Exile Hub က စာနယ်ဇင်း ကဏ္ဍ၏ အရေးပါမှုကို ဖော်ပြသည့် #OnlyMyVoiceLeft ကမ်ပိန်းပြုလုပ်
********************
သံလွင်ခက်
မေ ၃ ၊ ၂၀၂၄။
မီဒီယာပညာရှင်များနှင့် လူ့အခွင့်အရေးကာကွယ်သူများကို ကူညီပံ့ပိုးပေးနေသည့် အဖွဲ့အစည်းဖြစ်သော Exile Hub က စာနယ်ဇင်းကဏ္ဍ၏ အရေးပါမှုကိုဖော်ပြသည့် #OnlyMyVoiceLeft ကမ်ပိန်းကို ယနေ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကမ်ပိန်းဖော်ဆောင်ရခြင်းသည် အကြပ်အတည်းကာလအတွင်း စာနယ်ဇင်းလွတ်လပ်ခွင့်အား ကာကွယ်ခြင်း၏အရေးပါမှုကို မီးမောင်းထိုးပြရန်ဖြစ်သည်ဟု Exile Hub က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာ သိမ်းမှုဖြစ်စဉ်အပြီး နိုင်ငံအနှံ့ဆင်နွှဲခဲ့ကြသော ဆန္ဒပြပွဲများအပေါ် အာဏာသိမ်းစစ်တပ်၏ ဖြိုခွင်းမှုများကို တွေ့ကြုံမြင်တွေ့ခံစားခဲ့ရပြီး ဤမငြိမ်မသက်မှုဖြစ်စဉ်များအကြား မီဒီယာလုပ်ငန်းကဏ္ဍတွင်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပတ်သက်၍ တင်းကြပ်သော ကန့်သတ် ချက်များဖြင့် ပြင်းထန်စွာချုပ်ချယ်ခံထားခဲ့ရသည်။
သတင်းသမားများသည် ဖြစ်စဉ်မှန်အပေါ် သတင်းရေး သားခြင်းအတွက် ဆင်ဆာဖြတ်တောက်ခံရခြင်း၊ ဖမ်း ဆီးနှိပ်စက် ညှဥ်းပန်းခံရခြင်းတို့ကို ကြုံတွေ့ခဲ့ရပြီး သတင်းမီဒီယာတိုက်များ ပိတ်သိမ်းခံရသည့် အခြေအနေများကိုပါ ရင်ဆိုင်ခဲ့ရကာ ယခုအချိန်အထိ ဆက်လက်ဖြစ်ပျက်နေဆဲ ဤအခြေအနေများသည် မြန်မာနိုင်ငံအတွင်း အမှီအခိုကင်းသော သတင်းအချက်အလက်များ စီးဆင်းမှုကို အဟန့်အတားဖြစ်စေရုံသာမက သတင်းမီဒီယာသမားများ၏ အသက်အိုးအိမ်စည်းစိမ်များကိုပါ အန္တရာယ်ဖြစ်စေခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မဖြစ်မနေ လုပ်ဆောင်ရတဲ့ တာဝန်ဝတ္တရားဖြစ်တဲ့ ပြည် သူလူထုကို သတင်းပေးခြင်းဆောင်ရွက်ရာမှာ အမြဲတ စေ ပြင်းထန်တဲ့အကျိုးသက်ရောက်မှုတွေကို တွေ့ကြုံနေရတဲ့ မြန်မာ့သတင်းမီဒီယာကျွမ်းကျင်ပညာရှင်တွေရဲ့ ဘေးကင်းလုံခြုံမှုကို ဦးစားပေးဆောင်ရွက်ပေးဖို့က ကျွန်မတို့အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ သတင်းမီဒီယာတွေကို ဖိနှိပ်ဖို့အတွက် စနစ်တကျ ကြိုးပမ်းအား ထုတ်မှုတွေက မီဒီယာတွေကို လူအများရှေ့မှောက် ဒါမှမဟုတ် အွန်လိုင်းနေရာတွေကနေ ဖုံးကွယ်ဖယ်ရှားပစ်ဖို့ အတင်းအဓမ္မဆောင်ရွက်ခဲ့ကြပြီး မီဒီယာလုပ်ငန်းလုပ် ကိုင်သူတွေရဲ့ အခွင့်အလမ်းတွေ၊ ဝင်ငွေ၊ ဂုဏ်သိက္ခာနဲ့ တည်ဆောက်ထားတဲ့ အထောက်အထားတွေအားလုံး ဆုံးရှုံးခဲ့ရပါတယ်။ ဒီလိုစိန်ခေါ်မှုတွေ ရှိပေမယ့်လည်း သူတို့ရဲ့အသံတွေက စွမ်းအားအရှိဆုံးနဲ့ အခြေခံအကျဆုံး ထုတ်ဖော်ပြောဆိုချက်တွေ ဖြစ်နေတုန်းပါပဲ။ ကျွန်မတို့ရဲ့ ပန်းတိုင်ကတော့ သတင်းမီဒီယာသမားတွေရဲ့ အခြေ အနေကို မြင်သာအောင် ပြုလုပ်ပေးပြီး သူတို့ရဲ့ လိုအပ် ချက်တွေကို ထောက်ပံ့ပေးကာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းပညာလွတ်လပ်ခွင့်ကို ကိုင်စွဲမြှင့်တင်ဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သူတို့ရဲ့အလုပ်ကို ကာကွယ်ပေးနိုင်မှာဖြစ်သလို လူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းတွေနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုတွေအကြောင်းကို ပိုမိုကျယ်ပြန့်လာအောင် လုပ်ဆောင်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။” ဟု Exile Hub ၏ သုတေသနဒါရိုက်တာ Yucca Wai က ပြောသည်။
အမျိုးသမီးသတင်းသမားများအပါအဝင် လက်ရှိ ပြည်ပရောက် သတင်းသမား ၈၄ ဒဿမ ၈ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှထွက်ခွာရခြင်း၏ အဓိကအကြောင်းရင်းမှာ ဆိုးရွားလှသော လုံခြုံရေးအခြေအနေနှင့် ၎င်းတို့၏ သတင်းလုပ်ငန်းနှင့် တိုက်ရိုက်ဆက်စပ်နေသော ခြိမ်းခြောက်မှုများကြောင့် ဖြစ်သည်ဟု Exile Hub ၏ သုတေသန အစီရင်ခံစာအရ သိရသည်။
ထိုကဲ့သို့အခြေအနေများကြားတွင် မြန်မာ့မီဒီယာတွေရဲ့ လုပ်ဆောင်ပိုင်ခွင့်ကို ကာကွယ်ပေးရန် Exile Hub ၏ သုတေသနဒါရိုက်တာ Yucca Wai က ဆိုသည်။
၎င်းက “ကျွန်မတို့အနေနဲ့ မြန်မာ့မီဒီယာလောကရဲ့ အသံတွေကို မြှင့်တင်ပေးဖို့ ကြိုးပမ်းအားထုတ်နေတာကြောင့် ဆင်းရဲဒုက္ခတွေရဲ့ကြားမှာ မြန်မာ့မီဒီယာတွေရဲ့ လုပ် ဆောင်ပိုင်ခွင့်ကိုကာကွယ်ပေးဖို့ အရေးကြီးတဲ့ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ပံ့ပေးဖို့နဲ့ အတူတကွ ရပ် တည်ပေးကြဖို့ ကမ္ဘာတဝှမ်းက မီဒီယာအရေးလှုပ်ရှားနေသူ တစ်ဦးချင်းစီနဲ့ အဖွဲ့အစည်းတွေကို တောင်းဆိုလိုပါတယ် “ဟုဆိုသည်။
လက်ရှိမြန်မာနိုင်ငံတွင် သတင်းသမားနှင့် မီဒီယာလုပ် ငန်းလုပ်ကိုင်သူ ၆၂ ဦးကို ဖမ်းဆီးအကျဉ်းချထားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအရ အမြင့်ဆုံးစံချိန်တစ်ခုဖြစ်ကြောင်း နယ်စည်းမခြားသတင်းသမားများအဖွဲ့က ၂၀၂၄ ခုနှစ် ဧပြီလတွင် ထုတ်ပြန်ခဲ့သည်။
****
Telegram – > https://t.me/ThanLwinKhetNews/4510
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9735