![]()
ဝါရင့်အဆိုတော် ပတ်ထရစ် ဆီတန်းနေစဉ် ရုတ်တရက် ကွယ်လွန်
သံလွင်ခက်/မတ် ၂၆။ ဓါတ်ပုံ – အဆိုတော် ပက်ထရစ်၏ လူမှုကွန်ရက်စာမျက်နှာမှပုံ
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်တွင် ယနေ့ မတ်လ ၂၆ ရက် နံနက်ပိုင်းက ဝါရင့်အဆိုတော် ဦးတင်ထွန်း (ခ) ပတ်ထရစ်သည် ၎င်းမောင်းနှင်လာသော ကားပေါ်၌ပင် ရုတ်တရက် ကွယ်လွန်သွားခဲ့ကြောင်း မေတ္တာအလင်းလူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ မဟာစည်သာသနာ့ရိပ်သာလမ်းထိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်သည် အပူချိန်လွန်ကဲမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ပြင်းထန်သော အပူရှိန်ကြောင့် Heatstroke (အပူလျှပ်ခြင်း) ဖြစ်ကာ ဦးနှောက်သွေးကြောပြတ်ခြင်းဟု ကနဦး ယူဆရကြောင်း သိရှိရသည်။

ဓါတ်ပုံ – မေတ္တာအလင်းလူမှု့ကူညီရေးအသင်း
ကွယ်လွန်သူ အဆိုတော် ဦးတင်ထွန်း (ခ) ပတ်ထရစ်၏ ရုပ်အလောင်းအား ဗဟန်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် မေတ္တာအလင်းအဖွဲ့တို့က ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးထားသည်။
လက်ရှိတွင် မိသားစုဝင်များ သိရှိနိုင်ရန် အသိပေးနှိုးဆော်ထားပြီး ရန်ကုန်ဆေးရုံကြီးသို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
အဆိုတော် ဦးတင်ထွန်း (ခ) ပတ်ထရစ်သည် ၁၉၉၀ ပြည့်နှစ် အစောပိုင်းကာလကတည်းက ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သူဖြစ်ပြီး “ဖေဖေ”၊ “ကျေးဇူးတော်” နှင့် “အိပ်မက်မက်တယ်” စသည့် ကိုယ်ပိုင်ဟန် အသံအေးအေးဖြင့် သီဆိုထားသော တေးသီချင်းများမှာ ပရိသတ်များအကြား ထင်ရှားလူသိများခဲ့သည်။
ယခုရက်ပိုင်းအတွင်း အပူရှိန် အလွန်ပြင်းထန်နေသည့်အတွက် မိမိတို့၏ အသက်အန္တရာယ်ကို အထူးဂရုစိုက်ကြရန် လူမှုကူညီရေးအဖွဲ့များက တိုက်တွန်းနှိုးဆော်ထားသည်။

ဓါတ်ပုံ – မေတ္တာအလင်းလူမှု့ကူညီရေးအသင်း
လက်ရှိတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီရှားပါးမှုနှင့်အတူ အပူရှိန်စံချိန်တင် မြင့်တက်နေမှုကို ရင်ဆိုင်နေရပြီး ယခုဖြစ်စဉ်သည် ရန်ကုန်မြို့တွင် ဆီတန်းနေစဉ်အတွင်း အပူရှိန်ကြောင့် လူသေဆုံးမှု ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်းလည်း ဖြစ်သည်။
စစ်ကော်မရှင် အနေဖြင့် စက်သုံးဆီ လုံလောက်စွာရရှိရေးနှင့် ဈေးနှုန်းထိန်းညှိရေးတို့ကို လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် ပြည်သူများမှာ နာရီပေါင်းများစွာ နေပူထဲ၌ တန်းစီစောင့်ဆိုင်းနေရဆဲ ဖြစ်သည်။

ဓါတ်ပုံ – မေတ္တာအလင်းလူမှု့ကူညီရေးအသင်း
အထူးသဖြင့် ယခုကဲ့သို့ အပူချိန်လွန်ကဲသည့် ကာလအတွင်း ကားအတွင်း အပူအောင်းမှုနှင့် ပြင်ပအပူရှိန်ဒဏ်တို့ကြောင့် သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးအားနည်းသူများအတွက် အသက်အန္တရာယ်ရှိသည့် အခြေအနေသို့ ဆိုက်ရောက်လာခြင်း ဖြစ်သည်။
#ဝါရင့်အဆိုတော် #ပတ်ထရစ် #ဆီတန်းနေစဉ် #ကွယ်လွန် #ThanLwinKhetNews
