မြဝတီ ၂၇၅ တပ်နှင့် စိမ်းလဲ့မြိုင်ကားဝင်းနေရာကို စစ်ကောင်စီ လေယာဉ်ဗုံးကြဲ
*******************
နန်းဆုပန်ခန့်
ဧပြီ ၂၃၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးရှိ တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်း ၂၇၅ နှင့် စိမ်းလဲ့မြိုင်ကားဝင်းအတွင်းအား ယနေ့နံနက် ၆ နာရီခွဲအချိန်ခန့်တွင် စစ်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။
ပူးပေါင်းတပ်များ သိမ်းပိုက်နိုင်သည့် နေရာများကို နေစဉ်နီးပါး Y – 12 လေယာဉ်နှင့် ဂျက်ဖိုက်တာတို့ဖြင့် လာရောက်ကြဲချခဲ့သည်ဟု မြေပြင်ရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “လေယာဉ်ကတော့ နေ့တိုင်းပဲ လာတယ်။ Y – 12 တွေဆို ခေါင်းပေါ် ပတ်ဝဲနေတယ်။ ဒီနေ့ဆိုရင်လည်း လာသေးတယ်။ Y – 12 တော့မဟုတ်ဘူး။ လေယာဉ်ပဲ ဗုံးကြဲသွားတယ်။ တစ်နေ့ကဆိုရင်လည်း ၃၅၅ ထဲကို ကြဲချတယ်။ ဒီကနေတောင် တုန်တယ်” ဟု ခမရ – ၃၅၅ အနီးရှိ မြေပြင်ရဲဘော်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၇ ရက်မှ ဧပြီ ၁၁ ရက်အထိ မြဝတီမြို့အနီး သင်္ဃန်းညီနောင်ဒေသရှိ ခြေမြန်တပ်ရင်း ခမရ – ၃၅၅၊ ၃၅၆၊ ၃၅၇၊ သင်္ဃန်းညီနောင်ဗျူဟာနှင့် မြဝတီမြို့ရှိ ခြေလျင်တပ်ရင်း ခလရ – ၂၇၅ တပ်ရင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့သည်။
ဧပြီလ ၂၀ ရက်တွင် ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့သည့် မြဝတီအမှတ် ၂ တံတားအနီးရှိ ရပ်ကွက် ၅၊ ရပ်ကွက် ၄ နှင့် ခလရ ၂၇၅ အနီး ရပ်ကွက်များတွင် လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံများမှာ ဘေးလွတ်ရာနေရာများတွင် ရှောင်တိမ်းနေကြရသည်။
“လက်နက်ကြီးက ပစ်လိုက်၊ လေယာဉ်က ဗုံးကြဲလိုက်ဆိုတော့ အိမ်တွေကို ထိကုန်တယ်။ လူမထိအောင်တော့ ထွက်ပြေးနေရတာပေါ့။ ကိုယ့်အိမ်ကို ကိုယ်ပြန်ကြည့်ဖို့တောင် မပြန်ရဲသေးဘူး” ဟု ၂၇၅ တပ်အနီးတွင် နေထိုင်သော ဒေသခံတစ်ဦးဖြစ်သည့် မချမ်းမြေ့က ဆိုသည်။
မြဝတီအမှတ် ၂ တံတားအနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံ ၆၀၀၀ ကျော်မှာ ဘုန်းတော်ကြီးကျောင်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးခြံများနှင့် သောင်ရင်းမြစ်အနီးတဝိုက်ရှိ ခိုလှုံရာ နေရာများတွင် တိမ်းရှောင်နေကြရသည်။
ဓါတ်ပုံ – စစ်ကောင်စီလေယာဉ်ဗုံးကြောင့် ပျက်စီးခဲ့သော မြဝတီမြို့ရှိနေအိမ်တစ်လုံး(သံလွင်ခက်)