လဝက ကွန်ပြူတာ Lock ကျမှုကြောင့် UID ပြုလုပ်သူများ အခက်ကြုံနေရ
********
သံလွင်ခက်
မေ ၁၃၊ ၂၀၂၄။
UID – Unique Identification Number ပြုလုပ်ရာတွင် လဝက က ဖြည့်သွင်းထားသည့် ကိုယ်ရေးအချက် အလက်နှင့် မှတ်ပုံတင်ပြုလုပ်စဉ်ကဖြည့်သွင်းခဲ့သည့် အချက်အလက်မှားယွင်းမှုများကြောင့် လဝက ကွန်ပြူတာ lock ကျမှုများဖြစ်ပေါ်နေပြီး အခက်အခဲကြုံနေရသည်ဟု ပြည်သူအချို့ထံကသိရသည်။
“Passport လုပ်ဖို့ UID သွားလုပ်တာ မှတ်ပုံတင်ထဲမှာက ကိုးကွယ်တဲ့ဘာသာနဲ့ အမေနာမည်လွဲနေလို့ အချက် အလက်မှားနေတဲ့အတွက် ကွန်ပြူတာ ဆာဗာ lock ကျနေတယ်။ နေပြည်တော်ကနေ ပြင်ပေးမှရမယ်။ ၂ လ လောက်တော့ ကြာမယ်ဆိုပြီး ပြောတယ်။ ဘာလို့မှားတာလဲမေးတော့ သူတို့မသိဘူးဆိုပြီး လဝက က ဖြေ တယ်”ဟု ရန်ကုန်မြို့နေပြည်သူ ၁ ဦးက ပြောသည်။
၎င်းအနေဖြင့် ကွန်ပြူတာ lock ဖြည်နိုင်ရန်အတွက် သက်ဆိုင်ရာ လဝက ဝန်ထမ်းကို ငွေကျပ် ၆၀,၀၀၀ ပေးခဲ့ရသည်ဟုလည်း ဆိုသည်။
မှတ်ပုံတင်ပြုလုပ်စဉ်က ဖြည့်သွင်းခဲ့သည့်အချက်အလက်များကို လဝက က ၎င်းတို့ကွန်ပြူတာထဲ စာရင်းသွင်း သည့်အချိန်တွင် တိကျမှုမရှိဘဲဖြည့်သွင်းမှုများကြောင့် ယခုလို မှားယွင်းမှုများ၊ lock ကျမှုများ ဖြစ်ပေါ်ခြင်း ဖြစ်သည်ဟု လဝကနှင့်နီးစပ်သည့် သတင်းရင်းမြစ် ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ဘာလို့ lock ကျတာလဲဆိုတော့ ကိုးကွယ်တဲ့ဘာသာနေရာမှာ မှားဖြည့်ထားတာတွေ၊ လူမျိုးနေရာမှာ ဖြည့်ထားတဲ့ မွန် ၊ကရင်၊ ချင်း၊ ရခိုင် စတဲ့ အချက်အလက်တွေ မှားနေလို့ lock ကျကုန်တာ”ဟု ၎င်းကပြောသည်။
မေလ ၃ ရက်ကစပြီး UIDကတ်မပါသူများကို နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်မပြုတော့ဟု စစ်ကောင်စီကြေညာထား သည်။
ယင်းအပြင်မေလ ၁ ရက်ကစ၍ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် – Temporary Border Pass ပြုလုပ် ရာတွင်လည်း UID ကတ်ရှိမှသာ နယ်စပ်ဖြတ်ကျော်ခွင့်ပေးမည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။
ထို့ကြောင့် UID ကတ်ပြုလုပ်လိုသူများပြားနေပြီး လဝကရုံးများတွင်လည်း အကန့်အသတ်ဖြင့်သာပြုလုပ်ပေးနေ သောကြောင့် ကြန့်ကြာမှုများကြုံတွေ့နေသည်။
စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီးဌာန က နိုင်ငံတွင်းနေထိုင်သူ အသက် ၁၀ နှစ်အထက်ရှိသူများကို electronic စနစ်ဖြင့် ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်( Biometric Data) တို့ကို ကောက်ယူမှတ်ပုံတင်၍ ဂဏန်း ၁၀ လုံး ပါရှိသည့် UID ကို ထုတ်ပေးနေခြင်းဖြစ်သည်။
လတ်တလောတွင် စမတ်ကတ်ထုတ်ပေးရန် ညွှန်ကြားချက်မရသေးဘဲ A5 ဖြင့်သာ ယာယီစာရွက်များ ထုတ်ပေးနေသည်။
၎င်းစာရွက်တွင်QR Scan ပါဝင်ကာ ယင်း QR ကို Scan ဖတ်လိုက်သည်နှင့် မိမိ၏ကိုယ်ရေးအချက်အလက်များ ရှာဖွေနိုင်ရန်ပြုလုပ်ထားသည်။
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ-မြဝတီမြို့ ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနရုံးရှေ့တွင် UID ကတ်ပြုလုပ်ရန် စောင့်ဆိုင်းနေသူများ