![]()
သံလွင်ခက်/ဧပြီ ၁။ ပုံ – မကွေးခရိုင် အမှတ် (၃) တပ်ရင်းစစ်ရေးလှုပ်ရှားနေစဉ် (လူမှုကွန်ရက်)
မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်း တစ်ပတ်ကြာ စစ်ကြောင်းထိုးပြီး ဒေသခံနေအိမ်များနှင့် စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကော်မရှင်ဘက်မှ ၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မကွေးခရိုင် အမှတ် (၃) တပ်ရင်းထံမှ သိရသည်။
အင်အား ၂၀၀ ခန့်ပါဝင်သော အဆိုပါ စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် မတ်လ ၂၁ ရက်မှစတင်၍ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာခန့်ကို ၇ ရက်ကြာ လှည့်လည်စီးနင်းခဲ့ခြင်းဖြစ်သည်။
စစ်ကော်မရှင်စစ်ကြောင်းသည် ကျေးရွာများအတွင်း ဝင်ရောက်စီးနင်းစဉ် နေအိမ်များကို အလုံးအရင်းဖြင့် မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမှတ် (၃) တပ်ရင်းက အသိပေးထားသည်။
အဆိုပါ စစ်ကြောင်းကြောင့် ပြရွာရှိ နေအိမ် ၁၀၆ လုံးနှင့် စာသင်ကျောင်းတစ်ဆောင်၊ သလုံးရွာရှိ နေအိမ် ၂၄ လုံးနှင့် ကန်တော်ကျောင်းရွာရှိ နေအိမ် ၂၀ လုံးတို့ မီးလောင်ပျက်စီးခဲ့ရသည်။
ထို့ပြင် စစ်ကော်မရှင် စစ်ကြောင်းသည် သစ်တိုကန်၊ သရက်ကုန်း၊ အိုင်ကြီး၊ ကိုင်းထောက်ကန်၊ ထောက်ရှည်ကန်၊ ကန်ဆောင်နှင့် မကျီးစောက်ရွာများသို့လည်း ဆက်တိုက်ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။
မကွေးခရိုင် တပ်ရင်း (၃) တာဝန်ရှိသူတစ်ဦးက “စစ်ကြောင်း သွားရာတစ်လျှောက် ၇ ရက်တာလုံး ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ လိုက်ပြီးတိုက်ခိုက်ခဲ့တာပါ” ဟု သံလွင်ခက်သို့ ပြောကြားသည်။
အဆိုပါ စစ်ကြောင်းကို မကွေးခရိုင်စစ်ဌာန ကွပ်ကဲမှုအောက်ရှိ အမှတ် (၁)၊ (၂) နှင့် (၃) တပ်ရင်းများ (CRA) က ပူးပေါင်း၍ ရော့ကက်များ၊ ဒရုန်းများ၊ မိုင်းများနှင့် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လိုက်လံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်ဘက်မှ ၅ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။
စစ်ကြောင်းသွားရာလမ်းတစ်လျှောက်တွင် ဒေသခံပြည်သူ ၃၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။
“စစ်ကြောင်းတစ်လျှောက် တွေ့တဲ့သူတွေ ဖမ်းသွားတာပါ။ အစုစုပေါင်း ၃၀ ဝန်းကျင်ရှိပြီး အမျိုးသား၊ အမျိုးသမီး အစုံပါပဲ” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
ဖမ်းဆီးခံရသူများကို စစ်ကြောင်းပြန်ဆုတ်သည့် မတ်လ ၂၇ ရက်တွင် မကျီးစောက်ရွာ၌ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအနေဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး အရှိန်မြှင့်တိုက်ပွဲများကို ဆက်လက်ဖော်ဆောင်သွားမည်ဟု အသိပေးထားသည်။
လက်ရှိတွင် နေအိမ်များ မီးရှို့ဖျက်ဆီး ခံခဲ့ရသည့် ပြရွာ၊ သလုံးရွာနှင့် ကန်တော်ကျောင်းရွာရှိ လူဦးရေ သုံးထောင်ခန့်သည် နီးစပ်ရာရွာများတွင် စစ်ဘေးရှောင်နေကြရပြီး နေရပ်မပြန်နိုင်သေးကြောင်း သိရသည်။
#မကွေးခရိုင်အမှတ်(၃)တပ်ရင်း #ThanLwinKhetNews
