မြဝတီတိုက်ပွဲအတွင်းဒဏ်ရာရရှိသူ ၄၀ ကျော်ကို နယ်စပ်ထိုင်းဆေးရုံတွင် ကုသပေးထား
****
သံလွင်ခက်
ဧပြီ ၂၃၊ ၂၀၂၄။
ထိုင်းနိုင်ငံနယ်စပ်မြဝတီမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း ဒဏ်ရာရရှိသူများကို မြန်မာနယ်စပ်အနီးရှိ ထိုင်းဆေးရုံတစ်ရုံတွင် ဆေးကုမှုပေးထားသည်ဟု သိရသည်။
ထိုင်းနိုင်ငံနယ်စပ် ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၄၀ နီးပါးကို ထိုင်းဆေးရုံတစ်ရုံတွင် ဆေးကုသမှုပေးထားသည်ဟု ထိုင်း အစိုးရတာဝန်ရှိသူများက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနီးတွင်ဖြစ်ပွားနေသော မြန်မာနိုင်ငံတွင်းတိုက်ပွဲများက ထိုင်းနိုင်ငံအထိပျံ့နှံ့ခြိမ်းခြောက်လာမည်ကို စိုးရိမ်သည့်အတွက် နယ်စပ်အခြေအနေများကိုကိုင်တွယ်ဖြေရှင်းရန် ထိုင်းဝန်ကြီးချုပ်က အဆင့်မြင့်ကော်မတီတစ် ရပ်ကို ယမန်နေ့ကဖွဲ့စည်းလိုက်ပြီး ယနေ့တွင်လည်း ထိုင်းဝန်ကြီးချုပ်ကိုယ်တိုင် မဲဆောက်မြို့ကိုလာရောက်မည် ဖြစ်သည်ဟု ဘန်ကောက်ရှိ အစိုးရတာဝန်ရှိသူများကဆိုသည်။
ထိုင်း – မြန်မာနယ်စပ်အနီးတိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၃၈ ဦးကို မဲဆောက်မြို့ရှိဆေးရုံ ၁ ရုံတွင် ဆေးကုသမှုပေးထားသည်ဟု ပြည်သူ့ကျန်းမာရေးဝန်ကြီး Cholnan Srikaew ကပြောသည်။
“သူတို့အခြေအနေအရ ကျွန်တော်တို့က ဆေးကုသပေးနေတယ်။ အများစုကတော့ ခွဲစိတ်ကုသရမယ့် အခြေအနေ မှာရှိပါတယ်”ဟု မဲဆောက်အထွေထွေရောဂါကုဆေးရုံကြီးတွင် ယမန်နေ့ကကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် ၎င်းကပြောသည်။
တာခ့်ခရိုင်တွင်းရှိမဲဆောက်မြို့သည် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးဗဟိုချက်ဖြစ်သလို မြန်မာရွှေ့ပြောင်းများ စွာနှင့် စစ်ဘေးရှောင်များစွာ ခိုလှုံနေထိုင်ရာမြို့လည်းဖြစ်သည်။
“ပြီးခဲ့တဲ့ စနေနေ့က လူနာ ၂၂ ယောက်လက်ခံခဲ့ပြီး နောက်ထပ် ၁၆ ယောက်ကတော့ တနင်္ဂနွေနေ့က ရောက်လာ ကြတယ်”
ဒဏ်ရာရရှိသဖြင့် ဆေးကုသမှုခံယူနေရသူများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက် မည်မျှရှိကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အရေအတွက် မည်မျှရှိကြောင်းကိုတော့ ကျန်းမာရေးဝန်ကြီးကဖြေဆိုခဲ့ခြင်းမရှိပါ။
“ဆေးရုံတက်နေရတဲ့သူတွေက ဘယ်သူတွေပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံတာမျိုး ကျွန်တော်တို့မလုပ်ပါဘူး” ဟု ၎င်းက ပြောသည်။
တစ်ဆက်တည်းမှာပင် ဝန်ကြီး က အဆိုပါဆေးကုသမှုခံယူနေကြသူများ သက်သာပျောက်ကင်းသွားပါက သက် ဆိုင်ရာအဖွဲ့အစည်းများထံ ပြန်လည်အပ်နှံသွားမည်ဟု ဆိုသည်။
Ref: Benar News
ဓာတ်ပုံ – ဧပြီ ၁၁ ရက်တွင် အမှတ် ၂ တံတားမှ ထိုင်းဘက်ခြမ်းသို့ Honda Fit ကားဖြင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား အချို့။ ( သံလွင်ခက် )