![]()
သံလွင်ခက်/ဧပြီ ၂
ကမ္ဘာ့စွမ်းအင်ဈေးကွက် မတည်ငြိမ်မှုများကြားမှ ထိုင်းနိုင်ငံ စွမ်းအင်ထိန်းကျောင်းမှုကော်မရှင် (ERC) သည် လာမည့် မေလမှ သြဂုတ်လအတွင်း အသုံးပြုမည့် လျှပ်စစ်ဓာတ်အားခကို တစ်ယူနစ်လျှင် ၃.၉၅ ဘတ် အဖြစ် သတ်မှတ်ရန် အတည်ပြုလိုက်ပြီ ဖြစ်သည်။
ဤနှုန်းထားသည် လက်ရှိကောက်ခံနေသော ၃.၈၈ ဘတ်ထက် အနည်းငယ် မြင့်တက်လာခြင်းဖြစ်သော်လည်း ကော်မရှင်က ချပြခဲ့သည့် ရွေးချယ်စရာ သုံးမျိုးအနက် အနိမ့်ဆုံးနှုန်းထားကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ERC ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖူးလ်ပတ် လီဆွန်ဘတ်ဖီဘွန်း၏ အဆိုအရ အမှန်တကယ် ကုန်ကျစရိတ်မှာ တစ်ယူနစ်လျှင် ၂၉.၆၆ စာတန်း(၁ ဘက်လျှင် ၁၀၀ စာတန်း) အထိ တက်လာနိုင်ခြေ ရှိသော်လည်း ပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် Clawback Funds (ပြန်လည်ရယူထားသည့် ရန်ပုံငွေ) ထဲမှ ဘတ် ၉.၄၇၂ ဘီလီယံကို ထုတ်ယူသုံးစွဲပြီး စိုက်ထုတ်ကျခံပေးသွားမည် ဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့ (EGAT) ကလည်း ပြည်သူများအပေါ် သက်ရောက်မှု သက်သာစေရန် လက်ရှိစုပုံနေသည့် အကြွေးပမာဏ ဘတ် ၃၅.၉၂၈ ဘီလီယံကို ဆက်လက်တာဝန်ယူထားပေးမည် ဖြစ်ကြောင်း သိရသည်။
မတ်လကုန်ပိုင်းက ပြုလုပ်ခဲ့သည့် လူထုသဘောထား ကောက်ယူမှုများအရ ပါဝင်သူ ၄၉ ရာခိုင်နှုန်းက ယခုနှုန်းထားသစ်ကို လက်ခံခဲ့ကြသည်။
လျှပ်စစ်ခကို လက်ရှိနှုန်းထားအတိုင်း ထိန်းထားရန် တောင်းဆိုမှုများ ရှိသော်လည်း ၎င်းမှာ နိုင်ငံတော်ဘဏ္ဍာရေးအပေါ် ဝန်ထုပ်ဝန်ပိုး ကြီးမားလွန်းသဖြင့် မဖြစ်နိုင်ကြောင်း ERC က ရှင်းပြသည်။
“တစ်နိုင်ငံလုံးက လျှပ်စစ်သုံးစွဲသူ ၂၆ သန်းအတွက် ၁ စာတန်း လျှော့ချတိုင်း ဘတ် ၇၀၆ သန်းခန့် အထောက်အပံ့ပေးဖို့ လိုအပ်ပါတယ်” ဟု ဒေါက်တာ ဖူးလ်ပတ်က ဆိုသည်။
နှုန်းထားသစ်သည် မေလမှသာ စတင်မည်ဖြစ်သော်လည်း လက်ရှိ ဧပြီလ၏ ပြင်းထန်သော အပူရှိန်ကြောင့် သုံးစွဲသူများ သတိထားရန် လိုအပ်နေသည်။
ထိုင်းနိုင်ငံ၏ လျှပ်စစ်ခကောက်ခံမှုစနစ်သည် Progressive Tariff (သုံးစွဲမှုများလေ နှုန်းထားမြင့်လေ) စနစ်ဖြစ်သောကြောင့် အပူဒဏ်ကြောင့် အဲကွန်းနှင့် ရေခဲသေတ္တာများ ပိုမိုသုံးစွဲပါက အိမ်ထောင်စုများ၏ လျှပ်စစ်ခမှာ ထင်မှတ်ထားသည်ထက် ပိုမိုမြင့်တက်လာနိုင်ကြောင်း သတိပေးထားသည်။
ပုံ – ERC ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဖူးလ်ပတ် လီဆွန်ဘတ်ဖီဘွန်း
Ref : The Nation
