာတ်ကျပြီးတော့ ဘယ်သူမှ မလုပ်ကြတော့ဘူး”ဟု ရွာသားတစ်ဦးက ဆိုသည်။
လတ်တလောတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ချောင်းနှစ်ခွရွာ အဝင်အထွက်ဂိတ်တွင်း တပ်စွဲထားသည့်အပြင် ကျေးရွာထဲရှိ အထပ်မြင့်အိမ်များတွင် ဝင်ရောက်နေထိုင်ကာ တန်ဖိုးရှိပစ္စည်းများ၊ ဆိုင်ကယ်နှင့် ကားများကို ခိုးယူရောင်းချခြင်းများပြုလုပ်နေသည်ဟု တခြားကျေးရွာသားများမှ ၎င်းတို့ကိုအကြောင်းကြားသည်ဟု ဒေသခံများပြောပြချက်အရ သိရသည်။
ချောင်းနှစ်ခွတွင် တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစပြီး ဒေသခံများသည် နီးစပ်ရာကျေးရွာနှင့် မော်လမြိုင်၊ ကျိုက်မရော၊ မုဒုံ၊ ပေါင် စသည့် မြို့ပေါ်ဘုန်းကြီးကျောင်းများတွင် ထွက်ပြေးတိမ်းရှောင်နေကြသည်။
ချောင်းနှစ်ခွရွာသည် အိမ်ခြေ ၅၀၀ ခန့်ရှိကာ လူဦးရေ ၂,၀၀၀ ကျော်နေထိုင်ကြသည်။ တိုက်ပွဲကာလအတွင်း ဒေသခံ ၁၀ ဦး သေဆုံးခဲ့ပြီး နေအိမ်ပေါင်း ၁၀၀ နီးပါး မီးလောင်ဆုံးရှုံးခဲ့သည်ဟု ဒေသခံများထံမှသိရသည်။
ဓာတ်ပုံ – ချောင်းနှစ်ရွာ စစ်ဘေးရှောင်များနှင့် လက်နက်ကြီးဒဏ်ကြောင့် ပျက်စီးနေသည့် ချောင်းနှစ်ခွရွာ နေအိမ်မြင်ကွင်း။