![]()
သံလွင်ခက်/ဧပြီ ၂။ ပုံ – မဲဆောက်အကောက်ခွန်ဌာန၊ ခေတ်မီရွေ့လျား X-Ray စနစ်ဖြင့် ကုန်စည်စစ်ဆေးရေးစခန်း ( MGR )
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကအသက်သွေးကြောဖြစ်သော မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပိုင်းကို ယနေ့ (ဧပြီ ၂ ရက်) တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သော်လည်း၊ တရားဝင်ကုန်စည်စီးဆင်းမှုအတွက် အရေးပါသည့် အမှတ် (၂) ချစ်ကြည်ရေးတံတားမှာမူ အကန့်အသတ်မရှိ ဆက်လက်ပိတ်ထားဆဲ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစတင်ကာ တိုက်ပွဲများကြောင့် နှစ်နှစ်နီးပါးကြာ ရပ်ဆိုင်းခဲ့ရသည့် အဆိုပါလမ်းပိုင်းကို ပြုပြင်ပြီးစီး၍ ယနေ့နံနက်ပိုင်းတွင် စတင်ဖြတ်သန်းခွင့် ပေးခဲ့ခြင်းဖြစ်သည်။

ပုံ – အာရှလမ်းပေါ်ရှိ ပြုပြင်ထားသော တံတားတစ်စင်းအားတွေ့ရစဉ် ( လူမှုကွန်ရက်)
ဒေသတွင်းသတင်းရင်းမြစ်များ၏ အဆိုအရ ယနေ့နံနက် ၉ နာရီခွဲအချိန်မှစတင်ကာ မြဝတီဘက်မှ ဆင်းလာသော မော်တော်ယာဉ်အချို့ ကော့ကရိတ်မြို့သို့ ရောက်ရှိလာပြီး၊ နံနက် ၁၀ နာရီခန့်တွင် ကော့ကရိတ်နှင့် ဘားအံဘက်မှ ကားများလည်း အာရှလမ်းအတိုင်း မြဝတီမြို့သို့ တက်သွားခွင့်ရနေပြီ ဖြစ်သည်။

လမ်းပိုင်းအချို့ ပြန်ပွင့်လာသော်လည်း တရားဝင်ကုန်သွယ်မှုပြုလုပ်ရာ နယ်စပ်ဂိတ်တံတားကြီးမှာ ပြန်လည်ပွင့်လာခြင်း မရှိသေးပေ။
လွန်ခဲ့သည့် ၇ လကျော်ကတည်းက မြဝတီဘက်ခြမ်းရှိ နယ်မြေမတည်ငြိမ်မှုနှင့် စစ်ကော်မရှင်၏ ဌာနဆိုင်ရာ ပြန်လည်ဖွဲ့စည်းမှုများကြောင့် ပိတ်ထားခဲ့ရသည့် အမှတ် (၂) တံတားသည် ယနေ့တွင် ပြန်ဖွင့်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။
ထို့ကြောင့် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ အမှတ် (၂) ချစ်ကြည်ရေးတံတားအနီးတွင် မြန်မာဘက်သို့ ကူးရန် စာရွက်စာတမ်းလုပ်ဆောင်ပြီး စောင့်ဆိုင်းနေသည့် ကုန်တင်ယာဉ်တန်းကြီး ရှိနေသော်လည်း တံတားမှာ အကန့်အသတ်မရှိ ဆက်လက်ပိတ်ထားဆဲ ဖြစ်သည်။

ပုံ – မြဝတီ ကုန်တင်ယာဉ်ရပ်နားစခန်းတစ်ခုကို ဧပြီ ၂ နံနက်ပိုင်း၌ တွေ့ရစဉ်
မဲဆောက်အကောက်ခွန်ဦးစီးဌာနမှူး ဦးယော့ဖွန် ဝိချယကူလ်း (Mr. Yotpon Wichayakun) က ပြီးခဲ့သည့်နှစ် ဩဂုတ်လမှစ၍ အမှတ် (၂) တံတား ပိတ်ထားခဲ့ရမှုကြောင့် နယ်စပ်ကုန်သွယ်မှုတန်ဖိုး ထက်ဝက်နီးပါး ကျဆင်းသွားကြောင်း ထိုင်းသတင်းဌာနတစ်ခုသို့ ပြောကြားထားသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေများသည် ဂိတ်ပြန်ဖွင့်ရန် ကြန့်ကြာနေရသည့် အဓိကအကြောင်းရင်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်သည်။
တရားဝင်တံတားဂိတ်များ ပိတ်ထားသည့်အတွက် ကုန်သည်များသည် နယ်စပ်ရှိ သဘာဝဆိပ်ကမ်း (လှေဂိတ်) ၂၀ ခန့်ကိုသာ အားကိုး၍ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို ခက်ခဲစွာ တင်ပို့နေရသည့် အခြေအနေဖြစ်နေသည်။

ပုံ – မြဝတီ နယ်စပ်ကုန်သွယ်ရေးစခန်းကို ဧပြီ ၂ မနက်ပိုင်း၌ တွေ့ရစဉ်
လမ်းပန်းဆက်သွယ်ရေး အချို့ပြန်ပွင့်လာသော်လည်း နယ်စပ်စစ်ရေးအခြေအနေမှာမူ လျော့ပါးသွားခြင်း မရှိပေ။ မြဝတီမြို့ ဖလူးကျေးရွာနှင့် မင်းလက်ပံကျေးရွာအနီး၌ စစ်ကော်မရှင်၏ ခြေမြန်တပ်မ (၂၂) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။
အဆိုပါ တိုက်ပွဲများသည် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်၊ မဟာဝမ်ကျေးရွာအုပ်စုရှိ မယ်ကိုကဲန်နှင့် ဟွေ့မဟာဝန်းကျေးရွာများ၏ တစ်ဖက်ကမ်းတွင် ဖြစ်ပွားနေခြင်းဖြစ်သည်။
တိုက်ပွဲအတွင်းမှ လက်နက်ကြီးကျည်အချို့ ထိုင်းဘက်ခြမ်းသို့ ကျရောက်မှုများ ရှိနေသဖြင့် ဒေသခံရွာသားများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း နယ်စပ်တစ်လျှောက် အသင့်အနေအထားဖြင့် ကင်းလှည့်စောင့်ကြပ်နေရကြောင်း သိရသည်။
