![]()
သံလွင်ခက်/ဧပြီ ၃
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၇ နှစ်အရွယ် သမီးအရင်းဖြစ်သူကို သတ်ဖြတ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးကို ချွန်ဘူရီခရိုင်၊ ကော့လန်း (Koh Larn) ကျွန်းရှိ ဟိုတယ်တစ်ခုတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ဘန်ကောက်မြို့၊ မင်းဘူရီခရိုင်၊ ရမ်းခမ်းဟဲန်း ၁၉၀ လမ်းရှိ နေအိမ်တစ်လုံးတွင် အသက် ၃၄ နှစ်အရွယ်ရှိ မမျိုးပပထွန်းသည် ၎င်း၏ ၇ နှစ်အရွယ် သမီးဖြစ်သူကို လည်ပင်းညှစ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
၎င်းက “မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါပေမဲ့ သမီးဖြစ်သူကို တစ်ယောက်တည်း မထားခဲ့ချင်လို့ အရင်သတ်ခဲ့တာ ဖြစ်ပါတယ်” ဟု စကားပြန်မှတစ်ဆင့် ဝန်ခံပြောဆိုသည်။
သို့သော် သမီးဖြစ်သူ သေဆုံးသွားချိန်တွင် မိမိကိုယ်ကိုယ် သတ်သေရန် သတ္တိမရှိတော့သဖြင့် ပတ္တရားသို့ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တရားခံမှာ အခင်းဖြစ်နေရာမှ ထွက်ပြေးသွားခဲ့သဖြင့် မင်းဘူရီ ရာဇဝတ်တရားရုံးက ဖမ်းဝရမ်း (အမှတ် ၅၇၈/၂၅၆၉) ထုတ်ပြန်ကာ ရှာဖွေခဲ့ခြင်းဖြစ်သည်။
နယ်မြေခံရဲတပ်ဖွဲ့နှင့် ပတ္တရားခရီးသွားရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ ခြေရာခံခဲ့ရာ ဧပြီလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ပတ္တရားအနီးရှိ ကော့လန်းကျွန်းပေါ်တွင် တရားခံအား ဖမ်းဆီးနိုင်ခဲ့သည်။
စစ်ဆေးမေးမြန်းမှုများအရ တရားခံသည် ဘရူနိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့ရာမှ မကြာသေးမီက မြန်မာနိုင်ငံသို့ ပြန်ရောက်ခဲ့သူဖြစ်သည်။
၎င်းတွင် လူမှုရေးနှင့် လူနေမှုဘဝ အခက်အခဲများကြောင့် ပြင်းထန်သော စိတ်ဖိစီးမှုများ ခံစားနေရကြောင်း ထွက်ဆိုထားသည်။
လက်ရှိတွင် တရားခံကို မင်းဘူရီရဲစခန်းသို့ လွှဲပြောင်းထားရှိပြီး လူသတ်မှုဖြင့် တရားစွဲဆိုကာ ဥပဒေကြောင်းအရ အရေးယူနိုင်ရန် ဆက်လက်စစ်ဆေးနေပြီ ဖြစ်သည်။
ပုံ – Khaosod
