စစ်ကောင်စီက နည်းလမ်းပေါင်းစုံနှင့် ပြည်ပထွက်ခွင့် တင်းကြပ်နေ
********
စကားမောင်
မေ ၄ ၊ ၂၀၂၄။
စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံရှိ အမျိုးသားများ ပြည်ပထွက်ခွာအလုပ်လုပ်ခွင့်ကို မေလ ၁ရက်မှ စ၍ ပိတ်ပင်လိုက်သည်ဟု ပြည်တွင်းရှိ သင်တန်းကျောင်းတစ်ခုနှင့် သတင်းရင်းမြစ်များထံမှ သိရသည်။
ယခုနှစ်ထဲတွင်စစ်ကောင်စီက နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေ၊ စမတ်ကတ်ခေါ် သီးသန့် အထောက်အထား(UID) ကတ် ပြုလုပ်ရန်နှင့် ယခုအခါ အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခြင်းကို ကန့်သတ်ပိတ်ပင်ခြင်းစသည်တို့ကို ဆက်တိုက်ပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ ပြည်ပထွက်ခွင့် ပိတ်ပင်ခြင်းမှာ ပိုမိုအချိန်ယူစီစစ်ရန်ကိစ္စရပ်များနှင့် အခြားအခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံထားခြင်းဖြစ်သည်ဟု ပြည်ပထွက်ခွာရန်အတွက် ဘာသာစကားပို့ချနေသော သင်တန်းကျောင်းအချို့က ရေးသားထားသည်။
လက်ရှိတွင် မေလ ၁ရက်နောက်ပိုင်းမှ စ၍ Demand letter(အလုပ်ခေါ်စာ)တင်သူများအား ထွက်ခွင့် ပိတ်ပင်ခြင်းဖြစ်ပြီး အလည်အပတ်ဗီဇာနှင့် ပညာသင်သွားခြင်းများကို ခွင့်ပြုထားဆဲဖြစ်သည်ဟု ပြည်ပထွက်ခွာရန် စုံစမ်းနေသည့် လူငယ်တစ်ဦးက ပြောသည်။
“လောလောဆယ် PJ နဲ့သွားဖို့ စီစဥ်ထားတဲ့သူတွေကတော့ ရုတ်ရုတ်သဲသဲဖြစ်နေတယ်။ ပွဲစားတွေအတွက်တော့ အလုပ်ပိုဖြစ်သွားတာပေါ့”ဟု ၎င်းက ပြောသည်။
အကျိုးဆောင်(ပွဲစား)များမှတဆင့် ထိုင်းနိုင်ငံသို့ တရားဝင်နည်းလမ်းဖြင့် သွားလျှင် မြန်မာငွေ ၁၃သိန်းဝန်းကျင်ခန့်မှ ၂၀ သိန်းအထိ ကျသင့်မည်ဖြစ်ပြီး တရားမဝင်နည်းလမ်းဖြင့် သွားလျှင် ငွေကျပ် သိန်း ၃၀ မှ ၄၀ ထိ ကျသင့်မည်ဟုလည်း သတင်းရင်းမြစ်များထံမှသိရသည်။
“စစ်ကောင်စီထုတ်ပြန်လိုက်တဲ့ အမျိုးသားတွေကို ပြည်ပထွက်ခွင့် သီးခြားကန့်သတ်ပိတ်လိုက်တာက သူတို့မတရားထုတ်ထားတဲ့ စစ်မှုထမ်းဥပဒေကြောင့်ပေါ့နော်။ စစ်မှုမထမ်းချင်တဲ့ လူငယ်တွေအနေနဲ့ အိမ်နီးချင်း ပြည်ပနိုင်ငံတွေကို ရွှေ့ပြောင်းထွက်ခွာသွားလာကြတဲ့အပေါ် တားမြစ်လိုက်တယ်လို့ မြင်ပါတယ်”ဟု မြန်မာနိုင်ငံ အလင်းသစ် အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် NLF – Myanmar မှ ဥက္ကဌ ဒေါ်မိုးစန္ဒာမြင့်က သံလွင်ခက်ကိုပြောသည်။
စစ်မှုထမ်းဥပဒေတွင် ၂နှစ်ခန့်တာဝန်ထမ်းဆောင်ရမည်ဖြစ်သော်လည်း အရေးပေါ်အခြေအနေဟု သက်မှတ်ပါက ၅ နှစ်အထိထမ်းဆောင်ရမည်ဖြစ်ကာ စစ်မှုထမ်းရန်ငြင်းဆန်လျှင် ထောင်ဒဏ် ၅နှစ်အထိကျခံရမည်ဟု ပါရှိသည်။
လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ မယွန်းမီက “စစ်တပ်က အစပိုင်းမှာ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီးတော့ စာရင်းကောက်တာတွေ၊ မထင်ရင် မထင်သလိုစစ်ဆေးတာတွေရှိတယ်ပေါ့လေ။ ဒါက လူငယ်တွေကို အကျယ်ချုပ်ချလိုက်သလိုပါပဲ။ နောက်တခုက စစ်မှုထမ်းတို့ စမတ်ကတ်တို့နဲ့ပတ်သက်ရင်လည်း လက်ပေးလက်ယူမှုတွေ ရှိတယ်ပေါ့။ အခုဆိုရင် ယောင်္ကျားလေးတွေကိုပဲ ပြည်ပထွက်ခွင့်ပိတ်တယ်။ နောက်ဆို ဘယ်သူမှထွက်လို့မရတာမျိုးတောင်ဖြစ်နိုင်တယ်”ဟုဆိုသည်။
စစ်အာဏာရှင်တော်လှန်နေသော အစုအဖွဲ့များအနေဖြင့် လူထုကြုံတွေ့နေရသော အခက်ခဲများကို ဖြစ်နိုင်ခြေအရှိဆုံးနည်းလမ်းများနှင့် ထိထိရောက်ရောက် အကူညီပေးရန်လိုအပ်သည်ဟုလည်း ဆက်လက်ပြောသည်။
၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ စုစုပေါင်းလူဦးရေ ၅၁သန်းကျော်ရှိပြီး လူဦးရေ၏ ၂၇ ရာခိုင်နှုန်းမှာ စစ်မှုထမ်းရမည့် အခြေအနေတွင် အကျုံးဝင်နေသည်။
ဓါတ်ပုံ- ထိုင်း-မြန်မာ မြဝတီနယ်စပ်ဖြတ်ကျော် အမှတ် ၁ တံတားဝင်ပေါက်(သံလွင်ခက်)
****
Telegram – > https://t.me/ThanLwinKhetNews/4511
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9738