အောင်ဇေယျစစ်ကြောင်းကို အပြီးတိုင်နှိမ်နင်းရန်အတွက် ခွဲထွက်ကရင်အဖွဲ့များကိုသိမ်းသွင်းရန်လို
*******
နန်းဆုပန်ခန့်
မေ ၁၄၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်ထားသည့်နေရာများအား ပြန်လည်ရယူရန်အတွက် ဒုစစ်ဦးစီးချုပ်စိုးဝင်း ကိုယ်တိုင်ကွပ်ကဲသည့် “အောင်ဇေယျစစ်ဆင်ရေး” စစ်ကြောင်းကို နှိမ်နင်းရန် ကရင် နယ်ခြားစောင့်တပ် – BGF အား အဓိကသိမ်းသွင်းရမည်ဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။
မတ်လနှင့် ဧပြီလအတွင်း မြဝတီမြို့အနီး သင်္ဃန်းညီနောင်တိုက်ပွဲနှင့် မြို့စောင့်တပ် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ တို့အား တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ်အတွင်း BGF က စစ်ကောင်စီကို လမ်းဖွင့်ပေးခြင်း၊ လူအင်အား၊ ရိက္ခာနှင့် အခြား လိုအပ်ပစ္စည်းများ စစ်ကောင်စီတပ်များထံ မပို့ဆောင်ခဲ့သောကြောင့် ၁ လကျော်အတွင်း မြဝတီမြို့ရှိ တပ်ရင်းနှင့် ဗျူဟာကုန်းများကို သိမ်းပိုက်နိုင်ခြင်းဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောဆိုကြသည်။
သို့သော် တပ်မ ၄၄ လက်အောက်ခံ ခလရ – ၂၇၅ ကို သိမ်းပိုက်ခဲ့စဥ်မှာတော့ စစ်ကောင်စီတပ်သားများ ထိုင်း – မြန်မာချစ်ကြည်ရေး အမှတ် ၂ တံတားကိုထွက်ပြေးခဲ့ရာ BGF ၏ ထောက်ပံ့မှုကြောင့် စစ်ကောင်စီတပ်သားများ လွတ်မြောက်သွားပြီး ခလရ ၂၇၅ သို့ BGF နှင့်အတူ နိုင်ငံတော်အလံကို ပြန်လည်လွှင့်တင်နေသည့် ဓာတ်ပုံများ စစ်ကောင်စီ၏ဝါဒဖြန့်ချန်နယ်တွင် ထွက်ပေါ်လာခဲ့သည်။
ယခုလက်ရှိ အင်အားဖြည့်တင်းနေသည်ဟု သတင်းထွက်ပေါ်နေသော “အောင်ဇေယျစစ်ဆင်ရေး” စစ်ကြောင်း ကို အပြီးသတ်နှိမ်နင်းရန်မှာ ကရင်နယ်ခြားစောင့်တပ် – BGF ကို အဓိကသိမ်းသွင်းနိုင်ရေးကအခရာဖြစ်သည်ဟု အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာသုံးသပ်သူ ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ ကရင့်လက်နက်ကိုင်တွေထဲမှာ BGF ကရင့်လက်နက်ကိုင်အဖွဲ့ကိုသာ ကျွန်တော်တို့ စစ်ကောင်စီဘက်ကို တစ်စုံတစ်ရာမပါလာအောင် သိမ်းသွင်းနိုင်ခဲ့မယ်ဆိုရင် မြဝတီနဲ့ ကရင်နယ်မြေက ဒီရက်ပိုင်းအတွင်းမှာ သိမ်းလို့ရနိုင်တယ်ပေါ့နော်။ စစ်ရေးကို ပုံဖော်မယ်ဆိုရင်တော့ BGF ဘက်က တိုင်းရင်းသားတော်လှန်ရေးအတွက် ကရော ကရင်နယ်မြေအတွက်ကရော စစ်ရေးအရ ကျွန်တော်တို့ဘက်ကို သိမ်းသွင်းနိုင်ရမှာဖြစ်တယ်ပေါ့နော်။ ဒီ KNU ခွဲထွက် DKBA ပဲဖြစ်ဖြစ် BGF ပဲဖြစ်ဖြစ် အရင်ကလိုမျိုးမဟုတ်ဘဲ တော်လှန်ရေးဘက်ကို အများကြီးရပ် တည်နေတာ ကျွန်တော်တို့တွေ့နေရပြီ။ ဒီအတွက်ကြောင့် ဒီသိမ်မွေ့မှုအပေါ်မှာကိုတော့ ဒီစစ်ရေးအရဖော် ဆာင်မယ်ဆိုရင် အဓိက စည်းရုံးသိမ်းသွင်းရမယ့်အက္ခရာကတော့ BGF ကိုပဲပြောရမယ်” ဟု ဆိုသည်။
အောင်ဇေယျစစ်ဆင်ရေး ၁ လ ကျော်ကာလအတွင်း စစ်ကောင်စီဘက်က တပ်သားအင်အားဖြည့်တင်းမှု ၃ ကြိမ် ထက်မနည်းရှိခဲ့ပြီး ယခုမေလ ၁၂ ရက်တွင်လည်း တပ်မပေါင်းစုံကတပ်သားများကို စစ်ကောင်စီက အင်အား ဖြည့်တင်းခဲ့သည်။
ထိုသို့ အင်အားဖြည့်တင်းမှုနေသော်လည်း အရေအတွက်အတိအကျမသိရဘဲ လူအင်အားလျော့လျှင် လျော့သလို ဖြည့်တင်းနေခြင်းဖြစ်သည်ဟု ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး ဗိုလ်ကျော်ဟိန်းက ဆိုသည်။
၎င်းက “ လူအင်အားကတော့ခန့်မှန်းရခက်တယ်။ တစ်နေ့ထက်တစ်နေ့ သူတို့က ၁၀၀ ကျရင် ၁၀၀ ပို့တဲ့ အနေ အထားဆိုတော့ အနည်းငယ်ပို့တဲ့အနေအထားလည်းရှိတယ်။ အများကြီးပို့တာတွေလည်းရှိတယ်။ သူတို့ပို့တဲ့လူက စုံတယ်။ ၅၅ တို့ ၄၄ တို့ ၇၇ တို့ အဲ့လိုမျိုးပေါ့နော် ပေါင်းစုံပေါ့။ သူတို့ပို့တာက စကခ ၁၂ ကလည်းပါတယ်။ ၉၇ ကလည်းပါတယ်ပေါ့နော်” ဟု ပြောသည်။
အောင်ဇေယျစစ်ဆင်ရေးသည် ဒုချုပ်စိုးဝင်းကိုယ်တိုင်ကွပ်ကဲနေသည့် စစ်ဆင်ရေးဖြစ်သည့်အပြင် စစ်ရေးအရ အဘက်ဘက်ကရှုံးနိမ့်နေသည့် စစ်ကောင်စီအနေဖြင့် စိတ်ဓာတ်အင်အားဆုံးရှုံးနေသည့်တပ်သားများ စိတ်ဓာတ်အင်အားပြန်လည်တက်ကြွလာရန်အတွက် ယခုစစ်ဆင်ရေးဖြင့်အနိုင်ရရှိရန် ကြိုးပမ်းနေခြင်းဖြစ်သည် ဟု CDM ဗိုလ်ကြီးထက်မြက် ကဆိုသည်။
၎င်းက “ ဒုချုပ်စိုးဝင်းကိုယ်တိုင်ကွပ်ကဲတာဖြစ်လို့ သူတို့အနေနဲ့ ဒီစစ်ဆင်ရေးကို ကျဆုံးမခံဘူးလို့ယူဆတယ်။ ရည် မှန်းချက်မအောင်မြင်ဘူးဆိုရင် မင်းအောင်လှိုင်နဲ့ စိုးဝင်းကြား အကွဲအပြဲက ပိုဆိုးသွားနိုင်တဲ့ အနေအထားဖြစ်လို့ စိုးဝင်း ကလည်းမရ,ရတဲ့နည်းကို အကုန်အသုံးပြုမှာဖြစ်တယ်။ ဒါကြောင့် အင်အားဖြည့်တင်းမှုတွေကို ဆက်တိုက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ သူတို့ရဲ့အစဥ်အဆက် စိတ်ဓာတ်ကျနေတဲ့စစ်သား တွေကို စိတ်ဓာတ်ပြန်တက်ကြွအောင် လုပ်ပေးနိုင်မယ့်စစ်ဆင်ရေးလို့ သူတို့ယူဆထားကြတယ်” ဟုဆိုသည်။
အောင်ဇေယျစစ်ကြောင်းကို အဓိကဦးဆောင်သောတပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသ အခြေ စိုက် တပ်မ ၅၅ ဖြစ်ပြီး လက်ရှိတပ်မမှူး က ဗိုလ်မှူးကြီး အောင်စိုးမင်း ဖြစ်သည်။
စစ်ကြောင်း ၃ ကြောင်းဖြင့်ချီတက်လာသည့် အောင်ဇေယျစစ်ကြောင်းတွင် ကော့ကရိတ် – မြဝတီ အာရှလမ်း၏ ဘေးနှစ်ဖက်တောင်ကြောလမ်းကချီတက်လာသောစစ်ကြောင်းသည် မြဝတီအနီးသင်္ဃန်းညီနောင်ဒေသကို ရောက်ရှိရန် ၅ မိုင်ခန့်သာလိုတော့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဘက်က ကြားဖြတ်တိုက်ခိုက်သော်လည်း စစ်ကောင်စီတပ်ဘက် က သာလွန်အင်အားဖြင့်ချီတက်လာသောကြောင့် လုံလောက်စွာဟန့်တားနိုင်သည်မျိုးမရှိခဲ့ပါ။
လက်ရှိမှာတော့ အာရှလမ်းဘေးရှိ တောနော်ရေတံခွန်ကိုကျော်လာသည့် အောင်ဇေယျစစ်ကြောင်းနှင့် ပူးပေါင်း တပ်များကြား နေ့စဉ်ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်းရှိနေသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – မြဝတီသို့ထိုးစစ်ဆင်လာသည့် အောင်ဇေယျစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ခဲ့စဥ်တွင် သိမ်းပိုက်နိုင်ခဲ့ သည့် လက်နက်ခဲယမ်းအချို့။
****
Telegram – > https://t.me/ThanLwinKhetNews/4593
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9967