![]()
သံလွင်ခက်/ဧပြီ ၂။ ပုံ – ဦးနူရူအာမိန်ရှာအလမ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် လူအများ စုဝေးရောက်ရှိနေကြစဉ်။(ဓာတ်ပုံ – ခရိတ်ဂ်ရပ်တဲလ်/ရိုက်တာ)
အမေရိကန် နယ်စပ်လုံခြုံရေးအေးဂျင့်များက အေးခဲလှသောညတွင် စားသောက်ဆိုင်ဝင်းအတွင်း ပစ်ထားခဲ့သည့် အမြင်အာရုံချို့ယွင်းနေသူ ရိုဟင်ဂျာဒုက္ခသည် ဦးနူရူအာမိန်ရှာအလမ်၏ သေဆုံးမှုမှာ “လူသတ်မှု” (Homicide) မြောက်ကြောင်း ဆေးစစ်ချက်ထွက်ပေါ်လာပြီးနောက် နယူးယောက်ပြည်နယ် အာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများကို အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်သည်။
မြန်မာနိုင်ငံမှ လူမျိုးတုံးသတ်ဖြတ်မှုဘေးကို ထွက်ပြေးလာသူတစ်ဦးအား တာဝန်ရှိသူများက အကာအကွယ်မပေးဘဲ လစ်ဟင်းခဲ့သည့်အပေါ် အစိုးရရှေ့နေများနှင့် လွှတ်တော်အမတ်များက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်နေကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က နယူးယောက်ပြည်နယ်မြောက်ပိုင်း၊ ဘတ်ဖလို (Buffalo) မြို့၌ အသက် ၅၆ နှစ်အရွယ် ဦးနူရူအာမိန်ရှာအလမ် (Nurul Amin Shah Alam) ကို လမ်းပေါ်တွင် သေဆုံးလျက် တွေ့ရှိခဲ့ရသည်။
၎င်းသည် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်ရန် ကြိုးပမ်းနေသည့် အမေရိကန်အစိုးရ၏ တင်းကျပ်သော ကိုင်တွယ်မှုများကြားတွင် သေဆုံးခဲ့ရခြင်းဖြစ်သောကြောင့် လူထု၏ ဒေါသတကြီး ဆန့်ကျင်ကန့်ကွက်မှုများ ထွက်ပေါ်လာခဲ့သည်။
ဒေသတွင်းသတင်းဌာနများ၏ ဖော်ပြချက်အရ မျက်စိအားနည်းပြီး အင်္ဂလိပ်စကား မပြောတတ်သည့် ဦးရှာအလမ်ကို အမေရိကန် နယ်စပ်လုံခြုံရေးအေးဂျင့်များက အလွန်အေးခဲလှသော ရာသီဥတုအတွင်း စားသောက်ဆိုင်တစ်ဆိုင်၌ ထားရစ်ခဲ့ခြင်းဖြစ်သည်။
၎င်းကို ငါးရက်အကြာတွင် စားသောက်ဆိုင်နှင့် လေးမိုင် (ခြောက်ကီလိုမီတာ) ခန့်အကွာ၌ သေဆုံးလျှက်သား ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အီရီကောင်တီ (Erie County) ဆေးစစ်ဆေးရေးရုံး၏ စုံစမ်းစစ်ဆေးမှုအပြီးတွင် ဦးရှာအလမ်သည် “အလွန်အမင်း အေးခဲခြင်းနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာသည့် အူသိမ်ဦးပိုင်း အနာပေါက်ခြင်း၏ နောက်ဆက်တွဲဝေဒနာများ” ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ကောင်တီကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။
အဆိုပါ သေဆုံးမှုဖြစ်စဉ်ကို “လူသတ်မှု” (Homicide) အဖြစ် သတ်မှတ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
“သေဆုံးခြင်းဆိုင်ရာ အတည်ပြုချက်အရ ‘လူသတ်မှု’ ဆိုသည်မှာ အခြားသူတစ်ဦး၏ တမင်ရည်ရွယ်လုပ်ဆောင်မှု သို့မဟုတ် လစ်ဟင်းမှုများကြောင့် သေဆုံးရခြင်းကို ဆိုလိုသည်။
သို့သော် ဤသို့သတ်မှတ်ခြင်းသည် တစ်ဖက်လူအား ထိခိုက်နာကျင်စေလိုသော သို့မဟုတ် သေစေလိုသော ဆန္ဒရှိသည်ဟု တိုက်ရိုက်အဓိပ္ပာယ်မရပေ” ဟု ၎င်းထုတ်ပြန်ချက်တွင် ရှင်းလင်းထားသည်။
ဤစုံစမ်းစစ်ဆေးမှု ရလဒ်များနှင့်ပတ်သက်၍ သေဆုံးသူ၏ မိသားစုဝင်များကို အကြောင်းကြားပြီးဖြစ်ကြောင်း ကျန်းမာရေးဌာနက ဆိုသည်။
ဘတ်ဖလိုမြို့တော်ဝန် ရှောင်ရိုင်ယန် (Sean Ryan) ကမူ ဤဖြစ်ရပ်သည် “အလွန်စိတ်အနှောက်အယှက်ဖြစ်ဖွယ်ကောင်းပြီး လူဝင်မှုကြီးကြပ်ရေးအရာရှိများ၏ တာဝန်မဲ့မှု” ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
သို့သော် အကောက်ခွန်နှင့် နယ်စပ်လုံခြုံရေးအဖွဲ့ (CBP) က ဦးရှာအလမ်အား ပြည်နှင်ဒဏ်ပေး၍မရကြောင်း အတည်ပြုပြီးနောက် ၎င်း၏ နောက်ဆုံးနေရပ်လိပ်စာနှင့် နီးစပ်သည့် “နွေးထွေးလုံခြုံသော နေရာတစ်ခု” သို့ ကူညီပို့ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။
ထို့ပြင် ၎င်းကို ထားရစ်ခဲ့စဉ်က “ကျန်းမာရေးချို့ယွင်းမှု၊ သွားလာရေးခက်ခဲမှု သို့မဟုတ် အထူးအကူအညီလိုအပ်သည့် မသန်စွမ်းမှု လက္ခဏာ တစ်စုံတစ်ရာ မတွေ့ရှိခဲ့ရကြောင်း” ယခင်က ထုတ်ဖော်ပြောဆိုထားသည်။
ဦးရှာအလမ်သည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ဖိနှိပ်မှုများကို ခံခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အမေရိကန်သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
သို့သော် ရောက်ရှိပြီး နှစ်လအကြာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ၎င်းသည် လမ်းမှားကာ လူဖြူအမျိုးသမီးတစ်ဦး၏ အိမ်နောက်ဖေးဝင်းထဲသို့ ဝင်မိရာမှ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
မျက်စိအားနည်းပြီး အင်္ဂလိပ်စကား မပြောတတ်သော ၎င်းသည် လမ်းလျှောက်တုတ်အဖြစ် သုံးရန်ဝယ်လာသည့် ပြတင်းပေါက်လိုက်ကာတန်းကို ကိုင်ဆောင်ထားစဉ် အိမ်ပိုင်ရှင်က “လူမည်းတစ်ဦး ကျူးကျော်ဝင်ရောက်လာသည်” ဟု ရဲတပ်ဖွဲ့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။
၎င်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (Border Patrol) ထံ လွှဲပြောင်းပေးခဲ့ပြီး ထိုနေ့ည ၈ နာရီခွဲခန့်တွင် အေးခဲနေသော ကားပါကင်၌ အရာရှိများက စွန့်ပစ်ခဲ့ကြသည်။
၎င်းကို ငါးရက်အကြာတွင် ထိုနေရာနှင့် လေးမိုင်ခန့်အကွာ၌ သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အမေရိကန် ပြည်ထဲရေးလုံခြုံရေးဌာန (DHS) ကမူ ဤသေဆုံးမှုသည် နယ်စပ်လုံခြုံရေးအဖွဲ့နှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုထားပြီး ယခုဆေးစစ်ချက်မှာ ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကို နာမည်ဖျက်ရန် နိုင်ငံရေးသမားများနှင့် မီဒီယာများက လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း တုံ့ပြန်ပြောဆိုထားသည်။
သို့သော် လွှတ်တော်အမတ် တင်မ်ကနေဒီ (Tim Kennedy) ကမူ အစိုးရဌာနအနေဖြင့် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်ရန်နှင့် တာဝန်ရှိသူများကို အရေးယူရန် တောင်းဆိုထားသည်။
Ref : The Guardian
#အမေရိကန် #ရိုဟင်ဂျာဒုက္ခသည် #လူသတ်မှုမြောက် #ကျန်းမာရေးဌာနအတည်ပြု #ThanLwinKhetNews
