![]()
သံလွင်ခက်/ဧပြီ ၁။ ပုံ – အာရှလမ်းမကြီးပိတ်ထားမှုကြောင့် ခရီးသွားယာဉ်များနှင့် ကုန်စည်ယာဉ်များ တောလမ်းအချို့ကို အသုံးပြု သွားလာနေစဉ် (ပုံဟောင်း)
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အသက်သွေးကြောဖြစ်သော မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေးတံတားနှင့် ပျက်စီးမှုများကြောင့် ပိတ်ထားရသည့် ရန်ကုန်-မြဝတီ အာရှလမ်းမကြီး (AH1) ကို ဧပြီလ ၂ ရက်နေ့မှစတင်ကာ ပြန်လည်ဖွင့်လှစ်ရန် စစ်ကော်မရှင်က စီစဉ်နေကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ သြဂုတ်လမှစတင်ကာ နယ်မြေမတည်ငြိမ်မှုများကြောင့် ရှစ်လနီးပါးကြာ ပိတ်ထားခဲ့ရသည့် အဆိုပါ လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ခြင်းဖြင့် ရပ်ဆိုင်းနေသော နယ်စပ်ကုန်သွယ်ရေးကို ပြန်လည်အသက်သွင်းရန် စစ်ကော်မရှင်က ကြိုးပမ်းလာခြင်းဖြစ်သည်။
“ဒီနေ့ ကျွန်တော် ဘယ်ထိသွားလာလို့ရသလဲ သွားလာကြည့်တာ မြဝတီကနေ သင်္ကန်းညီနောင်အကျော်လေးပဲ သွားလာလို့ရပါသေးတယ် ” ဟု လမ်းပြန်ဖွင့်မည့်သတင်းနှင့်ပတ်သက်၍ မြဝတီဒေသခံတစ်ဦးက ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
ထို့ပြင် မြဝတီမြို့တွင်း၌ အခြေအနေမှာ ပုံမှန်ရှိနေသော်လည်း မြို့ပြင်သို့ ထွက်သည်နှင့် စစ်ဆေးရေးဂိတ်များစွာ ချထားကြောင်း သိရသည်။
အထူးသဖြင့် စိမ်းလဲ့မြိုင် အဝေးပြေးကားဝင်းကို ကျော်သည်နှင့် စစ်ကော်မရှင်တပ်များက ဂိတ်များစွာဖြင့် လုံခြုံရေးတင်းကျပ်ထားပြီး၊ တပ်စွဲထားရာ နေရာဝန်းကျင်များတွင် လမ်းများကို အကုန်ပိတ်ထားကြောင်း သိရသည်။
“ အရပ်သားတွေဆိုရင် အဲ့ဒီနေရာအထိ သွားလို့မရတော့ဘူး။ ဆိုင်ရာပိုင်ရာတွေကိုတော့ ဖြတ်ခွင့်ပေးတယ်။ လမ်းတစ်လျှောက်မှာလည်း တပ်တွေက လက်နက်အပြည့်အစုံ၊ ကျည်ဆန်တွေနဲ့ အသင့်ပြင်ထားတာ မြင်ခဲ့ရတယ် ” ဟု မြဝတီဒေသခံ အသက် ၂၂ အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကော်မရှင်အနေဖြင့် ယခုကဲ့သို့ နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်လာခြင်းမှာ နယ်စပ်ကုန်သွယ်ရေးမှရရှိသည့် အခွန်ဘဏ္ဍာများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နယ်ခြားစောင့်တပ် (BGF) တို့ထံ စီးဝင်နေမှုကို ထိန်းချုပ်ရန်နှင့် နိုင်ငံတော်ဘဏ္ဍာငွေအဖြစ် ၎င်းတို့၏လမ်းကြောင်းထဲသို့ ပြန်လည်သွင်းယူရန် ရည်ရွယ်ခြင်းဖြစ်သည်။
တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ မစ္စတာ ဘန်ဖော့တ် (Mr. Panpot Koekiatcharoen) က “နယ်စပ်ဂိတ်ကို ပြန်ဖွင့်မယ်ဆိုတဲ့ သတင်းကို လုပ်ငန်းရှင်တွေဆီကတစ်ဆင့် သိထားပါတယ်။ တကယ်လို့ ပြန်ဖွင့်နိုင်မယ်ဆိုရင် ကောင်းတဲ့လက္ခဏာပါ။ ပြီးခဲ့တဲ့ကာလတွေမှာ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းသွားလို့ လုပ်ငန်းရှင်တွေ အများကြီး ထိခိုက်နစ်နာခဲ့ရပါတယ်” ဟု ထိုင်းသတင်းဌာနတစ်ခုကို ပြောကြားခဲ့သည်။
သို့သော်လည်း လက်ရှိအခြေအနေအရ အာရှလမ်းမကြီးတလျှောက်ရှိ နယ်မြေများအတွင်း စစ်ရေးတင်းမာမှုများ ရှိနေဆဲဖြစ်သည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) သည် မြဝတီမြို့တွင်းနှင့် အာရှလမ်းမကြီးတစ်လျှောက် လုံခြုံရေးအတွက် စစ်သည်အင်အား ၁,၀၀၀ ကျော်ကို ဖြန့်ကြက်ချထားကြောင်း သတင်းဌာနအချို့က ဒေသတွင်းစစ်ရေးအရင်းမြစ်များကို ကိုးကား၍ ဖော်ပြထားသည်။
လက်တလောတွင် လမ်းပြန်ဖွင့်မည့် စာထွက်ထားသော်လည်း အရပ်သားများအနေဖြင့် အမှန်တကယ် သွားလာ၍ ရ၊ မရကိုမူ ဧပြီလ ၂ ရက်နေ့မှသာ အတည်ပြုနိုင်မည်ဖြစ်သည်ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို မှတ်ချက်ပေးထားသည်။
ဖွင့်လှစ်ခဲ့လျှင်ပင် နယ်မြေမတည်ငြိမ်မှုနှင့် စစ်ဆေးရေးဂိတ်များပြားမှုကြောင့် ကုန်စည်ပို့ဆောင်မည့် ယာဉ်တန်းများ ချက်ချင်းသွားရဲကြမည်မဟုတ်ကြောင်း ၎င်းက သုံးသပ်သည်။
တိုက်ပွဲကာလအတွင်း မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် အာရှလမ်းမကြီးပေါ်ရှိ တံတားများကို စစ်ကော်မရှင်က အရေးပေါ်ပြုပြင်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ယခုအခါ မော်တော်ယာဉ်များ ဖြတ်သန်းနိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ထို့အပြင် မြဝတီမြို့ရှိ ဌာနဆိုင်ရာများနှင့် ကုန်သည်ကြီးများအသင်းကိုလည်း ခေါ်ယူတွေ့ဆုံကာ ကုန်သွယ်ရေးစနစ်သစ်နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ထားကြောင်း သိရသည်။
